Wednesday, September 14, 2011
Thursday, July 28, 2011
Monday, July 25, 2011
Labels: နိုင်ငံခြားသီချင်း
Wednesday, July 20, 2011
တကယ်ပါပဲ.............ဘာလိုလိုနဲ့ နင်စိမ်းကားခဲ့တာ ၁ နှစ်ပြည့်ပြီ.....။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုရဲ့ အကြောင်းအရင်းမှန်ကို နင်ငါ့ကိုသိခွင့်မပေးခဲ့သလို နင်ရှင်းမပြပဲ အရင်စိတ်ဆိုးသွားခဲ့တယ်။ လမ်းခွဲသွားခဲ့တာလည်းနင်ပါပဲ.......စိတ်မဆိုးကြေးလို့ ပြောခဲ့ဖူးပေမဲ့ နင်ရှင်းပြရမဲ့အကြောင်းအရာတစ်ခုကို စိတ်ဆိုးမှုနဲ့ အနိုင်ပိုင်းသွားခဲ့တာလား..........? တကယ့်အကန်းတစ်ယောက်လို ဇွတ်မှိတ်ယုံကြည်ချင်နေပါသေးတယ်........။ နင်ရှင်းမပြမှန်းသိပေမဲ့လည်း နင်မရှင်းပြခဲ့တာ ဆိုပြီး တစ်ဘ၀လုံး ဆက်ယုံချင်နေသေးတယ်။ နင့်အပေါ် ကြိုးစားမုန်းကြည့်ပြီးပြီ မုန်းလို့မရနိုင်တာလည်းတကယ်သေချာသွားပြီ...... ငါ့ကို လှည့်စားခဲ့ရင်တောင် ခွင့်လွှတ်နိုင်မယ်ဆိုတဲ့ စိတ်က အလိုလိုပေါက်ဖွားလာတယ်။ ချစ်သူ နင်မသိကျိုးကျွံ ပြုလိုက်နိုင်တာ ငါ တကယ်ကို အံ့အားသင့်ရတယ်။ ငါ့ဘ၀တစ်ခုလုံးကို နင်အမှောင်ချထားခဲ့တာမဟုတ်ဘူးလို့ နင်ငြင်းခွင့်ရှိပေမဲ့ နင်နဲ့ငါ ပေါင်းမှ ဒီဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ရတာပါ..........။
ဇူလိုင် (၁၈) ငါ့မွေးနေ့ကို နင်ဆက်ပြီးမေ့နေခဲ့တယ်မဟုတ်လား........။ အရင်နှစ်ကလည်း နင်မေ့ခဲ့တယ်။ အခုလည်း နင်မေ့နေဦးမယ်ထင်ပါတယ်။ မျှော်လင့်ကြီးစွာနဲ့ နင့်ဆီက ဆုတောင်းစာလေးတစ်ကြောင်း ငါစောင့်မျှော်ခဲ့တယ် ရက်တွေလွန်သွားတာပဲ အဖတ်တင်တော့တယ်။ အရင်နှစ်တုန်းကလိုလည်း ငါ့မှာ နင့်ကို မေးခွင့်မရှိတော့ဘူး..........။
နင်လိုရာကို သွားခဲ့တယ်....... ..နင်......တကယ်ပျော်နိုင်မဲ့အရပ် ကို ရွေးချယ်ခဲ့တယ်ဆိုရင်........နင်ပျော်ပါစေ ချစ်သူ.။
ငါ့မျက်ရည်မိုးက နင့်ကို အေးချမ်းမှုပေးနိုင်မယ်ဆိုရင်....... ငါငိုပေးနိုင်ပါတယ် ရာသီမရွေးပါပဲ......နင့်အလိုကျ ဖြစ်ရစေမယ်။
Labels: တွေးမိရေးမိသမျှ
Tuesday, July 19, 2011
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား ၊
ဇာတိ နတ်မောက် ကိုးခရိုင် ၊
သိကြများ ခုတိုင် ၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား ၊
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ၊
ဇူလိုင် တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင် ၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား ။
၁၉၄၇၊ ဇူလိုင် (၁၉) တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ.....
ဗိုလ်ချုပ်အောင်ဆန်း
ဦးဘချို
မန်းဘခိုင်
ဦးဘ၀င်း
သခင်မြ
ဦးရာဇာတ်
စ၀်စံထွန်း
ဦးအုန်းမောင်
ရဲဘော်ကိုထွေးအပါအ၀င် အာဇာနည် (၉) ဦး ကျဆုံးခဲ့ကြတယ်။
လေးစားအပ်သော နိုင်ငံခေါင်းဆောင်ကြီးများအား ရိုသေစွာဖြင့် ဦးညွှတ် ဂါရ၀ပြုလိုက်ပါတယ်။
လေးစားအပ်သော နိုင်ငံခေါင်းဆောင်ကြီးများအား ရိုသေစွာဖြင့် ဦးညွှတ် ဂါရ၀ပြုလိုက်ပါတယ်။
Labels: ကဗျာ
Sunday, July 17, 2011
Monday, July 4, 2011
Sunday, July 3, 2011
Friday, July 1, 2011
နံရံတစ်ခု ပြိုကျသွားတယ်
မြင့်မိုရ်လောက် မကြီးမြတ်ပေမဲ့
ငါ..မှီတည်ခဲ့ဖူးတာ သေချာတယ်။
အလင်းတန်းတစ်ခု ကွယ်ပျောက်သွားတယ်
ဘ၀တစ်ခုလုံးကို အလင်းမပေးနိုင်တော့ပေမဲ့
ငါ့နှလုံးသားကို ထွန်းလင်းစေခဲ့ဖူးတာ သေချာတယ်။
မျှော်လင့်ချက်တစ်စုံ လွင့်ပျောက်သွားတယ်
သေချာတဲ့ဂတိတစ်ခု မပေးခဲ့ဖူးပေမဲ့
င့ါကို ယုယမှုတွေနဲ့ ထွေးပွေ့ခဲ့ဖူးတာ သေချာတယ်။
ချစ်ခြင်းတရားတွေ ဆိတ်သုန်းသွားတယ်
အမုန်းရန်ငြိုးတွေ မရှိခဲ့ကြပေမဲ့
ဥပေက္ခာနဲ့ရှေ့ဆက်ရမှာ သေချာတယ်။
ချစ်ခြင်းကို မေတ္တာအသွင်ပြောင်းပစ်ချင်တယ်
ငါ အကြိမ်ကြိမ်ကြိုးစားဖြစ်ခဲ့ပေမဲ့
ဒွိဟစိတ်နဲ့ ငါပြိုလဲခဲ့တာ သေချာတယ်။
ချောက် အိပ်မက်က ငါလန့်နိုးချင်တယ်
သူငယ်ချင်းတွေ အကြိမ်ကြိမ် လှုပ်နှိုးခဲ့ပေမဲ့
ချစ်သူ…… သူလာမနှိုးတော့တာ သေချာတယ်။
သေချာတယ်……..
သေချာခဲ့တယ်……..
သေချာနေတယ်………
ဒီသေချာခြင်းထဲမှ
အသေချာဆုံးက
ငါ့မှာ နင့်အတွက်
အမုန်းမရှိဘူး။
ရိုးရိုးရှင်းရှင်းပါပဲချစ်သူ
နင့်တစ်ယောက်ထဲကို
ငါ့အနာဂတ်ထက်
ပိုချစ်တယ်ဆိုတာ
အရာရာထက်ပိုသေချာတယ်....။
အရာရာထက်ပိုသေချာတယ်....။
Labels: ကဗျာ
Tuesday, June 21, 2011
Monday, June 20, 2011
Labels: Poem
Tuesday, May 24, 2011
ဥယျာဉ်မှာ အလှဆင်တဲ့ ပန်းပွင့်တွေ ကြွေကျရင် သူ့သခင်က ယုယစွာ နှမြောသသဖြစ်ကြမှာ...... လမင်းမရှိတဲ့ ညမှာ အလင်းဖြာပေးတဲ့ ကြယ်လေးတွေ ကြွေကျတဲ့အခါ ဘယ်သူတွေက နှမြောသသဖြစ်ကြမှာလဲ............ ? တကယ်ဆို ငါက မင်းဘ၀ လမင်းပျောက်တုန်းခဏအလင်းပေးဖူးခဲ့ပေမဲ့အခုတော့.....ကြွေလွင့်ရမဲ့ ကြယ်တစ်ပွင့်ပါပဲလား?
သဘာဝနိယာမအရ ပန်းတွေကြွေရင် မြေခတယ်၊
ဒီလိုဆို....ကြယ်တွေကြွေရင် ဘယ်စကြ၀ဠာမှာ ကျမလဲ......?
ငါ့အချစ်တွေကြွေရင်ရောဘယ်ရင်ခွင်မှာ ခ ရမလဲ...?
(ဇင်ယော်မောင်မောင် ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကားမှ ကဗျာစာသားလေးပါ
ပန်းတွေကြွေရင် မြေခတယ်။ ကြယ်တွေကြွေရင် ဘယ်သူ့ရင်ခွင်ပေါ် ကျမှာလဲ...)
ဒီ ၂ ကြောင်းကို ပြန်လည်ခံစားပြီး ရေးထားတာပါ) သူငယ်ချင်းတစ်ယောက်ရဲ့gmail custom message မှာ ဒီစာလေး ၂ ကြောင်းတင်ထားတာတွေ့လို့ ခံစားပြီး ချဲ့လိုက်မိတာပါ...။ ဇာတ်ကားကိုတော့ သံယောဇဉ်ကိုယ်တိုင် မကြည့်ဖူး မသိသေးပါ..။
အားလုံးကို လေးစားခင်မင်လျှက်
Labels: ကဗျာ
ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး ရူးရူးမူးမူး ဟစ်အော်မိတယ်၊ ပုံပြင်တစ်ပုဒ်လိုတော့ ပြဇာတ်ဆန်ခဲ့တာ အမှန်ပဲ။ နောက်ဆုံး ကြွင်းကျန်ရစ်တာက အလွမ်းရင့်ရောင် နှလုံးသွေးနဲ့ ရေးစပ်ခဲ့တဲ့ ကဗျာအပိုင်းအစတွေပေါ့...။ ညည်းသူမဲ့တဲ့ ဒီကဗျာတွေ စာလည်းမပီ ကာရံလည်းမညီတော့ဘူး...။
Labels: ကဗျာ
Monday, May 23, 2011
ဝေးကွာချိန် ဒီ (၂)နှစ်
ချစ်နေဆဲပဲ...
ငါလွမ်းရင်းနဲ့ ငိုနေဆဲလေ။
တခါတလေ...
မယုံနိုင်သလို ပြန်တွေးမိတယ်
ငါဟာ အသဲကွဲအချစ်ရှုံးသမားတဲ့လား။
အမြဲလိုလို...
အတိတ်ကို ငါပြန်တွေးမိတိုင်း
ပျော်ရွှင်ခြင်းရဲ့နောက်ကွယ်မှာ
ဝမ်းနည်းခြင်း နာကျင်ခြင်းတွေပဲ
ငါ့အတွက်ကျန်နေခဲ့ကြတယ်။
အဖြစ်မှန်ကို နောက်ပြန်ရစ်
ငါပြန်ဆန်းစစ်ကြည့်တော့
ဒီဇာတ်လမ်းတစ်ပုဒ်
အဆုံးသတ်မလှမပနဲ့
ငါတစ်ယောက်တည်း အပြစ်တဲ့လား
မင်းအပြစ်တွေကြောင့်လား
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုထိ ဆက်ချစ်နေတာကိုးက
ငါ့အပြစ်ပဲပေါ့။
အေးချမ်းရဲ့လား
မင်းဘ၀လေး
နွေးထွေးရဲ့လား
မင်းမိသားစုလေး
တွေးရင်းနဲ့ ငါ့ရင်ထဲ
တကယ်ဝမ်းနည်းမိတယ်
ကံမွဲခဲ့တဲ့ ငါ့ချစ်ခြင်းတွေအတွက်လေ။
ပျော်နေတဲ့ မင်းကိုကြည့်ရင်း
ဒေါသဆိုတာ ငါတို့တတွေကြား
ဘယ်တော့မှ မရှိခဲ့ပေမဲ့
ဝန်သိုခြင်းတွေတော့
ပါးလျလျရှိနေသေးတာပေါ့။
တခါတခါ...
ပြန်ဆုံချင်တယ် မိတ်ဆွေဟောင်းတစ်ယောက်လိုပေါ့
တခါတခါမှာတော့...
မင်းသတင်းတွေတောင် နားမထောင်ချင်ဘူး။
ငါရူးနေခဲ့တာလား?
ရူးခဲ့ရင်လည်း...
ကျန်နေခဲ့ရတဲ့
အလွမ်းနဲ့ဆူးစူးပြီး ရူးနေတဲ့သူပေါ့။
ဒါပေမဲ့...
အခုထိ တစ်နေ့မပြတ်
ဆုတောင်းပေးနေတတ်တာက
မင်းလေးကျန်းမာ စိတ်ချမ်းသာပါစေပေါ့။
ဒီတစ်ယောက်ကိုပဲ
စွဲစွဲလန်းလန်းနဲ့
သံယောဇဉ်ကို
အခြေခံပြီးမှ
ငါချစ်ခဲ့ရတာ
နှစ်တွေ ဘယ်လောက်ပဲ
ကြာပါစေတော့လေ။
ကြာပါစေတော့လေ။
ဘယ်လိုငါချစ်ခဲ့လည်း
တန်ပြန်အချစ်မဲ့စွာနဲ့
ကွာဝေးခြင်းမိုင်တွေထဲမှာ
ဝေးကွာခြင်းခြေလှမ်းတွေနဲ့
နင်ပြန်မလှည့်တမ်း လျှောက်သွားခဲ့တယ်။
ငါမမေ့နိုင်တဲ့ဒီနေ့
အမှတ်ရမှုတွေနဲ့
ခွဲခွါခဲ့ရတဲ့ ဒီရက်စွဲလေး
မေလ (၂၃) ပဲပေါ့
(၂) နှစ်ပြည့်ခဲ့ပြီ ချစ်သူရယ်
မင်းတော့ သတိမှရနိုင်ပါတော့မလား။
Labels: တွေးမိရေးမိသမျှ
ကမ္ဘာကြီးပုံမှန်လည်ပတ်နေသလို..... အချိန်နဲ့အမျှပြောင်းလဲခြင်းတွေလည်း ပြောင်းလဲဖြစ်ပျက်နေကြတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ မေလ ၂၃ ရက်နေ့မှာ ကျွန်မ ကျောင်းတက်ဖို့ သူနဲ့ကျွန်မ လူချင်း နိုင်ငံချင်း ဝေးကွာခဲ့ရတယ်.... ကျွန်မခွဲသွားမှာကို မလိုလားတဲ့အတွက် ဒီ "the day you went away" သီချင်းလေးကိုတောင် သူက နားထောင်ခွင့်ပိတ်ပင်ခဲ့ဖူးတယ်။ နိုင်ငံချင်းဝေးခဲ့ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ သူနဲ့ ဘယ်တုန်းကမှ ဝေးကွာခဲ့ခြင်းမရှိခဲ့ဖူးပါဘူး....ဒါပေမဲ့ နောက်ပိုင်းမှာတော့ တကယ်တမ်း ဝေးဖို့အခြေအနေကို သူကသာ ဆောင်ကျဉ်းခဲ့တယ်.. ပတ်ဝန်းကျင်နဲ့ သူ့အသိုင်းအ၀ိုင်းဘက်ကို အလေးသာ ဦးစားပေး သူရွေးချယ်ခဲ့လို့ ကျွန်မကိုချစ်တဲ့အချစ်ကို စွန့်လွှတ်ဖို့ သူရွေးချယ်ခဲ့တယ်။ ကျွန်မကို.... သူထားခဲ့နိုင်ပေမဲ့ ခွန်အားမဲ့စွာ သူပေးတဲ့ ၀မ်းနည်းအားငယ်ခြင်းတွေကို ဆက်ပြီး ပွေ့ဖက်ထားဆဲပါပဲ... ဒီသီချင်းလေး ကြားတိုင်း ဆိုညည်းမိတိုင်း သူပြောခဲ့ဖူးတဲ့စကားတွေ ကြားယောင်နေမိတဲ့အတွက် စွဲလန်းတတ်တဲ့ ကျွန်မအပြစ်တွေပဲပေါ့လေ........... ၂ နှစ်ဆိုတာ ပြည့်သွားခဲ့ပြန်ပြီ...။ အခြေအနေတွေပြောင်းလဲ သွားခဲ့ပေမဲ့ သူ့အပေါ်ထားရှိတဲ့ ချစ်ခြင်းနဲ့ သံယောဇဉ်ကတော့ အရင်အတိုင်းပါပဲ...နဲနဲမှ ယိုင်နဲ့မသွားပါဘူး...။ ဒီချည်နှောင်ကြိုးတွေက သူလွှတ်လိုက်တာနဲ့အမျှ ကျွန်မက ပိုပိုပြီး အရစ်ပတ်ခံနေရသလိုပါ...... သူ..ရွေးချယ်လျှောက်တဲ့လမ်းလေး.. သူရွေးချယ်တဲ့ သူ့လက်တွဲဖော်လေးနဲ့အတူ..ပျော်ရွှင်အေးချမ်းပါစေ။ သာယာရွှင်လန်းပါစေ............။ ကျွန်မကတော့ သူ ချစ်ခဲ့ဖူးတဲ့အချစ်တွေနဲ့အတူ ကျွန်မရဲ့ချစ်ခြင်းတွေနဲ့ သူထားခဲ့တဲ့အလွမ်းလမ်းလေးအတိုင်း ဆက်လျှောက်နေဆဲ.......။
Labels: သီချင်း
Tuesday, May 3, 2011

အမေ.......
ဇရာထောင်းလို့ အမေ့ရုပ်ရည်တွေ ပြောင်းကုန်တယ်
ဒါပေမဲ့လည်းဘယ်တော့မှ မဟောင်းနိုင်တာက
အမေ့ရဲ့ အေးမြတဲ့မေတ္တာတရားပါ။
အမေ့ရဲ့ အေးမြတဲ့မေတ္တာတရားပါ။
အမေ.....
ဘုရားသွားကျောင်းတက် နောင်ဘ၀အတွက် အပူနဲစေဖို့တဲ့
ဒါပေမဲ့လည်းလေ သားသမီးတွေနဲ့ ဝေး
အမေတွေးလေလေ စိတ်မအေးရရှာဘူး။
အမေ....
တုနှိုင်းစရာမဲ့တဲ့ အမေ့မေတ္တာတွေ အေးမြလွန်းတယ်
တုနှိုင်းစရာမဲ့တဲ့ အမေ့ဂရုဏာက ကြီးမားလွန်းတယ်
တုနှိုင်းစရာမဲ့တဲ့ အမေ့စေတနာတွေ အနန္တပါပဲလေ.....
အမေ.....
သမီးချစ်တဲ့အမေ
..................
အမေ့မွေးနေ့လေးမှာ........
အမေ့အတွက်ရည်စူးဆုတောင်းရင်း
အဝေးတစ်နေရာကနေ......
လက်ဆယ်ဖြာမိုး ဦးနှိမ်ချိုးလို့
ကန်တော့လိုက်ပါတယ်အမေ........။
ပြုံးရွှင်စွာ လက်ခံကျေနပ်နေမဲ့ အမေ့မျက်နှာကို
သမီးလေး မြင်ယောင်ရင်းးးးးးးးးးးးးးးး
နောင်နှစ်မွေးနေ့တွေမှာ အမေနဲ့အတူ
ပျော်ရွှင်စွာ ဘုရားသွား အလှူပြုနိုင်ဖို့လေ
အမေ့သမီးလေး..........တမ်းတမ်းတတ
ခခယယနဲ့ မြတ်ဘုရားရှေ့မှာ
ဆုတောင်းမိပါတယ်အမေ..........။
(အဝေးရောက်အမေ့သမီးလေး.... အမေ့မွေးနေ့မှာ ဘုရားအတူတူသွားခွင့်မရပေမဲ့ အဝေးတစ်နေရာကနေ အမေ့အတွက်ရည်စူး ဆုတောင်း ကန်တော့လိုက်ပါတယ်အမေ....။ အမေရွှင်လန်းအေးချမ်းပါစေ...။ )
Photo....http://www.mwaf.org.mm/Digest_mm/Poem_mm/Details.asp?id=365
Labels: ကဗျာ
Monday, May 2, 2011
Labels: ဓါတ်ပုံ၊ ရုပ်ပုံအစုံစုံ
Friday, April 29, 2011
Monday, April 25, 2011
ဘယ်အခါမှ မမေ့နိုင်တော့တဲ့ အချစ်စစ်တို့ဖူးပွင့်ကြွေလွင့်ခြင်း တပြိုက်နက်အစပျိုးခဲ့တဲ့ ဒီတန်ခူးလမှာ သူများတကာလို လွတ်လွတ်လပ်လပ် မပျော်နိုင်တော့တာ ဝေေ၀ကိုယ်တိုင်ကပဲ ကိုယ့်စိတ်ကိုယ်ပဲ ဘောင်ခတ်ထားမိလို့လား?
နွေဦးမှာ လေရူးတယ်လို့ စာဆိုရှင်တွေ တင်စားခဲ့ကြတယ်။ ဒီလိုနွေဦးမှာ လေပြေလေနုတွေ တကယ်ပဲ ရူးသလား ရိုင်းသလားဆိုတာ ဝေေ၀ လည်းအသေအချာအကဲခတ်မတတ်ပါဘူးလေ။ သေချာနေတာတစ်ခုကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ဧပရယ်လလေးထဲမှာ ဝေေ၀ တစ်ယောက် ဟောဒီလို နွေဦးကာလလေးမှာပဲ ပူလောင်စွာ ရူးသွပ်ခြင်းကို စတင်ခံစားခဲ့ရခြင်းပါ။ သွက်သွက်ခါအောင် ရူးခဲ့တာမဟုတ်ပေမဲ့ လူမသိသူမသိ ယဉ်ယဉ်လေးရူးနေရခြင်းရဲ့ဝေဒနာဒဏ်ချက်တွေကို တိုးတိုးတိတ်တိတ် ကျိတ်ပြီးရူးဖူးသူများသာ (သို့) ခံစားတတ်သူတွေသာ နားလည်နိုင်ကြမှာပါ………… ။
တန်ခူးလကို တစ်ခါရောက်လာတိုင်း ဒိုင်ယာရီအဟောင်းလေးကို ပြန်ပြီးဖတ်မိခဲ့တာ အခုဆို ၂ နှစ်မြောက်ခဲ့ပြီပေါ့။ အဖြစ်အပျက်တွေ စကားလုံးတွေအားလုံး အာရုံထဲမှာ စွဲထင်နေသေးပေမဲ့ ရက်စွဲတွေကိုပါ တိတိကျကျမှတ်မိနိုင်လောက်အောင်တော့ ဝေေ၀့ မှတ်ညာဏ်တွေ မှတ်နိုင်အားမကောင်းတော့လို့ပါ။
စိတ်ခံစားမှုရဲ့အထုအထောင်းကို တင်းခံနေရလွန်းလို့ထင်တယ် မှတ်ညာဏ်တွေ ပိုပိုချွတ်ယွင်းလာတာ ကိုယ့်ကိုယ်ကို အသိဆုံးလေ။ ကြိုးစားအားထုတ်ဖို့ဆိုတာလည်း ထွေပြားလွန်းတဲ့ အာရုံတွေကိုမှ အဝေးနှင်နိုင်တဲ့ အစွမ်းအစမရှိတာကိုး။ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ် “ညီမကြည့်ရတာ အချစ်ကိုကိုးကွယ်ပြီး ရည်မှန်းချက်ကိုတောင် မေ့ထားတာပဲ…..ရည်မှန်းချက်ကြီးတဲ့လူ ဘ၀မှာအောင်မြင်ချင်တဲ့လူဆိုရင် အချစ်ကို ဘ၀ရဲ့ အစိတ်အပိုင်းငယ်တစ်ခုလိုပဲ သဘောထားတတ်ရမယ်” တဲ့ ။ စေတနာကိုနားလည်ပေမဲ့ ဝေေ၀ ကတော့ အဲလိုလူစားမျိုးထဲမှာ ပါဝင်သူတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး။ ဘ၀မှာ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်။ ကြိုးစားအားထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဝေေ၀ ဒါတွေ မစဉ်းစားမိတော့ ၂ နှစ် ဆိုတဲ့ ကာလအတိုင်းအတာတစ်ခု ပြည့်ရောပေါ့။
အချစ်ကို ကိုးကွယ်မိလို့ အချစ်နွံထဲ နစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် “ ချစ်နိုင်သူကြီး၊ အာဂအချစ်သမား” ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေတာလည်းမဟုတ်ပါ။ အစ်ကို့ကို ချစ်မိပြီးမှ ပြန်လည် စွန့်လွှတ်လိုက်ရတဲ့နောက်မှာ အဖက်ဖက်က စိတ်ဓါတ်အင်အားတွေပါ အားလုံးနီးပါး ပြိုလဲပျက်စီးသွားကြတာလား။ ဒါမှမဟုတ် ဝေေ၀ကိုယ်တိုင်ကပဲ ယိုင်နဲ့စွာနဲ့ အားနည်းလွန်းလို့လားဆိုတာ ဝေေ၀ ကိုယ်တိုင် ရေရေရာရာ မဝေခွဲတတ်သေးပါဘူး။
အစ်ကိုနဲ့ ဝေးခဲ့တဲ့နောက် ဘယ်နေရာရောက်ရောက် အမြဲတမ်းအတူ သယ်ယူသွားတတ်တဲ့ အစ်ကိုနဲ့ပတ်သတ်ခဲ့သမျှ အမှတ်တရတွေ စုထားတဲ့ ဒိုင်ယာရီ စာအုပ်လေးကတော့ အရောင်လေးတွေတောင် မွဲစပြုနေပြီပဲ။ မမွဲနိုင် မလွင့်နိုင်သေးတာကတော့ ဝေေ၀ အစ်ကို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါ။ ဒါကို ဒိုင်ယာရီလေး သိလိမ့်မယ်ထင်တယ်။ ဖတ်လွန်းလို့လည်း စာရွက်ကလေးတွေတောင် ပြန့်ပြန့်မဟုတ်တော့ဘူး။ ဒိုင်ယာရီလေးအဟောင်းလေးကို ပြန်ဖွင့်ဖတ်မိပြန်ပြီ။ အထူးသဖြင့် ဧပရယ်လ ၂၄ ရက်နေ့မှာ မှင်နီနဲ့ ရေးခြစ်ထားခဲ့တဲ့ စာတိုလေးကို နွမ်းလျစွာ ပြန်ဖတ်လိုက်မိတယ်။ နှုတ်ခမ်းလှုပ်ရုံ ဖတ်အပြီး မျက်လုံးလေးကို အသာအယာမှိတ်ရင်း စာအုပ်လေးကို ရင်ဘတ်မှာ တယုတယ ပွေ့ဖက်ထားမိတယ်။ အထပ်ထပ်အခါခါ ကြိမ်ဖန်များစွာ ဖတ်ဖူးခဲ့တဲ့ စာကြောင်းလေးဖြစ်သလို အာရုံမှာ အခုထိ စွဲငြိနေသေးတဲ့ ပုံရိပ်လေးတွေပါ ထင်ဟပ်လာရပြန်တယ်။ ရိုးစင်းတဲ့ ဝေေ၀့ အချစ်တွေကသာ အစ်ကို့ရင်ခွင်မှာ ဖူးပွင့်ခွင့်မရခဲ့ပဲ ကြွေလွင့်သွားခဲ့ရပေမဲ့ ရိုးရှင်းတဲ့ အစ်ကို့ရင်ဖွင့်စာတစ်ကြောင်းလေးတစ်ကြောင်းကတော့ ဝေေ၀ရဲ့ ဒိုင်ယာရီစာမျက်နှာလေး မှာရော ဝေေ၀့ရဲ့ နှလုံးသားထဲမှာပါ နက်ရှိုင်းစွာ ထာဝရနေရယူနေတော့မှာပါ။
“ညီမလေး……….အစ်ကို့ကို ညီမရဲ့ ဘ၀လက်တွဲဖော်အဖြစ် လက်ခံပေးပါလား?” ဆိုတဲ့ သာမရိုးကျ ကမ်းလင့်လာတဲ့ ရင်ဖွင့်စကားလေးတစ်ခွန်းထဲပါ။ အဲဒီစကားတွေ ကြားခဲ့ရတဲ့ တစ်ခဏအတွင်းမှာ ဝေေ၀ တကယ်ကို ဒွိဟဖြစ်ရင်း ကိုယ့်စိတ်ကိုယ်လည်း ရှင်းရှင်းမသိခဲ့ဘူး။ ခင်မင်ခဲ့ကြတဲ့ သံယောဇဉ်တွေနဲ့မို့ ဝေေ၀ ခေါင်းကို ချက်ချင်း မခါလိုက်နိုင်သလို ခေါင်းညိတ်ဖို့ဆိုတာလည်း သူ့ဖက်က မပြတ်သားသေးတဲ့ အစ်ကို့ ဇာတ်လမ်းနဲ့မို့လေ။ ဒီလိုဆို ဝေေ၀ ခေါင်းညိတ်ဖို့ မသင့်ပါ။ အစ်ကို့ဇာတ်လမ်းတွေ မပြတ်မသားနဲ့ ဝေေ၀ သတ္တိမရှိတာ ဝေေ၀့ အမှားမဟုတ်ပါဘူး။ ခေါင်းညိတ်ဖို့ မသင့်ဘူးဆိုတော့ ခေါင်းခါဖို့ဆိုတာကရော? ၀န်ခံပါတယ် တကယ်ပါ ဝေေ၀ပြတ်သားစွာ ခေါင်းမခါရက်ခဲ့ပြန်ဘူး။ မိန်းခလေးတို့ရဲ့ လက်သုံးစကားတစ်ခွန်းကိုပဲ သဘာဝကျကျ ပြန်ပြောခဲ့တယ်။ “ဝေေ၀ သေချာစဉ်းစားပါရစေဦး၊ နောက်ပြီး အစ်ကိုနဲ့အစ်မကလည်း သေချာပြတ်ပြီမို့လား။ အစ်ကို့စိတ်ကို သေချာအောင် ပြန်စဉ်းစားစေချင်တယ်။ အစ်ကို စိတ်တွေရှုပ်နေတုန်း ပြောမိတယ်ဆိုရင်လည်း ညီမကနားလည်ပေးပါတယ်” လို့ပြောပြီး အစ်ကို့အနားက ထွက်ခွါလာခဲ့တဲ့ ဝေေ၀့မှာတော့ ခြေလှမ်းခပ်လေးလေးတွေနဲ့ အခုထိပြန်ပြီးတော့ မြင်ယောင်မိတယ်။
ကိုယ့်အခန်းထဲလည်းရောက် သေချာသုံးသပ်စဉ်းစားမိတော့ ရေရာတဲ့အဖြေတစ်ခုကို မရပဲနဲ့ အိပ်ပျက်ခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ အစ်ကိုတစ်ယောက်လို တွယ်တာမိခဲ့တာလား ချစ်သူတစ်ယောက်လို အစ်ကို့ကို ချစ်မိသလားဆိုတဲ့ အတွေးတွေနဲ့ပဲ မနက်လင်းသွားခဲ့ရတာတဲ့ ညတစ်ညပေါ့။
မိုးအလင်းမနက်ခင်းအချိန်လေးမှာပဲ ဝေေ၀ ကိုယ်တိုင် မသေချာမရေရာတဲ့အတွေးတွေကို အစ်ကိုရဲ့ အပြုအမူလေးတစ်ခုက အဆုံးအဖြတ်ပေးသွားခဲ့ပါတယ်။ မနက်ခင်းမှာ နေ့တိုင်းလိုလို ပြုံးပျော်စွာ သီချင်းလေးညည်းရင်း အစ်ကိုရှိရာကို အလာ မြင်လိုက် ကြားလိုက်ရတဲ့ စကားတစ်ချို့ မြင်ကွင်းတစ်ခုက ဝေေ၀့ခန္ဓာကိုယ်တစ်ခုလုံး လစ်ဟာသွားသလို အသက်ရှူတာပဲ ရပ်သွားတာလား သေသေချာချာ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး။ ဝေေ၀ လေ စာအလှတွေနဲ့ မတင်စားတတ်ပေမဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခုက ရင်ဝမှာ ဆို့ဆို့နစ်နစ်ပါပဲ။ သေချာပါတယ် အဲဒီတဒင်္ဂလေးမှာ ဝေေ၀ အစ်ကိုနဲ့အဝေးဆုံးတစ်နေရာ အစ်ကို့ကို မမြင်နိုင်တဲ့ တစ်နေရာကို ရှောင်ပြေးလိုက်ချင်တယ်။ ဘယ်လိုမြင်ကွင်းမျိုးလည်းဆိုတော့ အရင်တုန်းက အထူးအဆန်းမဟုတ်ခဲ့တဲ့ အစ်ကိုက သူ့ချစ်သူနဲ့ ဖုန်းဆက် စကားပြောနေတဲ့ မြင်ကွင်းလေးပါ။ မဲ့ပြုံးတွေနဲ့ အစ်ကို့မျက်နှာမှာ စိတ်ဆိုးမှုနဲ့အတူ ကျေနပ်မှုတွေ ရောယှက်နေခဲ့တယ်လို့ ဝေေ၀ထင်တယ်။ အစ်ကိုနဲ့ လက်တစ်ကမ်းသာသာမှာ ရှိနေတဲ့ဝေေ၀က အစ်ကို့ကို ကြည်ကြည်လင်လင်မမြင်နိုင်လောက်အောင် အာရုံတွေ ဝေး၀ါးကုန်တယ်။လွတ်သွားတဲ့မသိစိတ်ကို ကျန်နေသေးတဲ့ အသိစိတ်တစ်ချို့ နဲ့ ပြန်လည်ထိန်းချုပ်လိုက်ချိန်မှာ အစ်ကို့အနား ထိုင်နေကျ ထိုင်ခုံလေးမှာ ထိုင်ချလိုက်တယ်။ အရင်တုန်းကလည်း အစ်ကို သူ့ချစ်သူနဲ့စကားပြောရင် ဝေေ၀က အနားမှာရှိတယ်ဆိုတာ အထူးအဆန်းမဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့ ဝေေ၀အတွက် အထူးအဆန်းတွေဖြစ်ပြီး တကယ့်အရူးအကန်းတစ်ယောက်လို တုန်တုန်ချိချိ၊ နွေးခနဲ တက်လာတဲ့ ကိုယ်ပူရှိန်တွေက ရှက်စိတ်ကြောင့်ထင်တယ် ရင်ထဲထိ ရှိန်းပြီးပူနေတယ်။ ဝေ့တက်လာတဲ့ မျက်ဝန်းထဲက မျက်ရည်စလေးကို ငွေ့ရည်ဖွဲ့ပြီး မျက်ဝန်းဘောင်ကို ကျော်လွန်ပြီး ပြိုဆင်းလိမ့်ကျမလာခင် မျက်တောင်တွေနဲ့ အသာပုတ်ခတ်ရင်း ဝေေ၀ရှေ့နားက စားပွဲခုံပေါ်မှာရှိတဲ့ ကီးဘုတ်ခလုတ်လေးတွေအကြား ဖုန်မှုန့်တွေ သုတ်သလို ခါသလိုလိုနဲ့ အစ်ကိုမမြင်အောင် မျက်နှာငုံ့ထားရင်းက ဝေေ၀့စိတ်ကိုပြန်အားတင်း ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးဆုံးမ သတိပေးမိတယ်။ ဝေေ၀့စိတ်ထဲမှာ “သူတို့ချစ်သူတွေ စကားပြောနေကျပဲ ၊ ဒီနေ့မှ ဘာထူးလို့လဲ ၊ အစ်ကိုစိတ်ညစ်တုန်းမို့ ပြောမိတာကို ခွင့်လွှတ်ပေးရမယ်လို့” ကိုယ့်ကိုယ်ကို ပြန်ဖြေတွေးပြီး စိတ်ကိုတဖြေးဖြေးလျှော့ချလိုက်မိတယ်။ အစ်ကိုကတော့ ဝေေ၀့ ဘေးနားလေးမှာ မျက်နှာလေး မဲ့ပြုံးလေးနဲ့ ချစ်သူချော့တာကို ခေါင်းတညိတ်ညိတ်နဲ့ နာခံလျှက်ပေါ့။ တစ်ခါတစ်ခါ အစ်ကို့ဆီက ငေါက်တဲ့ မာန်တဲ့ ခပ်ထန်ထန်စကားလုံးတွေ ပြန်ပြောလိုက်တာကြားလိုက်ရပေမဲ့ အစ်ကို့နှုတ်ခမ်းလေးထက်မှာတော့ အပြုံးတွေ ဝေလို့ပါပဲ။
ဝေေ၀့ နှလုံးသားထဲမှာတော့ နွေထက်ပူလောင် ခြောက်သွေ့စွာနဲ့ပဲ ဝေေ၀့ရဲ့အချစ်ဟာလည်း နွေဦးမှာ လေရူးနဲ့အတူမှာ သူလူမသိ ကြွေကျခဲ့ရတဲ့ သစ်ရွယ်ငယ်လေးတစ်ရွက်လိုပါပဲ……….။ ဝေေ၀ ဘာများပြောခွင့်ရှိမှာလဲ……။ စောဒကတက် အပြစ်တင်ဖို့ ဝေေ၀မပြောတတ်သလို ပြောဖို့ သတ္တိခွန်အားတွေလည်း မရှိတော့ပါ……..။ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျစွာနဲ့ စိတ်တွေပါ ချွတ်ခြုံကျကုန်တယ်။ နောက်ဆုံးတော့လည်း ပြုံးနေတဲ့ အစ်ကို့ကို လှမ်းကြည့်လိုက်ရင်း ခင်မင်မှုသံယောဇဉ်ကနေ တစ်ဆင့်ထပ်တိုးမိတဲ့ ကိုယ့်နှလုံးသားကိုပဲ အပြစ်တင်လိုက်မိတယ်။ သ၀န်တိုတာတွေကို မသိခဲ့ဖူးတဲ့ ဝေေ၀ ၀န်သိုခြင်းဆိုတာကို မနှစ်မြို့စွာပဲ စတင်ခံစားခဲ့ရတဲ့ နွေလေရူးတဲ့ ဒီတန်ခူးလပေါ့……………။ နွေလေက ရူးသလား မရူးသလား အသေအချာမသိပေမဲ့ ဝေေ၀ တစ်ယောက်ကတော့ သေချာစွာရူးခဲ့ပါတယ်။
ဒီလိုနဲ့ပဲ…….
(အထင်ကရကျတဲ့ အမှတ်တရတွေနည်းပါးလွန်းခဲ့ပေမဲ့ ရာသီတိုင်းရဲ့ ရက်စွဲတွေတိုင်းမှာ ကျွန်မအတွက်က အလွမ်းပင်တွေကို စိုက်ပျိုးနေခဲ့မိလို့ အလွမ်းရသတွေပဲ ထပ်ထပ်တိုးလာတယ်။ အစ်ကို...........အေးချမ်းပျော်ရွှင်ပါစေ. နွေလိုအပူမျိုး အစ်ကိုနဲ့ ဝေးပါစေ...။)
Labels: တွေးမိရေးမိသမျှ





















































