သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, April 17, 2013

နှစ်သစ်မှာ ဆုတောင်းမေတ္တာပို့သတဲ့ စာတိုလေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။:)

မိတ်ဆွေပေါင်းဖော်များအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းအေးချမ်းကြပါစေရှင်။
နှစ်သစ်မှာ တောက်ပပျိုမြစ်တဲ့ ခြေလှမ်းတွေနဲ့ ဘ၀လမ်းကို လှမ်းလျှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။ ။


အခုရောက်နေတဲ့နေရာဒေသက ပိတောက်ပန်းရှားလေတော့ ဒီနား မှာ သွားခူးးးး အဲ...ကူးလာခဲ့ပါတယ်။ လှတယ်မဟုတ်လား ပန်းလေးတွေ......:)

Wednesday, April 18, 2012


နှစ်သစ်မှာ ချစ်သူကို အရင့်အရင်အတိတ်တွေထက် ပျော်ရွှင်လန်းဆန်းသောနှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒပြုပေးပါရစေ။

အရာအားလုံးကို ငါမမေ့ပျောက်နိုင်သရွေ့ပေါ့
သတိရမှုတွေနဲ့အတူ ဆုမွန်တွေ ခြွေပေးနေချင်သေးတယ်
နှစ်အသစ်မှာ တောက်ပတဲ့မင်းအိပ်မက်တွေ ပြည့်စုံလှပလာပါစေ
နှစ်သစ်မှာ ပျိုမျစ်တဲ့ချစ်ခြင်းတွေ အရင်ကထက် ရရှိပိုင်ဆိုင်နိုင်ပါစေ
နှစ်သစ်မှာ ချစ်သူ သာယာချမ်းမြေ့ပါစေ….
ငါ့မေတ္တာတရားတွေထည့်ဖျော်ထားတဲ့ ရေတခွက် ဖြန်းပက်လိုက်တယ်
ချစ်သူ………….ဘ၀င်အေးပြီး ဘ၀လေးလည်းငြိမ်းချမ်းပါစေ
 

Friday, March 23, 2012

 သူတို့တွေရဲ့ ရင်နာစရာကောင်းတဲ့ မြင်ကွင်းကိုတော့ စာနာစိတ်ရှိသူတိုင်း ရင်ထဲမချိဖြစ်မိကြမှာပါပဲ…  အဲဒီတော့… တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ကျွန်မအတွက်တကယ့်ကို ရင်နင့်စရာမြင်ကွင်းလေးပေါ့လေ။
သူတို့တွေမှာလည်း နားလည်တတ်တဲ့ အသိညာဏ်ရှိသလို ခံစားတတ်တဲ့ စိတ်ခံစားမှုလည်းရှိကြတယ်ဆို တာ အဖြစ်အပျက်လေးကို မြင်မိသူတိုင်း လက်ခံနိုင်ကြမှာပါ။ 

သာမန်ဖြစ်စဉ်တွေထက် ဆန်းကြယ်လို့လည်း သူတို့တွေရဲ့ အဖြစ်အပျက်ကို တီဗွီကနေတဆင့် သတင်း အနေနဲ့ ထုတ်လွှင်ခဲ့လို့သာ ကျွန်မအပါအ၀င် လူထုများစွာမြင်ခွင့်ရကြတာပေါ့။
အဲဒီနေ့ မနက်ကျောင်းဆင်းတော့ နေ့လည်အတန်းရှိသေးတာမို့လို့ ကျွန်မ canteen  ဆီ ကို နေ့လည်စားဖို့ ထွက်လာခဲ့တယ်။ အခြားသူငယ်ချင်းတစ်ယောက်နဲ့အတူပေါ့။ စားချင်တာကို ၀ယ် ပြီးတော့ သူငယ်ချင်းရှိတဲ့ စားပွဲဆီကိုအပြန် ကျောင်းသူကျောင်းသားတော်တော်များများ စိတ်ဝင်တ စားငေးကြည့်နေတဲ့ တီဗွီဖန်သားကို ကျွန်မလည်း စူးစမ်းလိုစိတ်နဲ့ မော့ကြည့်လိုက်မိတယ်။ အစီအစဉ်တင် ဆက်သူတွေ ကြေငြာပေးနေတဲ့ ထိုင်းစကားနဲ့ ကြေငြာနေတာမို့လို့ ကျွန်မနားမလည်နိုင်ပေမဲ့ ဖန်သား
ပေါ်က မြင်ကွင်းလေးကြောင့် ကျွန်မရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတယ်။ စားပွဲဆီကို ရောက်ဖို့ ခပ်လှမ်းလှန်းမှာရပ်နေမိတဲ့ ကျွန်မ… ထိုင်ခုံထဲ ၀င်ထိုင်လိုက်ပေမဲ့ အမြင်အာရုံကို လွှဲဖယ်မပစ်နိုင်ခဲ့ဘူး။
ကျွန်မကြည့်နေတဲ့ မြင်ကွင်းထဲမှာ ကြောင်လေး ၂ ကောင် အစာရှာထွက်လာတဲ့ မြင်ကွင်းလေးကို ပထမ ဆုံးစမြင်လိုက်တယ်။ အဖြူနဲ့အနက်ရောင်စပ်ကြောင်လေးရယ်။ တကိုယ်လုံးအနက်ရောင်နဲ့ကြောင်လေး ရယ် သူတို့ ၂ ကောင်ပေါ့။ ကြောင်လေလွင့်တွေထင်တယ်…. ထိုင်းနိုင်ငံမှာ ကြောင်တွေ ကို ခွေးလောက် မချစ်တာကြောင့် ကြောင်လေလွင့်တွေများတယ်လို့ အရင်တုန်းက ထိုင်းက ပြန်လာတဲ့သူတွေ ကို ပြောပြ တာကို သွားသတိရလိုက်မိသေးတယ်။ 

လမ်းပေါ်အစာရှာရင်း ကားလမ်းတဖက်ကနေ တဖက်ကိုအကူး အနက်ကောင်လေးကို အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက ၀င်တိုက်သွားတယ် လွင့်စင်ထွက်သွားတဲ့ မြင်ကွင်းကြောင့် စိတ်ထဲမှာ တကယ်မကောင်းဘူး။ ကားပိုင်ရှင်တွေက ပြန်တောင် လှည့်မကြည့်ကြပါဘူး။ ကြောင်တိုက်မိတာ မပြောနဲ့လေ လူတိုက်မိ       တာတောင် လှည့်မကြည့်တဲ့ စာနာစိတ်ကင်းမဲ့တဲ့လူတွေတောင် ရှိနေသေးတာ ပဲ။ ကြောင်လောက်ကတော့ အတွေးထဲတောင် ထည့်တွေးမှာ မဟုတ်လောက်ပါဘူး။ 

ကြောင်နက်ဖြူလေးကတော့ ရုတ်တရက် ကားဖြတ်မောင်းသွားတဲ့အသံကြောင့်ထင်တယ် နောက် ကို ပြန်လှည့်ကြည့်ရင်း အနက်ကလေး ရဲ့အဖြစ်ကို  သူလှမ်းမြင်လိုက်တယ်။ ကားလမ်းနဲ့နဲနဲခပ်လှမ်းလှမ်းကို လွင့်စင်ထွက်သွားတာကိုမြင်တော့  သူအပြေးလေးနဲ့ ပြေးသွားကြည့်ပါတယ်။ သူ့စိတ်မှာ ဘယ်လောက် ထိစိုးရိမ်နေမလဲ….. ကြောင်နက်လေးကတော့ ပွဲချင်းပြီးအသက်ပျောက်သွားရှာမှာပေါ့။ သူတို့ ခန္ဓာကိုယ်လေးနဲ့ ဆိုတော့ ရှင်ဖို့ဆိုတာ တကယ့်ကိုကံကောင်းမှပါ။ ကံကောင်းတဲ့အထဲမှာ သူမပါခဲ့ဘူး။ ကံဆိုးမှုတွေကို သူကြိုမသိနိုင်လို့ သူ့သူငယ်ချင်းနဲ့ အဖြစ်ဆိုးစွာ ခွဲခွါသွားခဲ့ရတယ်။ 

ကျန်ခဲ့သူလေးကတော့ အသက်မဲ့နေတဲ့အနက်ကလေးကို တွေတွေလေးစိုက်ကြည့်နေရင်း အသံပြုလိုက် တယ်။ သူငိုနေပြီလား? နောက်တော့ သွေးပေနေတဲ့ အနက်ကိုယ်လေးကို မ၀ံ့မရဲနဲ့သူနမ်းရှုတ်လိုက်တယ်။ အခြေအနေမှန်ကို သူ သိသွားပြီထင်တယ်။ သူအော်တယ် အော်တာထက် ငိုတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသံကို အမျိုးမျိုးပြောင်းပြီးငိုတယ် သူဘာတွေ ညည်းတွားနေမလဲ….. သွားလေသူအတွက် သူဘာတွေ ရင်ထုမနာ ရင်ဖွင့်နေမလဲ…..သူ့အသံတွေက စို့နစ်ကြေကွဲနေမှာပေါ့…. ဒါကို ဘယ်သူတွေကနားလည်ပြီး နှစ်သိမ့်ပေးနိုင်ကြမလဲလို့ ကျွန်မတွေးမိတယ်။ အသံမျိုးစုံနဲ့ သူပြောဆိုငိုယိုပြီးတော့ ခဏအကြာမှာ ရှင်လိုရှင်ငြား နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ထင်တယ်…….. သူ့ခေါင်းလေးနဲ့ သွားလေသူရဲ့ ၀မ်းဗိုက်နေရာကို ရှိသမျှအားလေးနဲ့ သူတိုးဝှေ့ပြီး တွန်းကြည့်သေးတယ်။ အနက်လေးရဲ့ကိုယ် အနည်း ငယ်ရွေ့သွားရုံကလွဲပြီး နဲနဲမှ လှုပ်ရှားမလာခဲ့။ ဒီတော့ သူ့လက်သည်းတွေနဲ့ ကျောကုန်းတွေဘက်ကို သူဖွဖွလေးကုတ်တယ်။ နာကျင်မှာလည်း သူစိုးရိမ်ဖို့ သတိရနေသေးတာပဲ သူရဲ့ကြင်နာမှုတွေအတူ နာကျင်ကြေကွဲနေရတာကို ကျွန်မခံစားတွေ့မြင်နေရတယ်။ လက်သည်းတွေနဲ့ အသာကုတ်ရင်း သူ့အော် သံတွေက ကြေကွဲစရာကောင်းလွန်းပါတယ်။ 

နောက်ဆုံးတော့ အဖြစ်မှန်ကို သူတကယ် လက်ခံဖို့ စိတ်ဆုံးဖြတ်လိုက်ပုံပဲ။ မသေမသပ်နဲ့ ပြန့်ကားနေတဲ့ အနက်လေးရဲ့အမြီးလေးကို သူက သပ်ရပ်မှုရှိအောင်လို့် နာခေါင်းလေးနဲ့ တွန်းရွှေ့ပေးတယ်။ သူလှုပ် ရှားနေချိန်တိုင်း သူ့ ပါးစပ်က မနားတမ်းအော်နေခဲ့တယ်။ တကယ်တော့ သူကြေကွဲစွာနဲ့ ငိုနေခဲ့တာပေါ့…တခြားသူတွေလည်း ကျွန်မထင်သလို ထင်ကြမယ်မလွဲပါဘူး…။ အနက်လေးရဲ့အမြီးကို တွန်းရွှေ့လို့အပြီး သေသူကို ထားခဲ့တော့မယ်လို့ ကျွန်မထင်ခဲ့မိတယ်။ ကျွန်မအထင် တကယ်ကို မှားခဲ့ပါတယ်။ သေသွားတာတောင် သူ့ယုယမှုတွေ လျော့မသွားခဲ့ဘူး သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးပြီးရင် အနက်လေးဘေးမှာ သူခွေပြီးအိပ်လိုက်တယ်။ ကျောဘက်နားမှာ ၀င်ခွေလိုက် တယ်။ ကျောချင်းကပ်အနေအထားမဟုတ်ပါဘူး။ အကြားလေးကို သူ့ရင်ခွင်နားမှာ ထားပြီး အိပ်နေတာပါ။  သူ့မျက်လုံးတွေ ညှိုးငယ်နေလိုက်တာ အားကိုးစရာမဲ့နေတဲ့ဘ၀….. အတူတူအစာထွက်ရှာနေတုန်း ရုတ်တရက် တကောင်နဲ့တကောင် သေကွဲကွဲရတဲ့သူတို့တွေရဲ့ အဖြစ်ဆိုးလေ… ကျန်နေခဲ့တဲ့ကြောင်လေး ကတော့ မျက်စိမမှိတ်ပဲ ဘေးနားက သူတို့တတွေကို ကြည့်နေတဲ့ လူတချို့ကို မျက်နှာငယ်လေး နဲ့ မော့ကြည့်နေသေးတယ်။ သူအကူအညီတောင်းနေခဲ့တာလား…။ သူ့အသံတွေက အစောတုန်းကလို သိပ်မကျယ်တော့ တိုးတိုးလေး ညည်းညူနေရှာတယ်။ 

ကျွန်မကိုယ်တိုင် သူငယ်ချင်းရှေ့မှာ မငိုမိအောင် သက်ပြင်းရှိုက်ထုတ်ရင်း မသိမသာအံကြိတ်လိုက်မိတယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုပြီး ကျွန်မဆက်ကြည့်နေမိတယ်။ သူဟာ ခေါင်းလေးငိုင်စင်းသွားလိုက် ခဏလောက်ကြာရင် ခေါင်းလေးထောင်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ အော်လိုက် အနက်ကလေးကို ကြည့် ပြီးအော်လိုက်နဲ့ ဆက်ခွေနေတာ မိနစ်အနည်းငယ်ကြာတော့မှ လူတချို့ရောက်လာပါတယ်။ ကြောင်သေ   ကိုရှင်းဖို့နဲ့ သူ့လို ကြောင်လေလွင့်ကိုဖမ်းတဲ့ လူတွေပေါ့။ သူ့ကို ဖမ်းလိုက်တော့ လည်း ငြိမ်ငြိမ်လေးပဲ ပါသွားတယ်။ သူစိတ်ထိခိုက်နာကျင်နေတဲ့အချိန်မှာ ထွက်ပြေးဖို့တောင် သူမစဉ်းစားမိတော့ဘူးထင်တယ်။ တယောက်က သူ့ကိုဖမ်းရင်း  တခြားတစ်ယောက်ကလည်း ကြောင်သေလေးကို ယူသွားတယ်။ သူ ငိုင်ငိုင်တွေတွေလေးပဲ ထိုလူလျှောက်သွားတဲ့ဘက်ကို လိုက်ငေးကြည့်နေမိတယ်။ သူဘာတတ်နိုင်မှာ  လဲလေ…….။ အားကိုးခိုကိုးစရာ သခင်လည်းသူ့မှာမရှိဘူး။ အတူတူသွားလာကျက်စားဖို့လည်း သူ့မှာ အဖော်မဲ့သွားခဲ့ပြီမဟုတ်လား……။  သူ့ရဲ့နာကျင်မှုဝမ်းနည်းတွေ အားကိုးရာမဲ့ သိမ်ငယ်မှုတွေ ကျွန်မရင်ထဲအထိ ကူးစက်လာသလိုပဲ… ၀မ်းနည်းပက်လက်နဲ့ ကျွန်မစိတ်ထဲမှာ အားတွေဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်……..။ ကျွန်မ…….ငိုမိမှာစိုးလို့ ကျွန်မလုပ်တတ်တဲ့ အကျင့်လေးအတိုင်း နောက်ထပ်တစ်ခါ နှုတ်ခမ်းတွေကိုပြုံးနေသလို တွန့်လိုက်ပြီး ၀မ်းနည်းစိတ်တွေနဲ့ အတူ မသိမသာအံကြိတ်ရင်း မောလျလျသက်ပြင်းတစ်ခုကို ရှိုက်ထုတ်လိုက်တယ်။ တကယ်တော့ သက်ပြင်းတစ်ခုကို ကျွန်မရှိုက်ထုတ်လိုက်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ဇာတ်လမ်းလေးကိုတော့ ကျွန်မခေါင်းထဲ ကနေ၊ ရင်ထဲကနေပြီး ထုတ်ပြစ်လိုက်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

အချိန်အတိုင်းနဲ့ဆိုရင် သတင်းပြကွက်လေးက ၅ မိနစ်ကျော်ကျော်လောက်ပဲကြာခဲ့ပါတာပါ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနှစ် ၅၀ မက ဆက်လက်ကြွင်းကျန်နေခဲ့တော့မှာ…….။  အဲဒီသတင်းပြကွက်ကို ဘယ်လိုရိုက်ထားတယ်ဆိုတာတော့ ကျွန်မအသေအချာမသိပါဘူး။ တကယ့်အဖြစ်မှန်ကို ရိုက်ထားသလို ဆိုတော့ လမ်းမှာ ကင်မရာတပ်ထားလားဆိုတာလည်းကျွန်မ သေချာမသိပါဘူး။ ထိုင်းဘာသာကို ကျွန်မနားမလည်နိုင်ပေမဲ့လည်း စာနာစိတ်နဲ့ ရင်ထဲမှာ အားငယ်ကြေကွဲနေခဲ့တဲ့ ကြောင်လေးရဲ့ စိတ်ခံစား မှုဘာသာစကားကိုတော့ ကျွန်မနားလည်နိုင်ခဲ့ပါတယ်။ 

ကျွန်မရဲ့စိတ်ကပဲ ပျော့လွန်လွန်းလို့လားတော့မသိဘူးပေါ့။ ထမင်းဆက်စားနေရင်း ခဏခဏဝေ့တက်လာ တဲ့ မျက်ရည်စလေးတွေကို သူငယ်ချင်းမမြင်မိအောင် ကျွန်မပုတ်ခတ်လိုက်ရင်း သက်ပြင်းလည်းခဏခဏ ရှိုက်ထုတ်နေမိတယ်။ ကားတိုက်လို့ သေဆုံးသွားတဲ့ ကြောင်လေးအနားက မခွါနိုင်ဖြစ်နေ တဲ့ ကြောင်ကလေးရဲ့ ရင်နာစရာ မြင်ကွင်းနဲ့အတူ  သေနေတဲ့ကြောင်ငယ်လေးအတွက်လည်း ယူကျုံးမရ စိတ်ထိခိုက်မိတယ်။ တကယ်ဆို ကြောင်နက်ဖြူလေးဟာ လူတွေလို အသိညာဏ်နဲလို့ သူ့အဖော်ေ လး သေတာကို မသိတာပဲနဲ့ အပိုတွေ လျှောက်လုပ်နေခဲ့တာမျိုးတော့  မဟုတ်လောက်ဘူး ထင်ပါတယ်။ သေခြင်းတရားကို ဘယ်သူကမှ မလွန်ဆန်နိုင်ကြပါဘူး။ ဒါတွေကို ကျွန်မတို့ သိထားပေမဲ့လည်း ကိုယ်နဲ့ပတ်သက် ဆက်စပ်သူတွေရဲ့ နောက်ဆုံးအချိန်ဖြစ် တဲ့ သေဆုံးခြင်းနဲ့တွေ့ကြုံရသူတွေတိုင်း ၀မ်းမနည်းတတ်တဲ့ ပုထုဇဉ်ဆိုတာ မရှိသလောက်ရှားပါတယ်….။
သူတို့ရဲ့ သတင်းအစီအစဉ်လေးကို ကျွန်မကြည့်ခဲ့တာ ကြာတော့ကြာပါပြီ။ စာနာစိတ်နဲ့ သူတို့တွေရဲ့ ၀မ်းနည်းစရာအကြောင်းလေးကို post အဖြစ်ရေးဖို့ကို အကြောင်းကြောင်းကြောင့်နှောင့်နှေးနေခဲ့ပေမဲ့ သူတို့အကြောင်းစဉ်းစားမိတိုင်း ပုံရိပ်လေးတွေက အာရုံထဲမှာ ထင်းနေတုန်းပါပဲ…..။ 

အဲဒီနေ့မှာ အသေချာဆုံးကတော့ ကျွန်မ စားသမျှအစာတွေ အရသာမဲ့နေခဲ့တယ်။ ဇွန်းကိုင်ထားခဲ့တဲ့ ကျွန်မလက်တွေ အားတွေပျက်နေခဲ့သလိုခံစားခဲ့ရတယ်……..နောက်အတန်းတက်တဲ့အချိန်ထိ ကျွန်မငိုင်တွေနေခဲ့သေးတယ်။  အချိန်အတိုင်းအတာတစ်ခုထိ သူတို့အကြောင်းတွေ ကျွန်မရင်ထဲမှာစွဲကျန်နေခဲ့တယ်။အခုအချိန်မှာ မကြာခဏ သတိမရတော့ပေမဲ့ ကျွန်မရင်ထဲမှာ ထာဝရထင်ကျန်နေမဲ့ ပုံပြင်တစ်ပုဒ်တွေထဲမှာ သူတို့အကြောင်းလေးလည်းပါတယ်။ 
ချစ်ခြင်းတရားတွေ မေတ္တာတရားတွေ ဂရုဏာတရားတွေ ကြင်နာခြင်းတွေကို သူတို့လို တိရိစ္ဆာန်တွေထက် ညာဏ်ရည်မြင့်ပါတယ်ဆိုတဲ့ လူသားတွေ ပညာတတ်ပါတယ်ဆိုတဲ့ လူတန်းစားတွေ ဒီကြောင်လေးတွေ လိုရော တကယ့် ကြင်နာခြင်းတွေ မေတ္တာတရားတွေကို နားလည်ကြရဲ့လား ဆိုတဲ့မေး ခွန်းမျိုး ကျွန်မ ခေါင်းထဲမှာ ပိုပြီးနက်ရှိုင်းလာခဲ့တယ်။ ဒီအတွေးတွေ ကျွန်မခေါင်းထဲမှာ ၀င်လာမိတိုင်း တချို့လူတွေဟာ တချို့ တိရိစ္ဆာန်လေးတွေထက် အကြင်နာတရား ကင်းမဲ့ပြီး ကြောက် စရာကောင်းကြတယ်ဆိုတာကို အချိန်ကြာလာလေလေ ကျွန်မ ပိုပိုပြီး လက်ခံလာမိလေလေပါပဲ….။

(မှတ်ချက်။ ။ကျောင်းcateen ထဲမှာ ကြည့်ခဲ့ရတဲ့ တီဗွီသတင်းကို ပြန်ရေးထားတာပါ……. ကျွန်မရေးထား တာကို သူငယ်ချင်းတို့ တွေးမြင်မိသလို စိတ်ကြိုက်ဝေဖန်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးအသား မတတ်မှန်းသိပေမဲ့ သူတို့တွေအပေါ်စာနာစိတ်နဲ့ ကျွန်မခံစားရသလို ရေးတတ်သလို သာ  ရေးထားတဲ့ အတွက် စေတနာထားပြီး အားနည်းချက်ကို ကူညီထောက်ပြပေးကြပါနော်။ ဒီ post လာဖတ်ပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်)

Tuesday, March 13, 2012

အရာရာကို ရိုးစင်းစွာ တွေးမြင်တတ်တဲ့ သင့်အတွက် သံသယမျက်မှန်တစ်လက်ကို ဆောင်ထားပါ။
လိုအပ်ရင် ထုတ်သုံးပါ။
လူတချို့ဟာ သင့်ယုံကြည်မှုနဲ့ အကြွင်းမဲ့ ထိုက်တန်ကြတာမဟုတ်ဘူးလေ။
သင့်ရဲ့ယုံကြည်လွယ်တတ်တဲ့အကျင့်ကို ခဏခဏခေါင်းပြူခွင့်မပြုပါနဲ့။
လောကကြီးက မာယာတွေနဲ့ မျက်လှည့်ဆန်လွန်းတယ်။
သင်သတိရှိနေတဲ့အချိန်တွေတောင် အလစ်တိုက်အငိုက်ခံရတတ်သေးတယ်။
သင်သာသတိလွတ်ခဲ့ရင် နာကျင်ဝမ်းနည်းခြင်းတွေ ထည့်ခတ်ထားတဲ့ ခါးသက်တဲ့မျက်ရည်တွေပဲ သင်သောက်သုံးနေရလိမ့်မယ်။
နူးညံ့တဲ့ သင့်နှလုံးသားကို မလိုအပ်တဲ့အချိန်တွေမှာ သိုဝှက်ထားလိုက်ပါ။
ဦးနှောက်သုံးပြီး တခါတလေမှာ စက်ရုပ်တစ်ကောင်လို သင်ရုန်းကန်ကြည့်လိုက်ပါ။
လောကကြီးက တစ်နေ့ထက်တစ်နေ့ ရုပ်ဝတ္ထုဆန်လာတာကို သင်ငြင်းဆန်လို့ မရနိုင်ဘူး။
ဒီလိုလောကကြီးကို မုန်းနေတဲ့ သင့်အယူအဆတွေကိုပဲ မီးသဂြိုလ်ပစ်လိုက်ပါ။
သင့်ဘ၀ကို လောကနဲ့ အံဝင်ခွင်ကျဖြစ်အောင် သင်ယူပြုပြင်ကြည့်ပါ။
တစ်နေ့ကျရင်…. ဒီလောကကြီးဟာ သင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာကောင်းတစ်ဆူဆိုတာ သင်နားလည်လာပါလိမ့်မယ်။ 

(ပြောင်းလဲနေတဲ့လောကကြီးနဲ့ အံဝင်အောင် အလိုက်သင့်ကျွန်မနေတတ်ရင်အရမ်းကောင်းမှာပဲ)
 
 နံနက် ၃း၁၀ မိနစ် စနေနေ့ မတ်လ ၁၀ ရက် ၂၀၁၂

 ဒီစာတိုလေးက ကျွန်မကိုယ်ကျွန်မ သတိပေးဖို့ ရေးမိတာလေးပါ။

Wednesday, March 7, 2012


ဆောင်းအကုန် နွေကူးလို့
ရွက်ဝါတွေ မြေမှာလူးတော့မည်
ဒီသီချင်းစာသားအလှနဲ့
လတပေါင်းကို ဖွဲ့ဆိုကြတာရှိဖူးတယ်
ကျွန်မကတော့ ဒီလိုလတပေါင်းဆို
ငယ်ဘ၀က ဖူးမြော်ခဲ့တဲ့
ကေလာသစေတီရဲ့ ပွဲတော်ကို
အောက်မေ့မိလို့ ပြန်လည်စိတ်ကူးရင်း
ကြည်နူးရတတ်တယ်။
ဒါကြောင့်မို့
ဆောင်းအကုန် နွေကိုကူး
ဘုရားဖူးခွင့်ရလို့ ကြည်နူးရတဲ့
လမြတ်တပေါင်းလို့ တင်စားချင်ပါတယ်။ ။
တပေါင်းလပြည့်ရောက်ရင် ငယ်ငယ်တုန်းက အရမ်းပျော်ဖူးတယ် ဘာလို့လည်းဆိုတော့ တခြားရွာမှာရှိတဲ့ ဘုရားပွဲတော်ကို သွားခွင့်ရလို့လေ…. ငယ်ငယ်တုန်းက ခရီးတွေမှ သွားခွင့်သိပ်မရှိတာ… ဈေးရောင်းကျောင်းတက်ရင်း အချိန်တွေကုန်နေတော့ ဒီတပေါင်းလ ဘုရားပွဲတော်ကိုရောက် တစ်မိသားစုလုံး ဈေးမရောင်းတော့ပဲ ဘုရားသွားခွင့်ရလို့လည်း ဒီလပြည့်နေ့ကို ကျွန်မငယ်ငယ်က တစ်နှစ်တစ်ခါ မျှော်နေခဲ့ဖူးတာပေါ့………. ဘုရားပွဲတော်ကတော့ ကျွန်မတို့ရွာနဲ့ မိုင်အနည်းငယ်ဝေးတဲ့ လမိုင်းရွာက ဘုရားပွဲတော်ပါပဲ။ ဘုရားသမိုင်းအရ လမိုင်းက ကေလာသစေတီတော်နဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်တို့ဟာ စေတီညီအစ်ကိုလို့လည်း ပြောစမှတ်ပြုကြတယ်။ ရွှေတိဂုံစေတီရဲ့ဘုရားပွဲတော်ဟာလည်း တပေါင်းလပြည့်နေ့ပါပဲ…။
ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် တပေါင်းလပြည့်နေ့ရဲ့မနက် ၂ နာရီလောက်ဆို အမေနဲ့အစ်မက အိပ်ရာထပြီး ထမင်းထုပ်တွေ ချက်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်နေကြတုန်း ကျန်တဲ့ မောင်နှမ ၃ ယောက်ကတော့ အိပ်ယာထဲမှာ အိပ်လို့ကောင်းတုန်း…. ၃ နာရီခွဲလောက်ဆို ကျွန်မတို့ ပြင်ဆင်ဖို့ထရတယ်… မနက်စောစောအိပ်ရာထရတာ ကျွန်မတော်တော်မုန်းပါတယ်။ ဒါပေမဲ့ …တစ်နှစ်တခါသွားရတဲ့ခရီးမို့ အားတင်းပြီး ထရတယ်လေ။။။
မျက်နှာတွေသစ် အ၀တ်အစားလှတွေလဲရင်းလည်း ကျွန်မပျော်ခဲ့ဖူးတယ်။ အဲဒီလို ပွဲတော်ရက်တွေကျမှ အမေ၀ယ်ပေးထားတဲ့ ဂါဝန်အသစ်လေးတွေကို ၀တ်ခွင့်ရလို့ အရမ်းကို ကြည်နူးခဲ့ရတာပေါ့… မှတ်မှတ်ရရ အမေ၀ယ်ပေးဖူးတဲ့ အပြာရောင်ဂါဝန်လေး ၁ ထည်ကို ကျွန်မတော်တော်လေး နှစ်ခြိုက်ခဲ့တယ်။ နောက်တစ်ထည်ကတော့ အစ်မဆီက တစ်ဆင့်ပြန်ရတဲ့ အနီရောင်လေးကိုလည်း အရမ်းကြိုက်ခဲ့တာပေါ့…။ ကျွန်မ ပထမဆုံး ဘုရားသွားခွင့်ရတဲ့နှစ်တုန်းက အဲဒီဂါဝန်နီလေးနဲ့ ကျွန်မဟာ အရမ်းကို ပျော်ရွှင်သွက်လက်နေခဲ့တယ်။ ။
ကျွန်မအဲတုန်းက ဒုတိယတန်းကိုတက်နေရပြီ………။ ကျောင်းထဲမှာ ဆရာမအချစ်တော် တစ်ယောက်မဟုတ်သလို ဆရာမအမြင်ကတ်လောက်အောင်လည်း စာညံ့သူတစ်ယောက်မဖြစ်ခဲ့ဖူးဘူး။ ကျွန်မတို့အိမ်ကနေ ဘုရားကို ခြေလျင်လျှောက်သွားကြတာပါ…. ပြင်ဆင်ပြီးလို့ရှိရင် ၄ နာရီလောက်မှာ လူစုကြတယ်။ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေနဲ့ အတူတူသွားကြတာ……. တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ လရိပ်အောက်မှာ လမ်းလျှောက်ရင်း လူကြီးတွေပြောတဲ့စကားတွေ ပုံပြင်လေးတွေနားထောင်ရင်း လမ်းလျှောက်ရတာ မောရပန်းရမှန်းတောင် မသိပါဘူး…. နောက်ပြီးတော့ ရွာအထွက်လမ်းမှာ ရှိတဲ့ ဆရာမအိမ်ကို လရောင်နဲ့ ငေးခွင့်ရတာကို ကျွန်မအရမ်းသဘောကျဖူးတယ်။ ။ မနက်မနက်ဆို ဆရာမကတော့ ထုံးစံအတိုင်း သူ့ညီမနဲ့အတူ ဟင်းရွက်တွေကို ဈေးမှာရောင်းဖို့ ပြင်ဆင်နေကြမှာပေါ့..
ဆရာမနေတဲ့ ရပ်ကွက်ကို အလွယ်နည်းနဲ့ ဘူတာရုံလမ်းရပ်ကွက်လို့ခေါ်တယ် ဟိုးတုန်းက ကျွန်မတို့ခရီးသွားမယ်ဆိုရင် အဲဒီလမ်းကနေဖြတ် ဘူတာကိုသွား ရထားစီးပြီး ကိုယ်သွားချင်တဲ့ရွာကို သွားကြတာပေါ့။ ဒါကအမြန်ဆုံးနည်းပေါ့လေ… အဲအချိန်တုန်းက ဆိုင်ကယ်တွေ ကျွန်မတို့ရွာမှာ မရှိသေးဘူး။ စက်ဘီးတွေနဲ့လည်းသွားကြတယ်။ နွားလှည်းနဲ့လည်းသွားကြတဲ့သူတွေရှိတယ်။ ဘုရားပွဲတော်သွားဖို့က နွားလှည်းလည်းမရှိတော့ ခြေလျင်နဲ့သွားတာပေါ့… မောပေမဲ့ ပျော်စရာတကယ်ကောင်းပါတယ်။
ရထားလမ်းကနေလျှောက်သွားရတာ ရထားလမ်းမှာခင်းထားတဲ့ခဲလုံးတွေဆို ခြေထောက်သေးသေးလေးနဲ့ လမ်းလျှောက်ရ ပိုခက်တာပေါ့ ခလုတ်တိုက်လဲရင်လည်း လျှောက်တာပဲ သူများထက်ရှေ့ရောက်အောင် ခဏခဏပြေးတတ်လို့ လူကြီးတွေစိတ်ပူရသေးတယ်။ တစ်ခုတော့ရှိတယ် တံတားကူးရင်တော့ ရှိသမျှသတ္တိတွေ အပျော်တွေ ပျောက်ကုန်တယ်။ တံတားကိုကြောက်တာထက် တံတားအောက်ကရေကို အရမ်းကြောက်လို့ပါ.. အဲအချိန်ဆို သူများတွေ ကျွန်မကိုလှောင်ရယ်ကြတာပေါ့။ လေးဘက်ကလေးထောက်ပြီး တံတားကိုကူးတာကိုး… ဘယ်တတ်နိုင်မလဲ ကြောက်တာကို မကြောက်ချင်ဟန်ဆောင်လို့မှမရတာ။ တံတားတစ်ခုလွန်ရင် ဒုက္ခတစ်ခု ကျော်နိုင်သလိုပဲ… လွတ်လပ်ပေါ့ပါးသွားတယ်။ မနက်လေးနာရီ အိမ်ကထွက် မနက် ၈ နာရီခွဲလောက်ဆို လမိုင်းကိုရောက်ပြီလေ။ လမိုင်းရောက်တာနဲ့ ဘုရားဆီကို တန်းသွားတာ… ဘုရားမှာခဏနား လိုက်လည်ပတ် ဘုရားဖူးပြီးရင် ထမင်းဘူးတွေစားကြ…… ဈေးတန်းလှည့် အသိမိတ်ဆွေတွေအိမ်လိုက်လည်နဲ့… အချိန်က တနေကုန်ရော ညနေပိုင်းဆို လမ်းလျှောက်ပြန်ချင်တဲ့သူလျှောက်ပြန် ရထားနဲ့ပြန်ချင်တဲ့သူပြန်နဲ့ပေါ့။ ရထားနဲ့ပြန်တဲ့လူတွေကျတော့ အကြာကြီးလည်ခွင့်မရှိဘူး။။။။ ကျွန်မတို့ဆို လမ်းလျှောက်ပြန်တယ်……..။ တချို့ကြတော့ တစ်ညအိပ် ဘုရားပွဲမှာလာကတဲ့ ဇာတ်သဘင်ပွဲတွေကြည့်ကြတာလည်းရှိတယ်။ ကျွန်မတို့ တမိသားစုလုံး ဇာတ်ပွဲမကြိုက်တော့ ညအိပ်စရာလည်းမလိုဘူးလေ…. လမ်းလျှောက်ပြန်ရင်တော့ မိုးချုပ်ခါနီးမှပဲ အိမ်ပြန်ရောက်ကြတယ်။ ရောက်ရောက်ချင်းခဏနား ရေမိုးချိုးပြီး မနက်ကအပိုချက်ထားတဲ့ထမင်းစားရင်း ပွဲတော်အကြောင်းပြန်ပြောကြ… မအိပ်ခင် ပွဲတော်က ၀ယ်လာတာလေးတွေပြန်ကြည့်ကြနဲ့ တပေါင်းပွဲတော်ကို ဒီလိုနဲ့ ၅ နှစ်လောက်ဆက်တိုက် သွားခဲ့ဖူးတယ်။။။
ဒါကြောင့်မို့ ဒီအချိန်ရောက်တိုင်း ဂါဝန်အပြာလေးတွေ အနီလေးတွေကိုပြန်သတိရမိတယ်။ လေးဘက်ကလေးထောက်ပြီး တုန်တုန်ရင်ရင်နဲ့ တံတားဖြတ်ကူးခဲ့ဖူးတာလေးကို ပြန်တွေးရင်းပြုံးမိသေးတယ်။။ အမှတ်တရတွေထဲက မေ့ပျောက်မရတဲ့ အမှတ်တရလေးတစ်ခုပေါ့။ ။
တပေါင်းပွဲတော်မှာ ပျော်ပါးရင်း ကုသိုလ်ပွားနိုင်ကြပါစေ……..

Wednesday, July 20, 2011


တကယ်ပါပဲ.............ဘာလိုလိုနဲ့ နင်စိမ်းကားခဲ့တာ ၁ နှစ်ပြည့်ပြီ.....။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုရဲ့ အကြောင်းအရင်းမှန်ကို နင်ငါ့ကိုသိခွင့်မပေးခဲ့သလို  နင်ရှင်းမပြပဲ အရင်စိတ်ဆိုးသွားခဲ့တယ်။ လမ်းခွဲသွားခဲ့တာလည်းနင်ပါပဲ.......စိတ်မဆိုးကြေးလို့ ပြောခဲ့ဖူးပေမဲ့ နင်ရှင်းပြရမဲ့အကြောင်းအရာတစ်ခုကို စိတ်ဆိုးမှုနဲ့ အနိုင်ပိုင်းသွားခဲ့တာလား..........? တကယ့်အကန်းတစ်ယောက်လို ဇွတ်မှိတ်ယုံကြည်ချင်နေပါသေးတယ်........။ နင်ရှင်းမပြမှန်းသိပေမဲ့လည်း နင်မရှင်းပြခဲ့တာ ဆိုပြီး တစ်ဘ၀လုံး ဆက်ယုံချင်နေသေးတယ်။ နင့်အပေါ် ကြိုးစားမုန်းကြည့်ပြီးပြီ မုန်းလို့မရနိုင်တာလည်းတကယ်သေချာသွားပြီ...... ငါ့ကို လှည့်စားခဲ့ရင်တောင် ခွင့်လွှတ်နိုင်မယ်ဆိုတဲ့ စိတ်က အလိုလိုပေါက်ဖွားလာတယ်။ ချစ်သူ နင်မသိကျိုးကျွံ ပြုလိုက်နိုင်တာ ငါ တကယ်ကို အံ့အားသင့်ရတယ်။ ငါ့ဘ၀တစ်ခုလုံးကို နင်အမှောင်ချထားခဲ့တာမဟုတ်ဘူးလို့ နင်ငြင်းခွင့်ရှိပေမဲ့  နင်နဲ့ငါ ပေါင်းမှ ဒီဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ရတာပါ..........။ 

ဇူလိုင် (၁၈) ငါ့မွေးနေ့ကို နင်ဆက်ပြီးမေ့နေခဲ့တယ်မဟုတ်လား........။ အရင်နှစ်ကလည်း နင်မေ့ခဲ့တယ်။ အခုလည်း နင်မေ့နေဦးမယ်ထင်ပါတယ်။ မျှော်လင့်ကြီးစွာနဲ့ နင့်ဆီက ဆုတောင်းစာလေးတစ်ကြောင်း ငါစောင့်မျှော်ခဲ့တယ် ရက်တွေလွန်သွားတာပဲ အဖတ်တင်တော့တယ်။ အရင်နှစ်တုန်းကလိုလည်း ငါ့မှာ နင့်ကို မေးခွင့်မရှိတော့ဘူး..........။

နင်လိုရာကို သွားခဲ့တယ်....... ..နင်......တကယ်ပျော်နိုင်မဲ့အရပ် ကို ရွေးချယ်ခဲ့တယ်ဆိုရင်........နင်ပျော်ပါစေ ချစ်သူ.။ 
ငါ့မျက်ရည်မိုးက နင့်ကို အေးချမ်းမှုပေးနိုင်မယ်ဆိုရင်....... ငါငိုပေးနိုင်ပါတယ် ရာသီမရွေးပါပဲ......နင့်အလိုကျ ဖြစ်ရစေမယ်။


Monday, May 23, 2011

ဝေးကွာချိန် ဒီ (၂)နှစ်
ချစ်နေဆဲပဲ...
ငါလွမ်းရင်းနဲ့ ငိုနေဆဲလေ။

တခါတလေ...
မယုံနိုင်သလို ပြန်တွေးမိတယ်
ငါဟာ အသဲကွဲအချစ်ရှုံးသမားတဲ့လား။

အမြဲလိုလို...
အတိတ်ကို ငါပြန်တွေးမိတိုင်း
ပျော်ရွှင်ခြင်းရဲ့နောက်ကွယ်မှာ 
ဝမ်းနည်းခြင်း နာကျင်ခြင်းတွေပဲ 
ငါ့အတွက်ကျန်နေခဲ့ကြတယ်။

အဖြစ်မှန်ကို နောက်ပြန်ရစ်
ငါပြန်ဆန်းစစ်ကြည့်တော့
ဒီဇာတ်လမ်းတစ်ပုဒ် 
အဆုံးသတ်မလှမပနဲ့
ငါတစ်ယောက်တည်း အပြစ်တဲ့လား
မင်းအပြစ်တွေကြောင့်လား
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ 
အခုထိ ဆက်ချစ်နေတာကိုးက 
ငါ့အပြစ်ပဲပေါ့။

အေးချမ်းရဲ့လား
မင်းဘ၀လေး
နွေးထွေးရဲ့လား 
မင်းမိသားစုလေး
တွေးရင်းနဲ့ ငါ့ရင်ထဲ 
တကယ်ဝမ်းနည်းမိတယ်
ကံမွဲခဲ့တဲ့ ငါ့ချစ်ခြင်းတွေအတွက်လေ။

ပျော်နေတဲ့ မင်းကိုကြည့်ရင်း
ဒေါသဆိုတာ ငါတို့တတွေကြား
ဘယ်တော့မှ မရှိခဲ့ပေမဲ့
ဝန်သိုခြင်းတွေတော့ 
ပါးလျလျရှိနေသေးတာပေါ့။

တခါတခါ...
ပြန်ဆုံချင်တယ် မိတ်ဆွေဟောင်းတစ်ယောက်လိုပေါ့
တခါတခါမှာတော့...
မင်းသတင်းတွေတောင် နားမထောင်ချင်ဘူး။

ငါရူးနေခဲ့တာလား?
ရူးခဲ့ရင်လည်း...
ကျန်နေခဲ့ရတဲ့
အလွမ်းနဲ့ဆူးစူးပြီး ရူးနေတဲ့သူပေါ့။

ဒါပေမဲ့...
အခုထိ တစ်နေ့မပြတ် 
ဆုတောင်းပေးနေတတ်တာက
မင်းလေးကျန်းမာ စိတ်ချမ်းသာပါစေပေါ့။

ဒီတစ်ယောက်ကိုပဲ
စွဲစွဲလန်းလန်းနဲ့
သံယောဇဉ်ကို
အခြေခံပြီးမှ 
ငါချစ်ခဲ့ရတာ
နှစ်တွေ ဘယ်လောက်ပဲ 
ကြာပါစေတော့လေ။

ဘယ်လိုငါချစ်ခဲ့လည်း
တန်ပြန်အချစ်မဲ့စွာနဲ့
ကွာဝေးခြင်းမိုင်တွေထဲမှာ
ဝေးကွာခြင်းခြေလှမ်းတွေနဲ့
နင်ပြန်မလှည့်တမ်း လျှောက်သွားခဲ့တယ်။


ငါမမေ့နိုင်တဲ့ဒီနေ့ 
အမှတ်ရမှုတွေနဲ့ 
ခွဲခွါခဲ့ရတဲ့ ဒီရက်စွဲလေး
မေလ (၂၃) ပဲပေါ့
(၂) နှစ်ပြည့်ခဲ့ပြီ ချစ်သူရယ်
မင်းတော့ သတိမှရနိုင်ပါတော့မလား။

Monday, April 25, 2011

ဘယ်အခါမှ မမေ့နိုင်တော့တဲ့ အချစ်စစ်တို့ဖူးပွင့်ကြွေလွင့်ခြင်း တပြိုက်နက်အစပျိုးခဲ့တဲ့ ဒီတန်ခူးလမှာ သူများတကာလို လွတ်လွတ်လပ်လပ် မပျော်နိုင်တော့တာ ဝေေ၀ကိုယ်တိုင်ကပဲ ကိုယ့်စိတ်ကိုယ်ပဲ ဘောင်ခတ်ထားမိလို့လား?
နွေဦးမှာ လေရူးတယ်လို့ စာဆိုရှင်တွေ တင်စားခဲ့ကြတယ်။ ဒီလိုနွေဦးမှာ လေပြေလေနုတွေ တကယ်ပဲ ရူးသလား ရိုင်းသလားဆိုတာ ဝေေ၀ လည်းအသေအချာအကဲခတ်မတတ်ပါဘူးလေ။ သေချာနေတာတစ်ခုကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ဧပရယ်လလေးထဲမှာ ဝေေ၀ တစ်ယောက် ဟောဒီလို နွေဦးကာလလေးမှာပဲ ပူလောင်စွာ ရူးသွပ်ခြင်းကို စတင်ခံစားခဲ့ရခြင်းပါ။ သွက်သွက်ခါအောင် ရူးခဲ့တာမဟုတ်ပေမဲ့ လူမသိသူမသိ ယဉ်ယဉ်လေးရူးနေရခြင်းရဲ့ဝေဒနာဒဏ်ချက်တွေကို တိုးတိုးတိတ်တိတ် ကျိတ်ပြီးရူးဖူးသူများသာ (သို့) ခံစားတတ်သူတွေသာ နားလည်နိုင်ကြမှာပါ………… ။
တန်ခူးလကို တစ်ခါရောက်လာတိုင်း ဒိုင်ယာရီအဟောင်းလေးကို ပြန်ပြီးဖတ်မိခဲ့တာ အခုဆို ၂ နှစ်မြောက်ခဲ့ပြီပေါ့။ အဖြစ်အပျက်တွေ စကားလုံးတွေအားလုံး အာရုံထဲမှာ စွဲထင်နေသေးပေမဲ့ ရက်စွဲတွေကိုပါ တိတိကျကျမှတ်မိနိုင်လောက်အောင်တော့ ဝေေ၀့ မှတ်ညာဏ်တွေ မှတ်နိုင်အားမကောင်းတော့လို့ပါ။
စိတ်ခံစားမှုရဲ့အထုအထောင်းကို တင်းခံနေရလွန်းလို့ထင်တယ်  မှတ်ညာဏ်တွေ ပိုပိုချွတ်ယွင်းလာတာ ကိုယ့်ကိုယ်ကို အသိဆုံးလေ။ ကြိုးစားအားထုတ်ဖို့ဆိုတာလည်း ထွေပြားလွန်းတဲ့ အာရုံတွေကိုမှ အဝေးနှင်နိုင်တဲ့ အစွမ်းအစမရှိတာကိုး။ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ် “ညီမကြည့်ရတာ အချစ်ကိုကိုးကွယ်ပြီး ရည်မှန်းချက်ကိုတောင် မေ့ထားတာပဲ…..ရည်မှန်းချက်ကြီးတဲ့လူ ဘ၀မှာအောင်မြင်ချင်တဲ့လူဆိုရင် အချစ်ကို ဘ၀ရဲ့ အစိတ်အပိုင်းငယ်တစ်ခုလိုပဲ သဘောထားတတ်ရမယ်” တဲ့ ။ စေတနာကိုနားလည်ပေမဲ့ ဝေေ၀ ကတော့ အဲလိုလူစားမျိုးထဲမှာ ပါဝင်သူတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး။ ဘ၀မှာ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်။ ကြိုးစားအားထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဝေေ၀ ဒါတွေ မစဉ်းစားမိတော့ ၂ နှစ် ဆိုတဲ့ ကာလအတိုင်းအတာတစ်ခု ပြည့်ရောပေါ့။
အချစ်ကို ကိုးကွယ်မိလို့ အချစ်နွံထဲ နစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် “ ချစ်နိုင်သူကြီး၊ အာဂအချစ်သမား” ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေတာလည်းမဟုတ်ပါ။ အစ်ကို့ကို ချစ်မိပြီးမှ ပြန်လည် စွန့်လွှတ်လိုက်ရတဲ့နောက်မှာ အဖက်ဖက်က စိတ်ဓါတ်အင်အားတွေပါ အားလုံးနီးပါး ပြိုလဲပျက်စီးသွားကြတာလား။ ဒါမှမဟုတ် ဝေေ၀ကိုယ်တိုင်ကပဲ ယိုင်နဲ့စွာနဲ့ အားနည်းလွန်းလို့လားဆိုတာ ဝေေ၀ ကိုယ်တိုင် ရေရေရာရာ မဝေခွဲတတ်သေးပါဘူး။
အစ်ကိုနဲ့ ဝေးခဲ့တဲ့နောက် ဘယ်နေရာရောက်ရောက် အမြဲတမ်းအတူ သယ်ယူသွားတတ်တဲ့ အစ်ကိုနဲ့ပတ်သတ်ခဲ့သမျှ အမှတ်တရတွေ စုထားတဲ့ ဒိုင်ယာရီ စာအုပ်လေးကတော့ အရောင်လေးတွေတောင် မွဲစပြုနေပြီပဲ။ မမွဲနိုင် မလွင့်နိုင်သေးတာကတော့ ဝေေ၀ အစ်ကို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါ။ ဒါကို ဒိုင်ယာရီလေး သိလိမ့်မယ်ထင်တယ်။ ဖတ်လွန်းလို့လည်း စာရွက်ကလေးတွေတောင် ပြန့်ပြန့်မဟုတ်တော့ဘူး။ ဒိုင်ယာရီလေးအဟောင်းလေးကို ပြန်ဖွင့်ဖတ်မိပြန်ပြီ။ အထူးသဖြင့် ဧပရယ်လ ၂၄ ရက်နေ့မှာ မှင်နီနဲ့ ရေးခြစ်ထားခဲ့တဲ့ စာတိုလေးကို နွမ်းလျစွာ ပြန်ဖတ်လိုက်မိတယ်။ နှုတ်ခမ်းလှုပ်ရုံ ဖတ်အပြီး မျက်လုံးလေးကို အသာအယာမှိတ်ရင်း စာအုပ်လေးကို ရင်ဘတ်မှာ တယုတယ ပွေ့ဖက်ထားမိတယ်။ အထပ်ထပ်အခါခါ ကြိမ်ဖန်များစွာ ဖတ်ဖူးခဲ့တဲ့ စာကြောင်းလေးဖြစ်သလို အာရုံမှာ အခုထိ စွဲငြိနေသေးတဲ့ ပုံရိပ်လေးတွေပါ ထင်ဟပ်လာရပြန်တယ်။ ရိုးစင်းတဲ့ ဝေေ၀့ အချစ်တွေကသာ အစ်ကို့ရင်ခွင်မှာ ဖူးပွင့်ခွင့်မရခဲ့ပဲ ကြွေလွင့်သွားခဲ့ရပေမဲ့ ရိုးရှင်းတဲ့ အစ်ကို့ရင်ဖွင့်စာတစ်ကြောင်းလေးတစ်ကြောင်းကတော့ ဝေေ၀ရဲ့ ဒိုင်ယာရီစာမျက်နှာလေး မှာရော ဝေေ၀့ရဲ့ နှလုံးသားထဲမှာပါ နက်ရှိုင်းစွာ ထာဝရနေရယူနေတော့မှာပါ။
“ညီမလေး……….အစ်ကို့ကို ညီမရဲ့ ဘ၀လက်တွဲဖော်အဖြစ် လက်ခံပေးပါလား?” ဆိုတဲ့ သာမရိုးကျ ကမ်းလင့်လာတဲ့ ရင်ဖွင့်စကားလေးတစ်ခွန်းထဲပါ။ အဲဒီစကားတွေ ကြားခဲ့ရတဲ့ တစ်ခဏအတွင်းမှာ ဝေေ၀ တကယ်ကို ဒွိဟဖြစ်ရင်း ကိုယ့်စိတ်ကိုယ်လည်း ရှင်းရှင်းမသိခဲ့ဘူး။ ခင်မင်ခဲ့ကြတဲ့ သံယောဇဉ်တွေနဲ့မို့ ဝေေ၀ ခေါင်းကို ချက်ချင်း မခါလိုက်နိုင်သလို ခေါင်းညိတ်ဖို့ဆိုတာလည်း သူ့ဖက်က မပြတ်သားသေးတဲ့ အစ်ကို့ ဇာတ်လမ်းနဲ့မို့လေ။ ဒီလိုဆို ဝေေ၀ ခေါင်းညိတ်ဖို့ မသင့်ပါ။ အစ်ကို့ဇာတ်လမ်းတွေ မပြတ်မသားနဲ့ ဝေေ၀ သတ္တိမရှိတာ ဝေေ၀့ အမှားမဟုတ်ပါဘူး။ ခေါင်းညိတ်ဖို့ မသင့်ဘူးဆိုတော့ ခေါင်းခါဖို့ဆိုတာကရော? ၀န်ခံပါတယ် တကယ်ပါ ဝေေ၀ပြတ်သားစွာ ခေါင်းမခါရက်ခဲ့ပြန်ဘူး။ မိန်းခလေးတို့ရဲ့ လက်သုံးစကားတစ်ခွန်းကိုပဲ သဘာဝကျကျ ပြန်ပြောခဲ့တယ်။ “ဝေေ၀ သေချာစဉ်းစားပါရစေဦး၊ နောက်ပြီး အစ်ကိုနဲ့အစ်မကလည်း သေချာပြတ်ပြီမို့လား။ အစ်ကို့စိတ်ကို သေချာအောင် ပြန်စဉ်းစားစေချင်တယ်။ အစ်ကို စိတ်တွေရှုပ်နေတုန်း ပြောမိတယ်ဆိုရင်လည်း ညီမကနားလည်ပေးပါတယ်” လို့ပြောပြီး အစ်ကို့အနားက ထွက်ခွါလာခဲ့တဲ့ ဝေေ၀့မှာတော့ ခြေလှမ်းခပ်လေးလေးတွေနဲ့ အခုထိပြန်ပြီးတော့ မြင်ယောင်မိတယ်။
ကိုယ့်အခန်းထဲလည်းရောက် သေချာသုံးသပ်စဉ်းစားမိတော့ ရေရာတဲ့အဖြေတစ်ခုကို မရပဲနဲ့ အိပ်ပျက်ခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ အစ်ကိုတစ်ယောက်လို တွယ်တာမိခဲ့တာလား ချစ်သူတစ်ယောက်လို အစ်ကို့ကို ချစ်မိသလားဆိုတဲ့ အတွေးတွေနဲ့ပဲ မနက်လင်းသွားခဲ့ရတာတဲ့ ညတစ်ညပေါ့။
မိုးအလင်းမနက်ခင်းအချိန်လေးမှာပဲ ဝေေ၀ ကိုယ်တိုင် မသေချာမရေရာတဲ့အတွေးတွေကို အစ်ကိုရဲ့ အပြုအမူလေးတစ်ခုက အဆုံးအဖြတ်ပေးသွားခဲ့ပါတယ်။ မနက်ခင်းမှာ နေ့တိုင်းလိုလို ပြုံးပျော်စွာ သီချင်းလေးညည်းရင်း အစ်ကိုရှိရာကို အလာ မြင်လိုက် ကြားလိုက်ရတဲ့ စကားတစ်ချို့ မြင်ကွင်းတစ်ခုက ဝေေ၀့ခန္ဓာကိုယ်တစ်ခုလုံး လစ်ဟာသွားသလို အသက်ရှူတာပဲ ရပ်သွားတာလား သေသေချာချာ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး။ ဝေေ၀ လေ စာအလှတွေနဲ့ မတင်စားတတ်ပေမဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခုက ရင်ဝမှာ ဆို့ဆို့နစ်နစ်ပါပဲ။ သေချာပါတယ် အဲဒီတဒင်္ဂလေးမှာ ဝေေ၀ အစ်ကိုနဲ့အဝေးဆုံးတစ်နေရာ အစ်ကို့ကို မမြင်နိုင်တဲ့ တစ်နေရာကို ရှောင်ပြေးလိုက်ချင်တယ်။ ဘယ်လိုမြင်ကွင်းမျိုးလည်းဆိုတော့ အရင်တုန်းက အထူးအဆန်းမဟုတ်ခဲ့တဲ့ အစ်ကိုက သူ့ချစ်သူနဲ့ ဖုန်းဆက် စကားပြောနေတဲ့ မြင်ကွင်းလေးပါ။ မဲ့ပြုံးတွေနဲ့ အစ်ကို့မျက်နှာမှာ စိတ်ဆိုးမှုနဲ့အတူ ကျေနပ်မှုတွေ ရောယှက်နေခဲ့တယ်လို့ ဝေေ၀ထင်တယ်။ အစ်ကိုနဲ့ လက်တစ်ကမ်းသာသာမှာ ရှိနေတဲ့ဝေေ၀က အစ်ကို့ကို ကြည်ကြည်လင်လင်မမြင်နိုင်လောက်အောင် အာရုံတွေ ဝေး၀ါးကုန်တယ်။လွတ်သွားတဲ့မသိစိတ်ကို ကျန်နေသေးတဲ့ အသိစိတ်တစ်ချို့ နဲ့ ပြန်လည်ထိန်းချုပ်လိုက်ချိန်မှာ အစ်ကို့အနား ထိုင်နေကျ ထိုင်ခုံလေးမှာ ထိုင်ချလိုက်တယ်။ အရင်တုန်းကလည်း အစ်ကို သူ့ချစ်သူနဲ့စကားပြောရင် ဝေေ၀က အနားမှာရှိတယ်ဆိုတာ အထူးအဆန်းမဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့ ဝေေ၀အတွက် အထူးအဆန်းတွေဖြစ်ပြီး တကယ့်အရူးအကန်းတစ်ယောက်လို တုန်တုန်ချိချိ၊ နွေးခနဲ တက်လာတဲ့ ကိုယ်ပူရှိန်တွေက ရှက်စိတ်ကြောင့်ထင်တယ် ရင်ထဲထိ ရှိန်းပြီးပူနေတယ်။ ဝေ့တက်လာတဲ့ မျက်ဝန်းထဲက မျက်ရည်စလေးကို ငွေ့ရည်ဖွဲ့ပြီး မျက်ဝန်းဘောင်ကို ကျော်လွန်ပြီး ပြိုဆင်းလိမ့်ကျမလာခင် မျက်တောင်တွေနဲ့ အသာပုတ်ခတ်ရင်း ဝေေ၀ရှေ့နားက စားပွဲခုံပေါ်မှာရှိတဲ့ ကီးဘုတ်ခလုတ်လေးတွေအကြား ဖုန်မှုန့်တွေ သုတ်သလို ခါသလိုလိုနဲ့ အစ်ကိုမမြင်အောင် မျက်နှာငုံ့ထားရင်းက ဝေေ၀့စိတ်ကိုပြန်အားတင်း ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးဆုံးမ သတိပေးမိတယ်။ ဝေေ၀့စိတ်ထဲမှာ “သူတို့ချစ်သူတွေ စကားပြောနေကျပဲ ၊ ဒီနေ့မှ ဘာထူးလို့လဲ ၊ အစ်ကိုစိတ်ညစ်တုန်းမို့ ပြောမိတာကို ခွင့်လွှတ်ပေးရမယ်လို့” ကိုယ့်ကိုယ်ကို ပြန်ဖြေတွေးပြီး စိတ်ကိုတဖြေးဖြေးလျှော့ချလိုက်မိတယ်။ အစ်ကိုကတော့ ဝေေ၀့ ဘေးနားလေးမှာ မျက်နှာလေး မဲ့ပြုံးလေးနဲ့ ချစ်သူချော့တာကို ခေါင်းတညိတ်ညိတ်နဲ့ နာခံလျှက်ပေါ့။ တစ်ခါတစ်ခါ အစ်ကို့ဆီက ငေါက်တဲ့ မာန်တဲ့ ခပ်ထန်ထန်စကားလုံးတွေ ပြန်ပြောလိုက်တာကြားလိုက်ရပေမဲ့ အစ်ကို့နှုတ်ခမ်းလေးထက်မှာတော့ အပြုံးတွေ ဝေလို့ပါပဲ။
ဝေေ၀့ နှလုံးသားထဲမှာတော့ နွေထက်ပူလောင် ခြောက်သွေ့စွာနဲ့ပဲ ဝေေ၀့ရဲ့အချစ်ဟာလည်း နွေဦးမှာ လေရူးနဲ့အတူမှာ သူလူမသိ ကြွေကျခဲ့ရတဲ့ သစ်ရွယ်ငယ်လေးတစ်ရွက်လိုပါပဲ……….။ ဝေေ၀ ဘာများပြောခွင့်ရှိမှာလဲ……။ စောဒကတက် အပြစ်တင်ဖို့ ဝေေ၀မပြောတတ်သလို ပြောဖို့ သတ္တိခွန်အားတွေလည်း မရှိတော့ပါ……..။ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျစွာနဲ့ စိတ်တွေပါ ချွတ်ခြုံကျကုန်တယ်။ နောက်ဆုံးတော့လည်း ပြုံးနေတဲ့ အစ်ကို့ကို လှမ်းကြည့်လိုက်ရင်း ခင်မင်မှုသံယောဇဉ်ကနေ တစ်ဆင့်ထပ်တိုးမိတဲ့ ကိုယ့်နှလုံးသားကိုပဲ အပြစ်တင်လိုက်မိတယ်။ သ၀န်တိုတာတွေကို မသိခဲ့ဖူးတဲ့ ဝေေ၀ ၀န်သိုခြင်းဆိုတာကို မနှစ်မြို့စွာပဲ စတင်ခံစားခဲ့ရတဲ့ နွေလေရူးတဲ့ ဒီတန်ခူးလပေါ့……………။ နွေလေက ရူးသလား မရူးသလား အသေအချာမသိပေမဲ့ ဝေေ၀ တစ်ယောက်ကတော့ သေချာစွာရူးခဲ့ပါတယ်။
ဒီလိုနဲ့ပဲ…….
ဘယ်အခါမှ မမေ့နိုင်တော့တဲ့ အချစ်စစ်တို့ဖူးပွင့်ကြွေလွင့်ခြင်း တပြိုက်နက်အစပျိုးခဲ့တဲ့ ဒီတန်ခူးလမှာ သူများတကာလို လွတ်လွတ်လပ်လပ် မပျော်နိုင်တော့တာ ဝေေ၀ကိုယ်တိုင်ကပဲ ကိုယ့်စိတ်ကိုယ်ပဲ ဘောင်ခတ်ထားမိလို့လား? အခုအချိန်ထိပါပဲ ဝေေ၀ရဲ့ ချစ်ခြင်းတွေကတော့လေ ကြွေလွင့်သွားတဲ့ သစ်ရွက်ငယ်လေးတစ်ရွက် လို ခြောက်သွေ့ပြီး ဆွေးမြေ့သွားတဲ့အထိပေါ့ ရူးနေဆဲ ရူးနေမြဲ………။

(အထင်ကရကျတဲ့ အမှတ်တရတွေနည်းပါးလွန်းခဲ့ပေမဲ့ ရာသီတိုင်းရဲ့ ရက်စွဲတွေတိုင်းမှာ ကျွန်မအတွက်က အလွမ်းပင်တွေကို စိုက်ပျိုးနေခဲ့မိလို့ အလွမ်းရသတွေပဲ ထပ်ထပ်တိုးလာတယ်။ အစ်ကို...........အေးချမ်းပျော်ရွှင်ပါစေ. နွေလိုအပူမျိုး အစ်ကိုနဲ့ ဝေးပါစေ...။

Template by:
Free Blog Templates