သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, March 31, 2010

Tuesday, March 30, 2010

သီချင်းတွေ ဆိုညည်းတတ်စအရွယ်မှာ ဘာကြောင့်များ အသဲကွဲသီချင်းတွေ နှစ်သက်ခဲ့မှန်းငါမသိခဲ့ဘူး
ဇာတ်ကားကြည့်တိုင်း မင်းသမီးကို တစ်ဖက်သတ်ကြိုက်တဲ့ အသဲကွဲလူဆိုးတွေကို ငါသနားလွန်းလို့ ငိုခဲ့ဖူးတယ်
စာအုပ်တွေဖတ်တတ်လာတော့လည်း အလွမ်းဇာတ်သိမ်းတဲ့ ဇာတ်လမ်းတွေဆို ငါ့ရင်ထဲမှာ စွဲကျန်ခဲ့တယ်။
ဒီလိုနဲ့ လက်တွေ့ငါ့ဘ၀မှာလည်း ဆယ်ကျော်သက်အရွယ် ရင်ခုန်တတ်စမှာ ငါ့ကိုယ်တိုင် တစ်ဖက်သတ်ဖြစ်ခဲ့ရတယ်………….
ဒါဟာ ငါ့အတွက်တကယ်မဆန်းတော့ပါ မင်းပျော်တာကိုကြည့်ရင်း ချစ်နေခဲ့တာ မင်းမသိလည်း ငါကျေနပ်ခဲ့တာပဲလေ။ မင်းဘ၀လေးကို ပြည့်စုံစေချင်တဲ့ ငါ့စေတနာကို မင်းဆီမှာ ထုတ်ပြောခွင့်မရှိလည်း မြတ်ဘုရားဆီမှာ ဆုတောင်းပေးမယ်။ ငါ့အချစ်နဲ့ အရာရာမင်းဘ၀ကို မပြည့်စုံစေပေမဲ့ မင်းမျက်ဝန်းမှာ ပျော်ရွှင်ကြည်နူးတဲ့ အရိပ်အယောင်လေးတွေ ထာဝရတည်နေပါစေလို့ ဆုတောင်းပေးနေခဲ့တာတွေ  မင်းမသိလည်းနေပါစေတော့…….
ဒီလိုနဲ့ လက်တွေ့ငါ့ဘ၀မှာလည်း မင်းလေးတစ်ယောက်ကို ဘယ်သူမှမသိနိုင်တဲ့ ငါ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ တဖက်သတ်သမားအဖြစ်ပဲ ဆက်ချစ်သွားမယ်…..


စာကျက်မရလို့ ချရေးလိုက်တာ ဒါလေးပဲထွက်လာတယ်။ ပျင်းလိုက်တာ စာကျက်ရတာချည်းကို ဒါပေမဲ့ ရွာပြန်ရခါနီးလို့တော့ ပျော်သား...............

Sunday, March 28, 2010

Forward mail ကရတာလေးကို မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်.........


ကျွန်တော်တို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်။ တစ်နေ့က Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2009 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ
များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ
ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့်
မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။

Forward mail ကနေရလာတဲ့ Post လေးကိုတော့ Forward ထပ်မလုပ်တော့ပဲ ပို့စ်အဖြစ်တင်လိုက်ပါတယ်။ ဖတ်ပြီးသားသူတွေလည်း ရှိကြမှာပေါ့။ သူက နောက်ဆုံးအချက်မှာ အယောက် ၄၀ ပြန်ဖြန့်ရမယ်ဆိုတော့ သံယောဇဉ်ဆီလာလည်တဲ့သူတွေ ၄၀ ထက်မနည်း ဖတ်မှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အယောက် ၄၀ မပြည့်လည်း အခေါက် ၄၀ ဆိုလည်းမဆိုးဘူးပေါ့နော်...
စာမေးပွဲရှိလို့ ပို့စ်အသစ်တွေ မတင်ဖြစ်တာ နားလည်ပေးပါနော်... မသိရင်တော့ စာမေးပွဲမရှိရင် အရမ်းရေးနေတာကျနေတာပဲ..... ဟီး ဟီး ...... ဒါပဲနော်..
ဗဟုသုတတိုးပွားကြပါစေရှင်။။။။

Saturday, March 27, 2010

လင်းလက်စရောင်ခြည်မှာ
မနက်ခင်းတေးကိုသီကျူး
တစ်ပင်မှတစ်ပင်ဆီသို့
ကူးကာမြူးနေကြတဲ့
နံနက်ခင်းကိုအလှဆင်ကြသူ
ငှက်ငယ်လေးတို့ရယ် ….

တောက်ပလာတဲ့
သူရိန်မင်းရဲ့ ရောင်ခြည်အောက်မှာ
ကျီစယ်နေတဲ့လေပြေကြား
ပျော်မြူးလို့သာ
ဖူးပွင့်ဖို့အားယူနေတဲ့
နံနက်ခင်းကိုအလှဆင်ကြသူ
ပန်းပွင့်ကလေးတို့ရယ်…..

တစ်နေ့တာရဲ့အစ
လင်းဖြာလာတဲ့
နေခြည်အလင်းအောက်မှာ
ငါလည်းလေ……….
မင်းတို့တစ်တွေလို
နံနက်ခင်းအလှကို
ပြည့်စုံစေချင်သမို့
လှပတဲ့ မနက်ခင်းလေးတွေမှာ
အားငယ်ဝမ်းနည်းမှုအစား
ပြုံးရယ်ခြင်းများကိုသာ
ငါ့ထံသို့………….
ပေးသနားပါလားကွယ်။

Wednesday, March 24, 2010



ဒီနေ့နားထောင်နေမိတဲ့ သီချင်းလေးပါ။

Tuesday, March 23, 2010

အိပ်မရတဲ့ ငါ့ညတွေ
ရေတွက်ကြည့်လိုက်ရင်
ညပေါင်း သုံးရာ့နှစ်ဆယ်ရှိခဲ့ပြီ။  ။
လွမ်းလို့ငိုရတဲ့ ငါ့မျက်ရည်တွေ
နှိုင်းဆရရင်တော့
ဇူလိုင်မိုးစက်တွေထက် ပိုများတယ်။ ။
သတိရ တမ်းတမိချိန်တွေ
ငါ..ပြန်သတိထားမိတော့
အသက်ရှူချိန်တိုင်းလိုလိုပါပဲ။ ။

ဒီခံစားချက်တွေကို 
လွမ်းတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ 

 ဖွဲ့နွဲ့ရင်ဖွင့်ပြရတာ
မလုံလောက်ဘူးထင်ပါတယ်။
ဒါပေမဲ့ ဒီ့ထက်မှ
 ငါ… ပိုမပြောတတ်တာ…..။ ။

ဒီလိုခံစားချက်နက်နက်တစ်ခုကို
ခပ်ပေါ့ပေါ့ ကဗျာပျက်လေးတစ်ပုဒ်
ရေးစပ်နေရင်း
ငါ့ကိုယ်ငါ မကျေနပ်ဘူး။
ငါဟာ ငါ့ခံစားချက်ကိုတောင်
လေးနက်အောင် မဖွင့်ဟတတ်တဲ့
ခပ်ညံ့ညံ့ ကဗျာရူးတစ်ယောက်လေ။ ။

ငါ့မှာတော့.................
ဒီလို အိပ်မရတဲ့ညတွေမှာ
ချစ်သူ့လွမ်း တေးသီချင်းတွေ
သီဆိုညည်းညူနေဆဲပေါ့။
အိပ်မရတဲ့ညတွေ ဖြတ်သန်းရင်း
စမ်းတ၀ါးဝါး အနာဂတ်တွေနဲ့
ပြန်မလာတဲ့ ချစ်သူကို
မျှော်လင့်နေရင်းလေ
အလွမ်းရင့်ရင့်တွေနဲ့
ငါဟာ.............

အရူးရင့်နေသူတစ်ယောက်ပေါ့…… ။ ။

Thursday, March 18, 2010


ဟောဒီစာသင်ခန်းလေးထဲက white board လေးက ဒို့ရဲ့အဖြူရောင် နှလုံးသားလေးဖြစ်သလို Microphone လေးက ဒို့အချစ်တွေကို ကြေငြာဖို့အတွက်ပေါ့၊ တနစ်တကျ စီတန်းထားတဲ့ ခုံတန်းလေးတွေက ဒို့အကြင်နာတွေလေ၊ ဒါပေမဲ့ အကြင်နာတွေနဲ့ မင်းမွန်းကျပ်နေမှာစိုးလို့ နှလုံးသားရဲ့ တစ်ဖက်ဆီမှာ ၃ တန်းလောက်ပဲ စီထားတာပေါ့၊ အမြဲတမ်းလင်းလက်နေတဲ့ လျှပ်စစ်မီးရောင်တွေက မင်းအတွက်အမြဲတမ်းတောက်ပနေတဲ့ သစ္စတရားတွေလေ၊ မင်းရဲ့မနာလိုဝန်သိုမှုတွေ ဖြေပျောက်ငြိမ်းအေးစေဖို့ Aircon လေးလည်းတပ်ထားတယ်၊ တခါတလေ မင်းတွေဝေတဲ့အခါ မင်းကို မီးမောင်းထိုးပြီး ရှင်းပြနိုင်ဖို့ Projector လေးလည်း ပါသေးရဲ့၊ ဘ၀အခက်အခဲတွေကြားမှာ မတော်တဆ အတ္တတွေနဲ့ လောင်ကျွမ်းလာတဲ့မင်းကို မေတ္တာရေစင်လေးနဲ့ ဖြန်းပက်ဖို့ အရေးပေါ်ရေပိုက်လေးလည်း တပ်ဆင်ထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒို့တတွေရဲ့ အချစ် Files တွေကိုတစ်ခုခြင်း လေ့လာနိုင်ဖို့ ကွန်ပျူတာလေးလည်း မပါမဖြစ်ဘူးလေ၊ တော်ပါသေးရဲ့ ချစ်သူလေးရေ..… မေ့ကျန်ခဲ့တော့မလို့ ဒို့နှစ်ယောက်ရဲ့ အချစ်စာသင်ခန်းလေးထဲ ကြည်ဖြူစွာနဲ့ လှမ်းဝင်နိုင်ဖို့က အဓိကသော့ချက်ဖြစ်တဲ့ နားလည်မှု ဆိုတဲ့တံခါးပေါက်လေးပဲပေါ့ကွယ်။

ဟဲ ဟဲ ကျောင်းစာသင်ခန်းထဲ ဆရာစာသင်နေတုန်း အတွေးပေါက်လာလို့ ချရေးလိုက်တာကို၊ ဒီမှာ လာသိမ်းထားချင်လို့…..။ ဖတ်ပြီး အားပေးသွားတဲ့အတွက်….. ကျေးဇူးအထူးပေါ့နော်။ လိုသေးတဲ့ အရာတွေ ထပ်ဖြည့်ပေးလို့လည်းရပါတယ်ရှင်…..။ 
မှတ်ချက်။ ။ ဓါတ်ပုံက ဂူဂဲလ်က ကူးလာတာပါ..။

ကျွန်မသံယောဇဉ်သည် မိမိရဲ့ ခံစားချက်နှင့် မျှဝေမှုများကို ရွှေနိုင်ငံတော်မှ သူငယ်ချင်းမိတ်ဆွေများလည်း အလွယ်တကူ မွှေနှောက် ဖတ်ရှုနိုင်ရန် အလို့ငှာ သူငယ်ချင်း ဝေယံ (http://waiyam.co.cc/) နဲ့ ချတ်တင်ခန်းမတွင် ခေါင်းချင်းဆိုင် ဆွေးနွေးကြအပြီး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်သည်မှာ သံယောဇဉ်(TYZ) ကို blogspot.com မှ .tk သို့ ပြောင်းလဲရေးသားသွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ခင်မင်ရသော မိတ်ဆွေများအားလုံး သိသင့်ပါသောကြောင့် ယခုကဲ့သို့ ကြေငြာမောင်းခတ်ပြီး တစ်ဆိုဒ်ဝင်တစ်ဆိုဒ်ထွက် အသိပေးအပ်ပါတယ်..... ဒူ ဝေ ဝေ ဝေ ဝေ ဒူ ......

အပြောင်းအလဲကာလမှာ အလည်ရောက်လာသော ကိုဘရာဗိုတစ်ယောက် ကော်မန့် မပေးလိုက်ရလို့ မကျေနပ်ပဲ လက်စားချေလိုလျှင် နောက်ထပ်တစ်ခေါက်လာပြီး အပုဒ်တိုင်းကို ကြိုက်သလို လက်စားချေ ကော်မန့်ပြန်ပေးနိုင်တယ်နော်.... ဒါက ကြေငြာချက်မဟုတ်ဘူး. စိန်ခေါ်စာလို့ပြောရမလားပဲ.... အဟယ်။

ယခင်...... www.thanyawzin-thanyawzin.blogpot.com
ယခု......... www.thanyawzin.tk

အလည်ရောက်လာသော ချစ်မိတ်ဆွေ သူငယ်ချင်းများအားလုံး .... အားလုံး ကို ခင်မင်လေးစားလျှက် ... သံယောဇဉ် (TYZ)

Tuesday, March 16, 2010

လွမ်တေးဆိုနေတဲ့
ဥသြငှက်တွေရယ်…..
ဟောဒီနွေထဲမှာလေ
လွမ်းတေးတွေ
မဆိုနိုင်တော့လောက်အောင်
ခြောက်ခမ်းသွားတဲ့
ငါ့…ပျော်ရွှင်ခြင်းတွေက
ပျောက်ရှပျက်ဆီးသွားလိုက်တာ
ဒီတစ်သက်မှာတောင်
ငါ ………………..
ပြန်ရှာတွေ့နိုင်ပါတော့မလား…….။


ပူလိုက်တာဗျာ….. ဘန်ကောက်နေကြီးက ဒီလောက်ပြင်းနေတာကို သိရက်နဲ့ ဘာကြောင့်များ ကျွန်တော့်ကို မညှာတာပဲ နှိပ်စက်ထားခဲ့သလဲ မသိပါဘူး။ သူတို့က ချစ်တယ် သဘောကျတယ် ဆိုပြီးတော့ ကျွန်တော့်ကိုခေါ်လာကြတယ်။ အရင်တုန်းကဆို အခုလိုနေရမယ်မှန်းမသိလို့ ကျွန်တော်အရမ်းပျော်ခဲ့မိတယ်။ ရင်လည်းခုန်ခဲ့ရတယ်။
ဒါပေမဲ့ ရင်ခုန်သံတွေပျက်ပြီး ကျွန်တော့်ဘ၀ကို မျှော်လင့်ချက်မဲ့အောင် လုပ်ရက်လေခြင်းလို့ ပြန်တွေး ၀မ်းနည်းရင်း ကျွန်တော် ကျိတ်ပြီး ငိုခဲ့ရ ညည်းညူခဲ့ရတဲ့ နေရက်တွေ မရေတွက်နိုင်လောက်အောင်ပါပဲဗျာ။ ကျွန်တော့်ကို ဘာကြောင့်များ ကိုယ်ချင်းမစာကြသလဲဆိုတာတော့ မစဉ်းစားတတ်အောင်ပါပဲ။
သူတို့တွေပိုင်တဲ့ အိပ်ခန်းထဲမှာ ရှုပ်ပွပေရေအောင်တွေ ကျွန်တော် ဘာမှမလုပ်ခဲ့ရပါဘူး။ သူတို့တွေမုန်းလောက်အောင်လည်း ကျွန်တော်က အဆော့မသန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်ကျေးဇူးရှင် သခင်မလေးကိုတော့ ကျွန်တော်ဘယ်လောက်ချစ်ကြောင်းသိအောင် တစ်ခါတစ်လေ သူ့ခြေထောက်တွေကို ကျွန်တော့်လျှာနဲ့ ယက်ပြီး ချစ်ခင်ကြောင်းပြတတ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ သဘာဝပဲ မဟုတ်လားဗျာ။ သခင်မလေးရဲ့ခြေထောက်ကို ဖွဖွကိုက်တာမျိုး လက်နဲ့ ကျီစယ်ဖက်တွယ် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါတွေက အပြစ်မဟုတ်လောက်ဘူးထင်ပါတယ်။
ဒါပေမဲ့…  ကျွန်တော့်ကို အလျားလေးပေ နဲ့ အနံ တစ်ပေ ကျော်လောက်ပဲကျယ်တဲ့ ၀ရံတာအကန့်လေးမှာပဲ နေခွင့်ပြုတော့တယ်။ မနက်ကနေ နေ၀င်သွားတာတောင် သခင်မလေးရဲ့မျက်နှာကို မမြင်ရတာကြာလှပြီပေါ့။ တစ်နေကုန်တဲ့အထိ ကျွန်တော့်ကို အဲဒီမှာပဲ လှောင်ထားကြပါတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတာပဲဗျာ။ စိတ်ညစ်စိတ်ရှုပ်တာလည်း အရမ်းပါပဲ။ လေးထပ်တိုက်ရဲ့ အပေါ်ဆုံးဝရံတာလေးမှာပဲ နေ့တိုင်းနေပူဒဏ်ခံရင်း နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်းနေရတယ်။ ကျွန်တော့်အနားမှာ ရှိတာဆိုလို့ ကုလားထိုင်တစ်လုံးရယ်၊ သံနဲ့ဆောက်ထားတဲ့ ကျွန်တော့်အိမ်လေးရယ်၊ အခန်းပိုင်ရှင်ကိုကို လှန်းထားခဲ့တဲ့ ၀ရန်တာတံတိုင်ပေါ်က အ၀တ်လေးတွေရယ်ပေါ့ဗျာ။ အဆိုးထဲက အကောင်းတစ်ခုက အဲဒီကိုကိုက နေ့တိုင်းအ၀တ်လျှော်ပြီး လှန်းခဲ့တာလေးက ကျွန်တော့်အတွက် ကြီးမားတဲ့ ကံကောင်းခြင်းလို့ ပြောရမှာပေါ့။ အဲဒီအ၀တ်တွေရဲ့အရိပ်အောက်မှာ နားခိုရင်း ကျွန်တော်နေပူဒဏ်ကို ခုခံနေရတာလေ။
တစ်ခါတစ်ခါ ကျွန်တော့်ဘ၀အကြောင်းကိုတွေးမိတယ်။ အိမ်မွေးခွေးကလေးဖြစ်ရတာ သခင်တွေရဲ့ ယုယမှုအောက်မှာ ကြည်နူးရမလားပေါ့။ အခုတော့ဗျာ တိုက်အောက်မှာ ပေါ့ပေါ့ပါးပါးဆော့ကစားနေကြတဲ့ အလေအလွင့်ခွေးတွေထက်တောင် ကျွန်တော့်အဖြစ်က ဆိုးလိုက်တာ…။ အညောင်းအညာပြေ လမ်းလျှောက်ချင် ခုန်ချင်ဆော့ချင် ပေမဲ့လည်း အဲဒီ 4 ပေအလျားလေးက ကျွန်တော့် တစ်ခုန်စာလောက်တောင်မှ မရှိတာ..။
နေအေးတဲ့ ညနေစောင်းချိန်ဆို ကျွန်တော်ထိုင်ပြီး အောက်ကို ကြည့်နေရင်း စဉ်းစားမိတယ် သိလား။ ဒီတိုက်ပေါ်ကနေ ခုန်ချလို့ရရင် ကောင်းမှာပဲဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော် မခုန်ရဲဘူး တိုက် ၄ ထပ်တိုက် အမြင့်ကြီးလေ။ ကျွန်တော် အရမ်းစိတ်ရှုပ် စိတ်ဓါတ်ကျတာမှန်ပေမဲ့ သေတွင်းနဲ့နီးတဲ့ စွန့်စားမှုကိုတော့ ကျွန်တော် မလုပ်ရဲပါဘူး။
 ကျွန်တော်နေတဲ့တိုက်ရှေ့မှာ ခြံလွတ်တစ်ခြံရှိသေးတယ်။ ငှက်ကလေးတွေ ပျော်တဲ့ ခြံလေးပေါ့။ မန်ကျည်းပင်ကြီးတစ်ပင်နဲ့ မြက်ပင်တွေရှိတယ်။ အဲဒီခြံလေးမှာ ကစားရရင်တောင် ကျွန်တော် အရမ်းပျော်မှာပဲ။ ငှက်လေးတွေကိုလည်း လိုက်ဖမ်းရင်း ဆော့ကစားလို့ရတယ်လေ။
အိမ်မွေးခွေးတွေ တော်တော်များများ သူတို့သခင်တွေနဲ့ ညနေစောင်းမှာ လမ်းလျှောက်ထွက်တာကို မြင်တိုင်း ကျွန်တော် အတိုင်းအဆမဲ့ ၀မ်းနည်းရတယ်။ ကျွန်တော် ဒီလိုအဖြစ်ဆိုး ဘ၀ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာလဲဗျာ။ ခံစားရလွန်းလို့ ကျွန်တော်စိတ်တွေပင်ပန်းလှပ်ပြီ အာရုံတွေလည်း ထိုင်းမှိုင်းကုန်ပါပြီ…။
ဒါပေမဲ့လည်း ကျွန်တော်မှ ဘာမှမတတ်နိုင်ပဲလေ။ သူများတွေရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ရပေမဲ့ ကံအကျိုးပေးမွဲလို့ ကြင်နာတတ်သလိုလိုနဲ့ ရက်စက်တတ်တဲ့ အရှင်သခင်မျိုးနဲ့ တွေ့ရတာပေါ့။ အမှန်တော့ ကျွန်တော့်ရုပ်လည်း မဆိုးပါဘူး။ အညိုရောင်ပေါ်မှာ မဖြူနဲ့ အနက်ရောင်အကွက်ကလေးရှိတဲ့ ဆံမွေးကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် ကုတ်နေတဲ့ နားရွက်လေးနဲ့ မျက်လုံးဝိုင်းပြီး သနားစဖွယ်မျက်နှာပေါက်နဲ့ပါ။ လူတွေပြောနေကြသလိုပေါ့ဗျာ ချစ်တဲ့ ကြင်နာတတ်တဲ့အကြည့်နဲ့ကြည့်ရင် လူတိုင်း (အဲ မှားလို့) တိရိ စ္ဆာန်တိုင်းက ချစ်စဖွယ်လေးတွေပါ။ ရွံမုန်းတဲ့အကြည့်နဲ့သာ ကြည့်ကြမယ်ဆိုရင် အဆိုးတွေချည်းပဲမြင်ကြမှာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆန်းတာတစ်ခုကတော့ ချစ်လို့ဆိုပြီး တကူးတက ၀ယ်မွေးထားတဲ့ ကျွန်တော့်ကို ဘယ်အငြှိုးကြောင့်များ မကြင်နာဘဲ ရက်စက်ထားနိုင်သလဲဆိုတာ ကျွန်တော့်ရင်ထဲမှာ နေ့တိုင်းစဉ်းစားရင်း အဖြေရှာမရနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ဗျာ…။
ဒီပုစ္ဆာရဲ့အဖြေကို ရှာလို့မရနိုင်မှန်းသိရက်နဲ့ တစ်နေ့တာရဲ့ နေပူဒဏ်ကို ၀ရံတာပေါ်မှာ ကြံ့ကြံ့ခံရင်း ကျွန်တော့်ရဲ့မနက်ဖြန်ပေါင်းများစွာတွေကို ဆက်ပြီးဖြတ်သန်းနေရင်း သတ္တ၀ါတွေအားလုံး ကျွန်တော့်လို လှောင်ပိတ်ခံနေရတဲ့ ဘ၀မှ ကင်းဝေးပါစေ၊ ချစ်တာတစ်ခုထဲ သိပြီး မကြင်နာတတ်တဲ့သူတွေနဲ့လည်း ဝေးကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ဗျာ….။
ဒီပို့စ်လေးကတော့ ကျွန်မနေတဲ့တိုက်ရဲ့ရှေ့က သနားစရာကောင်းတဲ့ ခွေးကလေးတစ်ကောင်အကြောင်းကို ကိုယ်ချင်းစာစိတ်ဖြင့်ရေးလိုက်တာပါ။ နေ့တိုင်း သူ့ကို မြင်နေရတာ ကျွန်မလည်း သနားပေမဲ့ ဘယ်လိုအကူအညီမှ မပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ တစ်တိုက်နဲ့တစ်တိုက် အဆက်အဆံတွေ ခင်မင်မှုတွေမရှိကြလို့ တစ်ခြံကျော်သာသာဝေးပေမဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိကြပါဘူး။
မှတ်ချက်။ ။ အခုတလော ကွန်ပျူတာက အင်တာနက်လက်မခံလို့ အခက်အခဲတွေနဲ့ ဗျာများနေပါတယ်။ ဒီပို့စ်ကိုတောင် သူငယ်ချင်းကျောင်းသွားခိုက် သူ့ကွန်ပျူတာ ခဏငှားသုံးပြီး တင်ရတာလေ။ လာလည်သူများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင်။ 
ခင်မင်စွာဖြင့် 
သံယောဇဉ်



Template by:
Free Blog Templates