သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, August 28, 2010

အားလပ်ချိန်လေးမှာ စာတွေလိုက်ဖတ်ရင်း နှစ်သက်မိတဲ့ အမေအတွက် ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်လေးပါ။

M  .... is for the millions things she gives us.
မိခင်ဟာ ကျွန်တော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာတွေကို ပေးခဲ့သူပါ။

O.... means only that she's growing old.
မိခင်ဟာ သားသ္မီးတွေ ရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။

T.... is for tears to save us.
မိခင်တွေဟာ သားသ္မီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။

H.... is for heart of purest gold.
မိခင်ဟာ ကျွန်တော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။

E.... is for her eyes, with love sight.
မိခင်ဟာ ကျွန်တော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။

R.... means right she'll always be.
မိခင်ဟာ ကျွန်တော်တို့အတွက် အမြဲတမ်း မှန်ကန်တဲ့စကားတွေကိုသာ ပြောဆိုတတ်ခဲ့သူပါ။


မူရင်း... ချိုလင်းပြာ အမျိုးသ္မီးစာစောင်၊ အမှတ် ၃၊ ၂၀၀၈ မေလထုတ်
နိုင်ငံတကာ အမေများနေ့ အမှတ်တရစာစု မှ မာန်လှိုင်းငယ်ရဲ့ (မအိုသော၊ မနာသော၊ မသေဆုံးသော)
မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Friday, August 20, 2010



ပူစူးရဲ့ သီချင်းတွေတော်တော်များများကြိုက်ပါတယ်။ ခံစားမှုကို ရိုးရှင်းစွာနဲ့ သီဖွဲ့ထားသလို တကယ်လည်း ရင်ကိုထိစေနိုင်လို့ သဘောကျမိတယ်။ ဒီသီချင်းလေးက TYZ အတွက်တော့ တော်တော်လေး တိုက်ဆိုင်မှုရှိတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ လာလည်ရင်း နားဆင်သွားကြပါနော်။

Tuesday, August 17, 2010

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်...
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး.. ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး.. ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်.. ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး... ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ.. ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး - "ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်... အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး - "ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...
သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို - "အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး - "ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်...
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ " The Boy & The Apple Tree " ပုံပြင်လေးကို ဘာသာပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်....
ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ လို့ဆန္ဒပြုပါတယ်..... 
Forward mail က ရခဲ့တာလေးပါ။ ဒီမေးလ်ရခဲ့တာတော့ ကြာပါပြီ။ ကျွန်မဆို ဒီပုံပြင်လေးကို ၃၊ ၄  ခေါက်လောက် ဖတ်ဖူးပြီးပြီ။ အဲဒါကြောင့်မို့ အလည်ရောက်လာသူများကိုလည်း ဖတ်စေချင်တဲ့ စိတ်ရင်းနဲ့ တင်လိုက်တာပါ။ အိမ်မှာ ကျန်နေခဲ့တဲ့အမေ့ကို မြင်ယောင်မိတယ်။ အမေ့ကို တစ်ယောက်ထဲ မထားခဲ့ချင်ပေမဲ့ အခြေအနေတွေက ဘယ်လိုမှ ကိုယ်ဖန်တီးချင်သလို ခွင့်မပြုဘူးလေ။ အမေနဲ့အတူ ရွာမှာနေခွင့်တောင်းပေမဲ့ အမေက ကျွန်မသာရွာမှာ နေမယ်ဆိုရင် သူအရမ်းစိတ်မကောင်းဖြစ်မိမယ်တဲ့။ သားသမီးကို အမြင့်မှာပဲ မြင်ချင်တာ မိဘတိုင်းရဲ့ အရင်းခံစေတနာတွေပဲမဟုတ်လား။ အမေ့ကို ထားခဲ့ရတာ စိတ်မအေးပေမဲ့ အမေစိတ်မထိခိုက် အောင်လို့ အမေနဲ့ဝေးတဲ့ အမေသွားစေချင်တဲ့ ဒီဒေသလေးမှာ ကျွန်မ မပျော်ပေမဲ့ နေနေရဆဲ ပေါ့။ မိဘတိုင်းဟာ အသက်တွေကြီးရင့် အိုမင်းလာလေလေ သားသမီးမေတ္တာကို ပိုပြီး ငတ်မွတ်တောင့်တလာလေပါပဲ။ သားသမီးတွေအားလုံး ကိုယ့်မိဘရဲ့ စိတ်ခံစားမှုကို နားလည် ပေးနိုင်တဲ့ သားကောင်းသမီးမွန်တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

Saturday, August 14, 2010

The Rose

Wednesday, August 11, 2010

မျှော်လေလေဝေးနေဆဲ ငါ့အနာဂတ်လေး
မှေးမှိန်ပြီတဲ့လား ငါ့စိတ်ကူးတွေ
တွေဝေနေတတ်တဲ့ ငါ့ဆုံးဖြတ်ချက်ကို
ထိုးနှက်ဖို့အသင့်စောင့်နေတဲ့ နာရီလက်တံတွေ.......။

အပြန်လမ်းကို ငါမျှော်ကြည့်လိုက်တော့
မောလျနေတဲ့ ရင်ခွင်အစုံက လှိုက်တုန်
ခုန်နေသေးပေမဲ့လည်း
အသက်ရှူသံတွေက စည်းချက်မညီတော့
လွမ်းလှပေါ့ င့ါဇာတိမြေဆီကို................။

ငါမျှော်နေတဲ့ အနာဂတ်လေး
ရေးရေးသာထင်ပေမဲ့ မလျှော့ချင်တဲ့ဇွဲတွေက
နောက်ပြန်လှည့်ဖို့ ခက်အောင်
လှောင်ပြုံးတွေနဲ့ ငါ့ကို 
မခို့တရို့လေးနဲ့ စိန်ခေါ်နေတော့
ရင်လေးကော့ ခေါင်းလေးမော့ကာ
အားယူရင်းနဲ့..........
ငါ့လွမ်းချင်းတွေကို အသွင်တွေပြောင်း။

မငြီးမငြူနဲ့ သူတစ်လူဖြစ်ရအောင် 
ပြောင်မြောက်တဲ့ အနာဂတ်တစ်ခုဖြစ်လာဖို့
သူငယ်ချင်းရေ..........
အိမ်ပြန်ချင်တဲ့ ငါ့စိတ်ရူးလေးကို 
ခုချက်ချင်းပဲ ဘေးမှာချိတ်လိုက်တော့မယ်။

ဝန်ခံချက်။ ။ စိတ်တွေလေနေလို့ထင်တယ်း) (ပျင်းတာလည်းပါတာပေါ့၊ စာကိုလည်း ၀ါကျတစ်ကြောင်းဖြစ်အောင် ကောင်းကောင်းမဖွဲ့တတ်၊ မရေးတတ်လို့ပါး)း) )အဲဒီမတတ် တစ်ခေါက် စာလေးတွေတောင် ရေးချင်တဲ့စိတ်လေးမရှိသေးလို့ ဒိုင်ယာရီအဟောင်းတွေ ပြန်ဖတ်ရင်း (၁၀.၈.၂၀၀၈) တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်။ လာလည်ကြ တဲ့ မိတ်ဆွေ၊ သူငယ်ချင်းများအာလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ခင်တတ်တဲ့........ သံယောဇဉ် (TYZ)

Monday, August 9, 2010



















ဝမ်းနည်းစိတ်လေးနဲ့ အိပ်စက်လိုက်တိုင်း
ကြေကွဲစရာတွေက အိပ်မက်ထဲထိထင်ဟပ်လာတယ်။

အဲဒီအိပ်မက်တွေက  လန့်နိုးသွားချိန်တိုင်း
ငါ အမြဲတမ်း တစုံတခုကို သတိရသွားမိတယ်။

အဲဒီကနေ ရုန်းထွက်ဖို့ ငါ ကြိုးစားလိုက်တိုင်း
အနူးညံ့ဆုံးနဲ့ နက်ရှိုင်းစွာပဲ အထပ်ထပ်နှောင်ဖွဲ့ခံလိုက်ရတယ်။

ဒီ "သံယောဇဉ်" ကြိုးနဲ့ ချည်နှောင်ခံရသူတိုင်း
လွတ်မြောက်ရာ လမ်းစရှာဖို့ တကယ်မလွယ်ဘူးရယ်။

ဒီသံယောဇဉ်..........
တွယ်ငင်နေခြင်းက
ငါ့အသက်မျှင်းမျှင်းလေး
ကျန်ရှိချိန်ထိပေါ့.............။


၂၂.၂.၂၀၀၉ တုန်းက ရေးထားတဲ့ စာတိုလေးကို နဲနဲထပ်ပြင်ပြီး တင်လိုက်ပါတယ်။ သာမန်ထက်တင်းကျပ်လွန်းတဲ့ သံယောဇဉ် ဆိုတဲ့နွယ်မျှင်ရဲ့ ရစ်ပတ်ခြင်းမှ လွတ်မြောက်နိုင်ကြပါစေ။ သံယောဇဉ်(TYZ) ကတော့ ဒီနွံကနေ ရုန်းမထွက်နိုင်လို့ ဒီနွယ်ရဲ့ ရစ်ပတ်ခြင်းကို ခံပေဦးတော့လို့......။ ဓါတ်ပုံလေးကတော့ (http://wed-gan.com/vb/showthread.php?p=169447) ကနေပါ။

Friday, August 6, 2010

သင်တန်းကျောင်းတစ်ခုရဲ့ နောက်ဆုံးသင်တန်းချိန်က "အိမ်ထောင်ရေး၏
လုပ်ဆောင်မှုနှင့် ထီထွင်မှု" အကြောင်းဖြစ်တယ်။ ဟောပြောမယ့်ဆရာက
အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ်
ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး
အချက်နှစ်ချက်" ဆိုပြီး

၁) လူကောင်းတစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။

ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲ လွယ်ကူပါတယ်။
တစ်ခြားအောင်မြင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက
အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက
တွတ်ထိုးသံတစ်ချို့ ထွက်လာတယ်။ သင်တန်းသားအများစုက အိမ်ထောင်ရှိသူတွေ
ဖြစ်ကြတယ်။

တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့
ဒီအချက် နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော? " လို့
ဆရာ့ကိုမေးတယ်။

ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး
နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။

၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင် လုပ်ပါ။
၃) တုံးအတဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအအ စရိုက်ကို တစ်သက်လုံး ကျင့်သွားပါ။

အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ
ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့
တီးတိုးသံတစ်ချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက
"တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း
မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့
ပြောလိုက်တယ်။

ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
၂) ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။
၃) ရန်ဖြစ် အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။
၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊
အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။
၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။
၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရီပစ်ပါ။
၉) တစ်လကို တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ။
၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။
၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။
၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။
၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ် ဆိုတာကို အမြဲစာရင်းပေးပါ။
၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
၁၆) ကိုယ့်မိဘကို ပေးတဲ့ငွေက တစ်ဖက်မိဘကို ပေးတဲ့ငွေထက် နည်းပါစေ။

(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တစ်ချို့ကရီကြတယ်။ တစ်ချို့က
သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို
မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို
လုပ်ရလိမ့်မယ်။လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက
တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံအချက်တွေပေါ်မှာ
နှစ်ထပ်တိုးသွားတာဖြစ်တယ်"

အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။

" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ"
လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး
လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာခဲ့ပေမယ့်
တစ်ချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်။ သူတို့မျက်နှာပေါ်မှာ
မျက်ရည်တွေ စီးဆင်းနေခဲ့တယ်။


 inbox အဟောင်းတွေကို တနေကုန်တနေခန်း ၀ီရိယကြီးစွာ လုံ့လအပြည့်နဲ့ အပင်ပန်းခံ ပြန်မွှေပြီး တင်လိုက်တာနော်။ :) ထုံးစံအတိုင်း forward mail လေးကို ဆားချက်လိုက်တယ်။  photo -Google search မှာ happy couple လို့ ရိုက်ပြီး ကိုယ့်အကြိုက်ဒါလေး ရွေးလိုက်တာပါ။ သူတို့စုံတွဲလေးကြည့်ပြီး ကြည်နူးမိတယ်။ ကိုယ့်မှာတော့ နောင်ဘ၀တောင် ဒီလိုအခွင့်အရေးရှိသေးလားဆိုတာ မသေချာပါဘူး... ဟူး ဟူးဟူး နောင်ရေးတွေးမိ ရင်လေး၏။ ချစ်မိတ်ဆွေများအားလုံးပဲ အောင်မြင်တဲ့ အိမ်ထောင်ရှင်ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Wednesday, August 4, 2010


သယ်ရင်းရေ.......
လူတွေဟာ တစ်စုံတစ်ယောက်ကို လိုအပ်ချိန်မှာ အသုံးချပြီးတဲ့အခါ
မေ့ပစ်လိုက်တတ်တဲ့သဘောရှိပါတယ်.......
ကိုယ့်ဆီကနေ တစ်ခုခုလိုချင်တဲ့အချိန်မှာ......
ရွှန်းရွှန်းဝေအောင် ချဉ်းကပ်တတ်ပြီး......
ကိုယ့်ကို အသုံးချပြီးတဲ့အခါမှာ....
မသိတော့သလို၊လှည့်မကြည့်တော့တာမျိုး
သယ်ရင်း...ရင်ဆိုင်ရတဲ့ အခါ...
ကျေကွဲနာကျင်စရာမလိုပါဘူး သယ်ရင်း...
အစကတည်းက စဉ်းစားထားပါ....
ကိုယ်ဟာ သူတစ်ပါးရဲ့  အသုံးချခံပစ္စည်းတစ်ခု
အဖြစ်ခံမှာလား.......

အကယ်၍
ကိုယ့်ကို သူတစ်ပါးရဲ့ အသုံးချခွင့်ပေးလိုက်မိပြီဆိုရင်လည်း..
အဲဒိကနေ ရရှိခံစားရမယ့် ဆုလာဘ်ဆိုတာကို
လုံးဝမျှော်လင့်မထားပါနဲ့ တော့ ....
သူများကို တစ်စုံတစ်ခု ပေးဆပ်တော့မယ်ဆိုရင်
စိတ်ရှင်းရှင်းနဲ့  ....စေတနာသန့် သန့် နဲ့ 
ကြည်ကြည်ဖြူဖြူသာ ပေးလိုက်ပါတော သယ်ရင်း......
ကိုယ့်ကို လှည့်မကြည့်ရင်သာနေရမယ်....
သူ့ ရင်ထဲမှာတော့ ....သူ ဘာလုပ်ခဲ့တယ်ဆိုတာ
အမြဲသိနေပါလိမ့်မယ်......
အဲဒီ မလုံခြုံမှုဟာ..သူ့ ကို သယ်ရင်းကပေးလိုက်တာပါ.....
လောကမှာ.....
`မရဘူး´ဆိုတိုင်းလည်း မကောင်းတာ မဟုတ်သလို.....
`ရလိုက်တယ်´ ဆိုပေမယ့်လည်း မကောင်းပါဘူး...
အသုံးချခံရသူက`ပေးလိုက်ခြင်း´ဆိုတာနဲ့ 
ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်လိုက်ချိန်မှာ....
အသုံးချသွားသူက `ရယူလိုက်ခြင်း´ဆိုတာနဲ့ 
သူ့ တန်ဖိုးသူဖြတ်သွားတာပါ သယ်ရင်း.....
ဒါကြောင့် သယ်ရင်းကိုကျွန်တော် မှာချင်တာက
သယ်ရင်းရဲ့ ဘ၀မှာ.......
သူတစ်ပါးကို ခုတုံးလုပ်ပြီး ကိုယ်ရရှိဖို့ အတွက်
`အသုံးချသူ´တစ်ယောက် ဘယ်တော့မှမဖြစ်ပါစေနဲ့ နော်......။
  forward mail လေးကပါ။ အသိတရားရစရာလေးမို့ မျှဝေပေးတာပါ။
အသုံးချခံ ဘ၀မှ ကင်းလွတ်ကြပါစေ။။။

Template by:
Free Blog Templates