သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, March 31, 2012


မြန်မာ့နှစ်သစ်တဲ့ ဒီသက်ြန်  
ကျန်နေတဲ့အဟောင်းတွေသွန်ပစ်
အသစ်ကိုကြိုဆို     ပျိုအိုငယ်မရွေး
အရွယ်အသွေးစုံစုံ     ခုံမင်ရွှင်ရွှင်လန်း
ချမ်းချမ်းအေးစိုနေပါစေ ရေသဘင်ဒီပွဲမှာ
ဖြန်းပက်နေလိုက်ကြ   နှမမောင်ရင်းပမာ
အတာရေသဘင်ပွဲ   နွှဲဆင်ကြ အတူတူ
ဖြူစင်စိတ်ထားဖြင့်  မြှင့်တင်ကြစို့
ဒို့ရိုးရာယဉ်ကျေးမှု  အတုအပမရှိလေအောင်
ယောင်ဆောင်ယဉ်ကျေးမှုကိုပစ်   စစ်မှန်တဲ့ ဓလေ့နဲ့
မွေ့ပျော်ကြည်နူးကြဖို့ ဒို့မေတ္တာရေစင်တွေ
စွေသွန်းသွန်းကာဖြိုး သက်ြန်မိုးပြေးနဲ့အပြိုင်
မြိုင်ဆိုင်စွာတူဆင်နွှဲ ပွဲတော်မဟာသက်ြန်
မြန်မာ့နှစ်ဟောင်းကိုပစ် နှစ်သစ်ဆီသို့ပြောင်း
ကောင်းခြင်းမဂ်လာတွေ နွေပိတောက်ရနံ့နဲ့အတူ
ကြူကြူပျံ့ကာသင်း အဆင်းလည်းလှပ
မြမြအေးချမ်း ဘ၀င်မှာ ရွ‎ွှင်လို့လန်း
ဆန်းပြားထွေထူး မြူးထူးစရာအပြည့်နဲ့
နှစ်သစ်ကိုကူးတဲ့ နွေဦးရဲ့အတာသက်ြန်……။ ။

Wednesday, March 28, 2012



ဒီနေ့ youtube မှာ သီချင်းတွေလိုက်နားထောင်နေရင်း ဒီ post  လေးကို တင်ဖို့စဉ်းစားမိတယ်။
TYZ က သီချင်းနားထောင်ရင် ကြိုက်တတ်တဲ့ သီချင်းတွေကို repeat လုပ်နားထောင်တတ်တဲ့အကျင့်ရှိပါတယ်။ 
တကယ်လို့ သီချင်းကအသစ်လည်းဖြစ်၊ ကြိုက်လည်းအရမ်းကြိုက်တယ်ဆိုရင်တော့ ၃၊ ၄ ရက်အထိ ဆက်တိုက်နားထောင်နိုင်တယ်။ အဲလိုနားထောင်တတ်တဲ့အကျင့်ကလေးရှိပေမဲ့လည်း မှတ်ညာဏ်ကမကောင်းတော့ ဘယ်သီချင်းကိုမှ တစ်ပုဒ်လုံးအကုန်မှန်အောင်မဆိုတတ်ပါဘူး။ :D
ဒါကြောင့်မို့ repeat လုပ်နားထောင်ရတာကိုကြိုက်တဲ့ ငယ်ချင်းတွေအတွက်…… အထူးသဖြင့် မသိသေးသူတွေအတွက်ပါ…။  youtube မှာ မိမိကြိုက်တဲ့သီချင်းတွေကို repeat လုပ်ပြီး နားထောင်ချင်တယ်ဆိုရင် သီချင်းရဲ့ url က ဘာညာသာဓကာ.com လို့မဆုံးခင် ဘာညာသာဓကာrepeat.com ဆိုပြီး ထပ်ရိုက်ထည့်လိုက်ရင် ကွန်နက်ရှင်မကျမချင်း ဒါမှမဟုတ် မပိတ်မချင်း စိတ်ကြိုက် တ၀ကြီး နားညည်းတဲ့အထိ repeat လုပ်ပေးနေမှာဖြစ်ပါတယ်။ 
ဒီနေ့ နားထောင်ဖြစ်တဲ့ သက်ြန်သီချင်းလေးနဲ့ မဟာသက်ြန်ကို တခါထဲ ကြိုဆိုလိုက်ပါတယ်။ သက်ြန်တွင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်ပါစေ… ကုသိုလ်တရားလည်း တိုးပွားကြပါစေ..။ 





Tuesday, March 27, 2012


နိုင်ငံတကာက အလှဖန်တီးရှင်များရဲ့ အလှအပ လျှို့ဝျက်ချက်များ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အလှအပ တိုတိုထွာထွာ နည်းနာများကို ဖော်ပြပေးလိုက်ပါတယ်။
ဇရာလျှို့ဝှက်ချက်
သြစတြေးလျမိတ်ကပ်ပညာရှင် ဆူးဒီဗစ်က “လက်နဲ့လည်ပင်းနေရာကို အမြဲတမ်း နေရောင်ကာ ခရင်မ်လိမ်းပေးပါ” တဲ့ ။ ဒီနေရာတွေဟာ မျက်နှာအစိတ်အပိုင်းလိုပဲ ထိန်းသိမ်း ဂရုစိုက် စောင့်ရှောက်ရမယ့် နေရာတွေ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇရာရဲ့ သက်သေကို ညွှန်ပြနေတဲ့နေရာတွေ ဖြစ်လို့ပါပဲ။ ဒီနေရာတွေကိုပဲ တွဲဖက်ပြီး ဂရုစိုက်ထိန်းသိမ်းလေ နုပျိုမှုကို အချိန်ကြာကြာ ဆွဲဆန့်နိုင်မှာပါ။
လက်သည်း
ပြင်သစ်ပျိုမေတွေဟာ ကြက်သွန်ဖြူ၊ အခွံမာသီးနဲ့ ချိစ်တွေ အစားများလေ့ရှိကြပါတယ်။ ဒီအစားအစာတွေမှာ ဗီတာမင်ဓာတ်တွေပေါကြွယ်ဝပြီး လက်သည်းနဲ့ ဆံပင်ကို အားပြုစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ အကောင်းဆုံးသော သဘာဝအလှ တိုးဆေး နည်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ လက်သည်း အောက်ခံ ဆိုးဆေးထဲ ကြက်သွန်ဖြူကို ပါးပါးလေးတွေ စိတ်ထည့်ထားပေးပြီး ဆိုးတာလက်သည်းကို ခိုင်မာကြံ့ခိုင်စေပါတယ်လို့ ကိုလံဘီယာက အလှဖန်တီးရှင် တာတာဟာပါးက ဆိုပါတယ်။
အရေပြားခြောက်သွေ့ခြင်းအတွက်
လက်ခြောက်ခြောက်သွေ့သွေ့ဖြစ်နေရင် သံပရာသီးအခွံနဲ့ ပွတ်ပေးတာ အမြန်ဆုံး ပျောက်ကင်းစေပါတယ်။ ဒီနည်းဟာ အရေပြားအထူးကု အာမန်နာကတ်စ်က ပြောကြားခဲ့တာ ဖြစ်ပြီး သူငယ်စဉ် ကလေးဘဝကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဇမ်ဘာဘွေ ပျိုဖြူတို့ရဲ့ အသားအရေထိန်းသိမ်းနည်း
ဇမ်ဘာဘွေပျိုဖြူတွေဟာ မနက်တိုင်း လက်ဖက်ရည်ပူပူလေးကို သံပရာနဲ့ရောပြီး သောက်လေ့ ရှိကြပါတယ်။ အဲဒါဟာ ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူ ဖြစ်စေပြီး သွေးသန့်စင်စေပါတယ်။
ဘရာဇီးပျိုဖြူတို့ရဲ အလှလျှို့ဝှက်ချက်
ဘရာဇီးလူမျိုးတွေ ဟိုတစ်လောက တင်သားအလှဆုံးပြိုင်ပွဲမှာ ယောက်ျားရော၊ မိန်းမရော ဗိုလ်ဆွဲသွားခဲ့ကြပါတယ်။ ဘရာဇီးတွေရဲ့ အလှလျှို့ဝှက်ချက်တွေထဲက ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အမွေးအမှင်တွေကို ရိတ်ပယ်တဲ့နည်းဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သကြားတစ်ချို့ကို ရေထဲထည့်ပြီး ဆူပွက်လာအောင် ကြိုပါ။ ပြီးရင် သံပရာရည် အနည်းငယ်ထည့်ပါ။ အေးသွားအောင်ထားပြီး ရိတ်ချင်တဲ့ အမွေးအမှင် တွေပေါ် လိမ်းပါ။
အိန္ဒိယလူမျိုးတို့ရဲ့ လျှို့ဝှက်ချက်
အိန္ဒိယဆိုရင် ကမ္ဘာက ဆံပင်အကောင်းဆုံးလူမျိုးအဖြစ် သိကြပါတယ်။ အာရှမှာလည်း အာရှသူတွေရဲ့ ဆံပင်ဟာ တခြားသော လူမျိုးအားလုံးထက် ပိုပြီး ဆံသားထူထဲကြောင်း ကမ္ဘာက အသိအမှတ်ပြု ထားကြပါတယ်။ ဒါကြောင့် ကေသာအလှနဲ့ ပတ်သက်ပြီး ပြောပါမယ်။ သူတို့ လူမျိုးအားလုံး လုပ်လေ့ရှိတဲ့ နည်းလေးလည်းဖြစ်ပါတယ်။
အုန်းဆီကို ခေါင်းပေါ်မှာ နှံ့အောင်လိမ်းပြီးမှ ရေချိုးလေ့ရှိတယ်။ ခေါင်းလျှော်လေ့ရှိတယ်။ အဲဒီလို လုပ်တာဟာ ဆံပင်ကို နက်မှောင်ပြီး သန်စွမ်းစေပါတယ်။ ခေါင်းကို အုန်းဆီလိမ်း၊ နှိပ်နယ်ပေးပြီး ဆယ့်ငါးမိနစ်ခန့်ထားပါသေးတယ်။
မြန်မာမှာတော့ အလားတူ နည်းတစ်မျိုးလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ခေါင်းမလျှော်ခင် နာရီဝက်အလိုလောက် အုန်းဆီနဲ့ ရွဲနစ်နေအောင် လိမ်းပြီး ခေါင်းလျှော်တယ်။ ရေချိုးပြီးတော့ ခေါင်းကို ပြန်ပြီး အုန်းဆီနဲ့ ရွဲနစ်နေအောင် လိမ်းတဲ့နည်းလေး ဖြစ်ပါတယ်။ ဒီနည်းဟာ ဆံပင်ကို သန်စွမ်းရုံမျှမက နက်မှောင် တောက်ပြောင်လာစေပါတယ်။
နောက်တစ်နည်းကတော့ အိန္ဒိယလူမျိုး အလှဖန်တီးရှင် ဒါရိုက်တာ ကီဆာရီက အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေအတွက် ပေါင်းတင်နည်းကို လက်တို့ ဖော်ပြပေး ထားပါတယ်။ ပေါင်းတင်တယ်ဆိုတာ အိန္ဒိယယဉ်ကျေးမှုမှာ အရေးပါအရေးကြီးတဲ့ အလှပြင်နည်း တစ်ခုဖြစ်ပါတယ်။
စန္ဒကူးပေါင်ဒါကို စားပွဲတင်ဇွန်းတစ်ဇွန်းခန့်ယူပြီး နနွင်းမှုန့်လက်တစ်တို့ခန့်နဲ့ ရောပေးပါ။ ပြီးရင် လိမ္မော်ရည် စားပွဲဇွန်းအနည်းငယ်နဲ့ ရောပေးပါ။ အဲဒီအရည်နဲ့ မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာပါ လိမ်းပေးပါ။
ခြောက်သွေ့သွားတဲ့အထိ ထားပြီးမှ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ သာမန် အသားအရေ ပိုင်ရှင်တွေ အတွက်ကျတော့ နှင်းဆီရည်ကို သုံးပေးပါ။
နှုတ်ခမ်းနီ
ပြင်သစ်မိတ်ကပ်ပညာရှင် တယ်ရီဒီဂန်းဇ်ဘာဂ်ကတော့ အမြဲတမ်း နှုတ်ခမ်းနီဆိုးပေးပါလို့ ဆိုထားပါတယ်။ ပြင်သစ်ပျိုဖြူတွေဟာ lipgloss ထက် နှုတ်ခမ်းနီအတောင့်ကို ပိုပြီး သုံးစွဲလေ့ ရှိကြပါတယ်။ အိမ်ပြင်ထွက်ရင် နှုတ်ခမ်းနီမဆိုးဘဲ ထွက်လေ့မရှိကြပါဘူး။ ဒါကြောင့် နှုတ်ခမ်းနီ ဆိုးတာဟာလည်း ညို့အားပြင်းစေတဲ့ အလှပြင်နည်း တစ်ခုဖြစ်တာမို့ တိုက်တွန်းလိုက်ရပါတယ်။

( မြန်မာသတင်းရပ်ဝန်း မှ ပြန်လည်မျှဝေပါသည်။) 

Monday, March 26, 2012



မင်းစချော့ပါ သီချင်းကို နားထောင်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် အစည်းအဝေးပါတီပွဲမှာ အဲဒီသီချင်းတက်ဆိုဖို့ အဆိုလေ့ကျင့်နေတာကိုကြားမိမှပဲ ဒီလိုအတွေးတစ်ခု ၀င်လာခဲ့တယ်။

မင်းပဲစချော့....

ဘာညာအထာတွေ ငါ့မှာမရှိဘူး
မာနဆူးတွေလည်း ခ၀ါချပြီးသား။

အမှားတချို့လေးအတွက်နဲ့
နင်ကျောမခိုင်းလိုက်ပါနဲ့။

မမာနိုင်သေးတဲ့ ငါ့နှလုံးသားကို
အရင်လို မကြင်နာနိုင်ခဲ့ရင်တောင်
တွယ်တာမှုလက်ကျန်နဲ့ပဲ
မင်းဘက်က စချော့ပေးပါ။

ငါ့ဘက်က မိန်းမသားဆိုတော့
နီးလျှက်နဲ့ တို့ဝေးမသွားချင်ရင်ပေါ့
မင်းဘက်ကပဲ စချော့ပေးပါ။ ။

ဒီအတွေးလေးကို တွေးမိသွားစေသူ သီချင်းဆိုပြခဲ့တဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။

ချစ်သူစုံတွဲများ အားလုံးပါပဲ.....စိတ်ဆိုးတခါ စိတ်သာတလှည့်နဲ့ ချစ်ခြင်းတွေကို အပြစ်ကင်းစွာနဲ့ နှောင်ဖွဲ့တတ်ကြပါစေ........:P

Sunday, March 25, 2012



(၁) နံပါတ်ကို ချိတ်စွဲထားတဲ့သူကတော့ Justin Bieber လူငယ်အဆိုကျော်လေးပါ… အသက် (၁၇) သာ၇ှိသေးပေမဲ့ သူ့ရဲ့ဝင်ငွေကတော့ ဒေါ်လာသန်းပေါင်း ၅၃ သန်းတဲ့…။


(၂)ကတော့ အသက် (၁၈) နှစ်ရှိတဲ့ အမျိုးသမီးငယ်.. Miley Cyrus ပါ။ ၀င်ငွေကတော့ ဒေါ်လာ ၄၈ သန်းပါ။

(၃)ကတော့ Nick Jonas ဖြစ်ပြီး ဒေါ်လာ ၁၂.၅ သန်း ၀င်ငွေရှိသူလေးပါ။ သူ့အသက်က (၁၈) နှစ်ပါ။

(၄) ယောက်မြောက်ကတော့  Taylor Lautner ၊ အသက် (၁၉)နှစ်ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၈.၅ သန်းပါ။

(၅)ကတော့ Angus T. Jones ပါ။ ၀င်ငွေဒေါ်လာ ၇.၈ သန်းရှိတဲ့ အသက် (၁၇)နှစ်အရွယ် လူငယ်လေးပါ။

 (၆)မှာတော့ Selena Gomez ဆိုတဲ့ အမျိုးသမီးငယ်လေးဖြစ်ပြီး အသက် (၁၉)နှစ်နဲ့ ၀င်ငွေဒေါ်လာ ၅.၅ သန်းရှိသူပါ။

 (၇) ကတော့ အသက် (၁၃)နှစ်သာရှိတဲ့ Jaden Smith ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၅ သန်းရှိပါတယ်။

(၈) ယောက်မြောက်နေရာမှာတော့ အမျိုးသမီးငယ်လေးဖြစ်တဲ့ Willow Smith ဖြစ်ပြီး အသက် (၁၀)နှစ်အရွယ်မှာ ၀င်ငွေဒေါ်လာ ၄ သန်းရှိပါတယ်။


(၉)နေရာမှာ Dakota Fanning ၊ အသက် (၁၇) ဖြစ်ပြီး ၀င်ငွေ ဒေါ်လာ ၄ သန်းရှိပါတယ်။


(၁၀)ကတော့ အသက် (၁၃) နှစ် အမျိုးသမီးငယ် Elle Fanning ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၁.၅ သန်းရှိပါတယ်။

 August,21,2011 ရက်စွဲနဲ့တင်ထားတဲ့ post ကို ပြန်လည်မျှဝေပါတယ်။

အသေးစိတ်သိချင်ရင်..ဒီမှာ သွားဖတ်ကြည့်လို့ရပါတယ်။

Friday, March 23, 2012

 သူတို့တွေရဲ့ ရင်နာစရာကောင်းတဲ့ မြင်ကွင်းကိုတော့ စာနာစိတ်ရှိသူတိုင်း ရင်ထဲမချိဖြစ်မိကြမှာပါပဲ…  အဲဒီတော့… တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ကျွန်မအတွက်တကယ့်ကို ရင်နင့်စရာမြင်ကွင်းလေးပေါ့လေ။
သူတို့တွေမှာလည်း နားလည်တတ်တဲ့ အသိညာဏ်ရှိသလို ခံစားတတ်တဲ့ စိတ်ခံစားမှုလည်းရှိကြတယ်ဆို တာ အဖြစ်အပျက်လေးကို မြင်မိသူတိုင်း လက်ခံနိုင်ကြမှာပါ။ 

သာမန်ဖြစ်စဉ်တွေထက် ဆန်းကြယ်လို့လည်း သူတို့တွေရဲ့ အဖြစ်အပျက်ကို တီဗွီကနေတဆင့် သတင်း အနေနဲ့ ထုတ်လွှင်ခဲ့လို့သာ ကျွန်မအပါအ၀င် လူထုများစွာမြင်ခွင့်ရကြတာပေါ့။
အဲဒီနေ့ မနက်ကျောင်းဆင်းတော့ နေ့လည်အတန်းရှိသေးတာမို့လို့ ကျွန်မ canteen  ဆီ ကို နေ့လည်စားဖို့ ထွက်လာခဲ့တယ်။ အခြားသူငယ်ချင်းတစ်ယောက်နဲ့အတူပေါ့။ စားချင်တာကို ၀ယ် ပြီးတော့ သူငယ်ချင်းရှိတဲ့ စားပွဲဆီကိုအပြန် ကျောင်းသူကျောင်းသားတော်တော်များများ စိတ်ဝင်တ စားငေးကြည့်နေတဲ့ တီဗွီဖန်သားကို ကျွန်မလည်း စူးစမ်းလိုစိတ်နဲ့ မော့ကြည့်လိုက်မိတယ်။ အစီအစဉ်တင် ဆက်သူတွေ ကြေငြာပေးနေတဲ့ ထိုင်းစကားနဲ့ ကြေငြာနေတာမို့လို့ ကျွန်မနားမလည်နိုင်ပေမဲ့ ဖန်သား
ပေါ်က မြင်ကွင်းလေးကြောင့် ကျွန်မရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတယ်။ စားပွဲဆီကို ရောက်ဖို့ ခပ်လှမ်းလှန်းမှာရပ်နေမိတဲ့ ကျွန်မ… ထိုင်ခုံထဲ ၀င်ထိုင်လိုက်ပေမဲ့ အမြင်အာရုံကို လွှဲဖယ်မပစ်နိုင်ခဲ့ဘူး။
ကျွန်မကြည့်နေတဲ့ မြင်ကွင်းထဲမှာ ကြောင်လေး ၂ ကောင် အစာရှာထွက်လာတဲ့ မြင်ကွင်းလေးကို ပထမ ဆုံးစမြင်လိုက်တယ်။ အဖြူနဲ့အနက်ရောင်စပ်ကြောင်လေးရယ်။ တကိုယ်လုံးအနက်ရောင်နဲ့ကြောင်လေး ရယ် သူတို့ ၂ ကောင်ပေါ့။ ကြောင်လေလွင့်တွေထင်တယ်…. ထိုင်းနိုင်ငံမှာ ကြောင်တွေ ကို ခွေးလောက် မချစ်တာကြောင့် ကြောင်လေလွင့်တွေများတယ်လို့ အရင်တုန်းက ထိုင်းက ပြန်လာတဲ့သူတွေ ကို ပြောပြ တာကို သွားသတိရလိုက်မိသေးတယ်။ 

လမ်းပေါ်အစာရှာရင်း ကားလမ်းတဖက်ကနေ တဖက်ကိုအကူး အနက်ကောင်လေးကို အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက ၀င်တိုက်သွားတယ် လွင့်စင်ထွက်သွားတဲ့ မြင်ကွင်းကြောင့် စိတ်ထဲမှာ တကယ်မကောင်းဘူး။ ကားပိုင်ရှင်တွေက ပြန်တောင် လှည့်မကြည့်ကြပါဘူး။ ကြောင်တိုက်မိတာ မပြောနဲ့လေ လူတိုက်မိ       တာတောင် လှည့်မကြည့်တဲ့ စာနာစိတ်ကင်းမဲ့တဲ့လူတွေတောင် ရှိနေသေးတာ ပဲ။ ကြောင်လောက်ကတော့ အတွေးထဲတောင် ထည့်တွေးမှာ မဟုတ်လောက်ပါဘူး။ 

ကြောင်နက်ဖြူလေးကတော့ ရုတ်တရက် ကားဖြတ်မောင်းသွားတဲ့အသံကြောင့်ထင်တယ် နောက် ကို ပြန်လှည့်ကြည့်ရင်း အနက်ကလေး ရဲ့အဖြစ်ကို  သူလှမ်းမြင်လိုက်တယ်။ ကားလမ်းနဲ့နဲနဲခပ်လှမ်းလှမ်းကို လွင့်စင်ထွက်သွားတာကိုမြင်တော့  သူအပြေးလေးနဲ့ ပြေးသွားကြည့်ပါတယ်။ သူ့စိတ်မှာ ဘယ်လောက် ထိစိုးရိမ်နေမလဲ….. ကြောင်နက်လေးကတော့ ပွဲချင်းပြီးအသက်ပျောက်သွားရှာမှာပေါ့။ သူတို့ ခန္ဓာကိုယ်လေးနဲ့ ဆိုတော့ ရှင်ဖို့ဆိုတာ တကယ့်ကိုကံကောင်းမှပါ။ ကံကောင်းတဲ့အထဲမှာ သူမပါခဲ့ဘူး။ ကံဆိုးမှုတွေကို သူကြိုမသိနိုင်လို့ သူ့သူငယ်ချင်းနဲ့ အဖြစ်ဆိုးစွာ ခွဲခွါသွားခဲ့ရတယ်။ 

ကျန်ခဲ့သူလေးကတော့ အသက်မဲ့နေတဲ့အနက်ကလေးကို တွေတွေလေးစိုက်ကြည့်နေရင်း အသံပြုလိုက် တယ်။ သူငိုနေပြီလား? နောက်တော့ သွေးပေနေတဲ့ အနက်ကိုယ်လေးကို မ၀ံ့မရဲနဲ့သူနမ်းရှုတ်လိုက်တယ်။ အခြေအနေမှန်ကို သူ သိသွားပြီထင်တယ်။ သူအော်တယ် အော်တာထက် ငိုတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသံကို အမျိုးမျိုးပြောင်းပြီးငိုတယ် သူဘာတွေ ညည်းတွားနေမလဲ….. သွားလေသူအတွက် သူဘာတွေ ရင်ထုမနာ ရင်ဖွင့်နေမလဲ…..သူ့အသံတွေက စို့နစ်ကြေကွဲနေမှာပေါ့…. ဒါကို ဘယ်သူတွေကနားလည်ပြီး နှစ်သိမ့်ပေးနိုင်ကြမလဲလို့ ကျွန်မတွေးမိတယ်။ အသံမျိုးစုံနဲ့ သူပြောဆိုငိုယိုပြီးတော့ ခဏအကြာမှာ ရှင်လိုရှင်ငြား နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ထင်တယ်…….. သူ့ခေါင်းလေးနဲ့ သွားလေသူရဲ့ ၀မ်းဗိုက်နေရာကို ရှိသမျှအားလေးနဲ့ သူတိုးဝှေ့ပြီး တွန်းကြည့်သေးတယ်။ အနက်လေးရဲ့ကိုယ် အနည်း ငယ်ရွေ့သွားရုံကလွဲပြီး နဲနဲမှ လှုပ်ရှားမလာခဲ့။ ဒီတော့ သူ့လက်သည်းတွေနဲ့ ကျောကုန်းတွေဘက်ကို သူဖွဖွလေးကုတ်တယ်။ နာကျင်မှာလည်း သူစိုးရိမ်ဖို့ သတိရနေသေးတာပဲ သူရဲ့ကြင်နာမှုတွေအတူ နာကျင်ကြေကွဲနေရတာကို ကျွန်မခံစားတွေ့မြင်နေရတယ်။ လက်သည်းတွေနဲ့ အသာကုတ်ရင်း သူ့အော် သံတွေက ကြေကွဲစရာကောင်းလွန်းပါတယ်။ 

နောက်ဆုံးတော့ အဖြစ်မှန်ကို သူတကယ် လက်ခံဖို့ စိတ်ဆုံးဖြတ်လိုက်ပုံပဲ။ မသေမသပ်နဲ့ ပြန့်ကားနေတဲ့ အနက်လေးရဲ့အမြီးလေးကို သူက သပ်ရပ်မှုရှိအောင်လို့် နာခေါင်းလေးနဲ့ တွန်းရွှေ့ပေးတယ်။ သူလှုပ် ရှားနေချိန်တိုင်း သူ့ ပါးစပ်က မနားတမ်းအော်နေခဲ့တယ်။ တကယ်တော့ သူကြေကွဲစွာနဲ့ ငိုနေခဲ့တာပေါ့…တခြားသူတွေလည်း ကျွန်မထင်သလို ထင်ကြမယ်မလွဲပါဘူး…။ အနက်လေးရဲ့အမြီးကို တွန်းရွှေ့လို့အပြီး သေသူကို ထားခဲ့တော့မယ်လို့ ကျွန်မထင်ခဲ့မိတယ်။ ကျွန်မအထင် တကယ်ကို မှားခဲ့ပါတယ်။ သေသွားတာတောင် သူ့ယုယမှုတွေ လျော့မသွားခဲ့ဘူး သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးပြီးရင် အနက်လေးဘေးမှာ သူခွေပြီးအိပ်လိုက်တယ်။ ကျောဘက်နားမှာ ၀င်ခွေလိုက် တယ်။ ကျောချင်းကပ်အနေအထားမဟုတ်ပါဘူး။ အကြားလေးကို သူ့ရင်ခွင်နားမှာ ထားပြီး အိပ်နေတာပါ။  သူ့မျက်လုံးတွေ ညှိုးငယ်နေလိုက်တာ အားကိုးစရာမဲ့နေတဲ့ဘ၀….. အတူတူအစာထွက်ရှာနေတုန်း ရုတ်တရက် တကောင်နဲ့တကောင် သေကွဲကွဲရတဲ့သူတို့တွေရဲ့ အဖြစ်ဆိုးလေ… ကျန်နေခဲ့တဲ့ကြောင်လေး ကတော့ မျက်စိမမှိတ်ပဲ ဘေးနားက သူတို့တတွေကို ကြည့်နေတဲ့ လူတချို့ကို မျက်နှာငယ်လေး နဲ့ မော့ကြည့်နေသေးတယ်။ သူအကူအညီတောင်းနေခဲ့တာလား…။ သူ့အသံတွေက အစောတုန်းကလို သိပ်မကျယ်တော့ တိုးတိုးလေး ညည်းညူနေရှာတယ်။ 

ကျွန်မကိုယ်တိုင် သူငယ်ချင်းရှေ့မှာ မငိုမိအောင် သက်ပြင်းရှိုက်ထုတ်ရင်း မသိမသာအံကြိတ်လိုက်မိတယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုပြီး ကျွန်မဆက်ကြည့်နေမိတယ်။ သူဟာ ခေါင်းလေးငိုင်စင်းသွားလိုက် ခဏလောက်ကြာရင် ခေါင်းလေးထောင်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ အော်လိုက် အနက်ကလေးကို ကြည့် ပြီးအော်လိုက်နဲ့ ဆက်ခွေနေတာ မိနစ်အနည်းငယ်ကြာတော့မှ လူတချို့ရောက်လာပါတယ်။ ကြောင်သေ   ကိုရှင်းဖို့နဲ့ သူ့လို ကြောင်လေလွင့်ကိုဖမ်းတဲ့ လူတွေပေါ့။ သူ့ကို ဖမ်းလိုက်တော့ လည်း ငြိမ်ငြိမ်လေးပဲ ပါသွားတယ်။ သူစိတ်ထိခိုက်နာကျင်နေတဲ့အချိန်မှာ ထွက်ပြေးဖို့တောင် သူမစဉ်းစားမိတော့ဘူးထင်တယ်။ တယောက်က သူ့ကိုဖမ်းရင်း  တခြားတစ်ယောက်ကလည်း ကြောင်သေလေးကို ယူသွားတယ်။ သူ ငိုင်ငိုင်တွေတွေလေးပဲ ထိုလူလျှောက်သွားတဲ့ဘက်ကို လိုက်ငေးကြည့်နေမိတယ်။ သူဘာတတ်နိုင်မှာ  လဲလေ…….။ အားကိုးခိုကိုးစရာ သခင်လည်းသူ့မှာမရှိဘူး။ အတူတူသွားလာကျက်စားဖို့လည်း သူ့မှာ အဖော်မဲ့သွားခဲ့ပြီမဟုတ်လား……။  သူ့ရဲ့နာကျင်မှုဝမ်းနည်းတွေ အားကိုးရာမဲ့ သိမ်ငယ်မှုတွေ ကျွန်မရင်ထဲအထိ ကူးစက်လာသလိုပဲ… ၀မ်းနည်းပက်လက်နဲ့ ကျွန်မစိတ်ထဲမှာ အားတွေဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်……..။ ကျွန်မ…….ငိုမိမှာစိုးလို့ ကျွန်မလုပ်တတ်တဲ့ အကျင့်လေးအတိုင်း နောက်ထပ်တစ်ခါ နှုတ်ခမ်းတွေကိုပြုံးနေသလို တွန့်လိုက်ပြီး ၀မ်းနည်းစိတ်တွေနဲ့ အတူ မသိမသာအံကြိတ်ရင်း မောလျလျသက်ပြင်းတစ်ခုကို ရှိုက်ထုတ်လိုက်တယ်။ တကယ်တော့ သက်ပြင်းတစ်ခုကို ကျွန်မရှိုက်ထုတ်လိုက်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ဇာတ်လမ်းလေးကိုတော့ ကျွန်မခေါင်းထဲ ကနေ၊ ရင်ထဲကနေပြီး ထုတ်ပြစ်လိုက်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

အချိန်အတိုင်းနဲ့ဆိုရင် သတင်းပြကွက်လေးက ၅ မိနစ်ကျော်ကျော်လောက်ပဲကြာခဲ့ပါတာပါ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနှစ် ၅၀ မက ဆက်လက်ကြွင်းကျန်နေခဲ့တော့မှာ…….။  အဲဒီသတင်းပြကွက်ကို ဘယ်လိုရိုက်ထားတယ်ဆိုတာတော့ ကျွန်မအသေအချာမသိပါဘူး။ တကယ့်အဖြစ်မှန်ကို ရိုက်ထားသလို ဆိုတော့ လမ်းမှာ ကင်မရာတပ်ထားလားဆိုတာလည်းကျွန်မ သေချာမသိပါဘူး။ ထိုင်းဘာသာကို ကျွန်မနားမလည်နိုင်ပေမဲ့လည်း စာနာစိတ်နဲ့ ရင်ထဲမှာ အားငယ်ကြေကွဲနေခဲ့တဲ့ ကြောင်လေးရဲ့ စိတ်ခံစား မှုဘာသာစကားကိုတော့ ကျွန်မနားလည်နိုင်ခဲ့ပါတယ်။ 

ကျွန်မရဲ့စိတ်ကပဲ ပျော့လွန်လွန်းလို့လားတော့မသိဘူးပေါ့။ ထမင်းဆက်စားနေရင်း ခဏခဏဝေ့တက်လာ တဲ့ မျက်ရည်စလေးတွေကို သူငယ်ချင်းမမြင်မိအောင် ကျွန်မပုတ်ခတ်လိုက်ရင်း သက်ပြင်းလည်းခဏခဏ ရှိုက်ထုတ်နေမိတယ်။ ကားတိုက်လို့ သေဆုံးသွားတဲ့ ကြောင်လေးအနားက မခွါနိုင်ဖြစ်နေ တဲ့ ကြောင်ကလေးရဲ့ ရင်နာစရာ မြင်ကွင်းနဲ့အတူ  သေနေတဲ့ကြောင်ငယ်လေးအတွက်လည်း ယူကျုံးမရ စိတ်ထိခိုက်မိတယ်။ တကယ်ဆို ကြောင်နက်ဖြူလေးဟာ လူတွေလို အသိညာဏ်နဲလို့ သူ့အဖော်ေ လး သေတာကို မသိတာပဲနဲ့ အပိုတွေ လျှောက်လုပ်နေခဲ့တာမျိုးတော့  မဟုတ်လောက်ဘူး ထင်ပါတယ်။ သေခြင်းတရားကို ဘယ်သူကမှ မလွန်ဆန်နိုင်ကြပါဘူး။ ဒါတွေကို ကျွန်မတို့ သိထားပေမဲ့လည်း ကိုယ်နဲ့ပတ်သက် ဆက်စပ်သူတွေရဲ့ နောက်ဆုံးအချိန်ဖြစ် တဲ့ သေဆုံးခြင်းနဲ့တွေ့ကြုံရသူတွေတိုင်း ၀မ်းမနည်းတတ်တဲ့ ပုထုဇဉ်ဆိုတာ မရှိသလောက်ရှားပါတယ်….။
သူတို့ရဲ့ သတင်းအစီအစဉ်လေးကို ကျွန်မကြည့်ခဲ့တာ ကြာတော့ကြာပါပြီ။ စာနာစိတ်နဲ့ သူတို့တွေရဲ့ ၀မ်းနည်းစရာအကြောင်းလေးကို post အဖြစ်ရေးဖို့ကို အကြောင်းကြောင်းကြောင့်နှောင့်နှေးနေခဲ့ပေမဲ့ သူတို့အကြောင်းစဉ်းစားမိတိုင်း ပုံရိပ်လေးတွေက အာရုံထဲမှာ ထင်းနေတုန်းပါပဲ…..။ 

အဲဒီနေ့မှာ အသေချာဆုံးကတော့ ကျွန်မ စားသမျှအစာတွေ အရသာမဲ့နေခဲ့တယ်။ ဇွန်းကိုင်ထားခဲ့တဲ့ ကျွန်မလက်တွေ အားတွေပျက်နေခဲ့သလိုခံစားခဲ့ရတယ်……..နောက်အတန်းတက်တဲ့အချိန်ထိ ကျွန်မငိုင်တွေနေခဲ့သေးတယ်။  အချိန်အတိုင်းအတာတစ်ခုထိ သူတို့အကြောင်းတွေ ကျွန်မရင်ထဲမှာစွဲကျန်နေခဲ့တယ်။အခုအချိန်မှာ မကြာခဏ သတိမရတော့ပေမဲ့ ကျွန်မရင်ထဲမှာ ထာဝရထင်ကျန်နေမဲ့ ပုံပြင်တစ်ပုဒ်တွေထဲမှာ သူတို့အကြောင်းလေးလည်းပါတယ်။ 
ချစ်ခြင်းတရားတွေ မေတ္တာတရားတွေ ဂရုဏာတရားတွေ ကြင်နာခြင်းတွေကို သူတို့လို တိရိစ္ဆာန်တွေထက် ညာဏ်ရည်မြင့်ပါတယ်ဆိုတဲ့ လူသားတွေ ပညာတတ်ပါတယ်ဆိုတဲ့ လူတန်းစားတွေ ဒီကြောင်လေးတွေ လိုရော တကယ့် ကြင်နာခြင်းတွေ မေတ္တာတရားတွေကို နားလည်ကြရဲ့လား ဆိုတဲ့မေး ခွန်းမျိုး ကျွန်မ ခေါင်းထဲမှာ ပိုပြီးနက်ရှိုင်းလာခဲ့တယ်။ ဒီအတွေးတွေ ကျွန်မခေါင်းထဲမှာ ၀င်လာမိတိုင်း တချို့လူတွေဟာ တချို့ တိရိစ္ဆာန်လေးတွေထက် အကြင်နာတရား ကင်းမဲ့ပြီး ကြောက် စရာကောင်းကြတယ်ဆိုတာကို အချိန်ကြာလာလေလေ ကျွန်မ ပိုပိုပြီး လက်ခံလာမိလေလေပါပဲ….။

(မှတ်ချက်။ ။ကျောင်းcateen ထဲမှာ ကြည့်ခဲ့ရတဲ့ တီဗွီသတင်းကို ပြန်ရေးထားတာပါ……. ကျွန်မရေးထား တာကို သူငယ်ချင်းတို့ တွေးမြင်မိသလို စိတ်ကြိုက်ဝေဖန်ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးအသား မတတ်မှန်းသိပေမဲ့ သူတို့တွေအပေါ်စာနာစိတ်နဲ့ ကျွန်မခံစားရသလို ရေးတတ်သလို သာ  ရေးထားတဲ့ အတွက် စေတနာထားပြီး အားနည်းချက်ကို ကူညီထောက်ပြပေးကြပါနော်။ ဒီ post လာဖတ်ပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်)

Wednesday, March 21, 2012



ဒီနေ့တော့.....ဒီသီချင်းလေး နားထောင်နေမိပါတယ်..........။ သူငယ်ချင်းတို့လည်း အလည်လာရင်း နားသောတဆင်သွားကြနော်...။


ဓါတ်ပုံ Keralites@yahoogroups.com

Monday, March 19, 2012

ဟိုဖွေဒီရှာရင်း gtalk မှာ auto reply လုပ်လို့ရတာကို သိရလို့ ပြန်မျှဝေတာပါ။ 


သူလည်းပဲ ကိုယ့်စက်မှာ  Ideal အမြဲတမ်းလုပ်ထားချင်သလို software တစ်ခုကို download ပြီး ကိုယ့်စက်မှာ run ပေးရတယ်။ run ထားတာကို ဖွင့်ပြီး သူတောင်းတဲ့ username နဲ့ password ကို ထည့်ပေးလိုက်ပါ။ (ကိုယ့် email ရဲ့ username နဲ့ password ပါ) နောက်ပြီး ကိုယ် auto reply လုပ်စေလိုတဲ့ message ကို ရိုက်ထည့်လိုက်ပြီးရင်Start automatically with Windows ကို အမှန်ခြစ်ပေးလိုက်ပါ။ နောက်ဆုံးမှာ  save လုပ်လိုက်ပါ.......... သင်အဝေးကိုရောက်နေချိန်အတွင်း သင့်ကိုယ်စား သင့်သူငယ်ချင်းဆီကို အလိုလိုစာပြန်ပေးမှာပါ။ 


ဒီမှာ ဒေါင်းလုပ်ယူလိုက်နော်...။
ဒီကနေ ရှာဖွေလာခဲ့ပါတယ်။



Thursday, March 15, 2012

တိမ်ဖြူတစ်စ လွင့်ကျလာတယ်
အမြင်အာရုံ မှုန်မှိုင်းမှိုင်း
……………………………..။
ကမ္ဘာမြေပြင်ကို ခေါင်းအုံးလိုက်ချိန်
ရင်ခုန်သံကို စိုးထိတ်စွာနားစွင့်
…………………………………။

အိုကွယ်……….
ငါကြားလိုက်ရတယ်
ငိုကြွေးသံတွေနဲ့
ကြွေလွင့်သွားပြီတဲ့……….။

တိမ်ဖြူစလား…?
င့ါဝိညာဉ်လား……?
…………….။  ။

Friday, July 1, 2011 at 5:56pm

Wednesday, March 14, 2012




ပျင်းတဲ့အခါ ကစားကြည့်ပါလား :D 
ဒီကနေ ရှာဖွေလာပါတယ်။

Tuesday, March 13, 2012

အရာရာကို ရိုးစင်းစွာ တွေးမြင်တတ်တဲ့ သင့်အတွက် သံသယမျက်မှန်တစ်လက်ကို ဆောင်ထားပါ။
လိုအပ်ရင် ထုတ်သုံးပါ။
လူတချို့ဟာ သင့်ယုံကြည်မှုနဲ့ အကြွင်းမဲ့ ထိုက်တန်ကြတာမဟုတ်ဘူးလေ။
သင့်ရဲ့ယုံကြည်လွယ်တတ်တဲ့အကျင့်ကို ခဏခဏခေါင်းပြူခွင့်မပြုပါနဲ့။
လောကကြီးက မာယာတွေနဲ့ မျက်လှည့်ဆန်လွန်းတယ်။
သင်သတိရှိနေတဲ့အချိန်တွေတောင် အလစ်တိုက်အငိုက်ခံရတတ်သေးတယ်။
သင်သာသတိလွတ်ခဲ့ရင် နာကျင်ဝမ်းနည်းခြင်းတွေ ထည့်ခတ်ထားတဲ့ ခါးသက်တဲ့မျက်ရည်တွေပဲ သင်သောက်သုံးနေရလိမ့်မယ်။
နူးညံ့တဲ့ သင့်နှလုံးသားကို မလိုအပ်တဲ့အချိန်တွေမှာ သိုဝှက်ထားလိုက်ပါ။
ဦးနှောက်သုံးပြီး တခါတလေမှာ စက်ရုပ်တစ်ကောင်လို သင်ရုန်းကန်ကြည့်လိုက်ပါ။
လောကကြီးက တစ်နေ့ထက်တစ်နေ့ ရုပ်ဝတ္ထုဆန်လာတာကို သင်ငြင်းဆန်လို့ မရနိုင်ဘူး။
ဒီလိုလောကကြီးကို မုန်းနေတဲ့ သင့်အယူအဆတွေကိုပဲ မီးသဂြိုလ်ပစ်လိုက်ပါ။
သင့်ဘ၀ကို လောကနဲ့ အံဝင်ခွင်ကျဖြစ်အောင် သင်ယူပြုပြင်ကြည့်ပါ။
တစ်နေ့ကျရင်…. ဒီလောကကြီးဟာ သင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာကောင်းတစ်ဆူဆိုတာ သင်နားလည်လာပါလိမ့်မယ်။ 

(ပြောင်းလဲနေတဲ့လောကကြီးနဲ့ အံဝင်အောင် အလိုက်သင့်ကျွန်မနေတတ်ရင်အရမ်းကောင်းမှာပဲ)
 
 နံနက် ၃း၁၀ မိနစ် စနေနေ့ မတ်လ ၁၀ ရက် ၂၀၁၂

 ဒီစာတိုလေးက ကျွန်မကိုယ်ကျွန်မ သတိပေးဖို့ ရေးမိတာလေးပါ။

Monday, March 12, 2012


ဓါတ်ပုံ Keralites@yahoogroups.com

Sunday, March 11, 2012

ညရဲ့အလှက ရင့်ကျက်ငြိမ်သက်လွန်းနေတယ်၊
လသာသာ လမိုက်မိုက်၊
လဆန်းဆန်း လဆုတ်ဆုတ် (ဆုပ်)
ညချစ်သူတွေအတွက် ညကအမြဲတမ်းလှနေတယ်။

လမိုက်ကိုမှ ကြိုက်သူအတွက်၊
လမိုက်ညက တည်ငြိမ်မှုတွေနဲ့ ရင့်ကျက်စွာ လှသတဲ့…။
လပြည့်ညကိုမှ ချစ်တယ်ဆိုတဲ့သူတွေ ကျတော့လည်း၊
လပြည့်ညက အေးချမ်းမှုတွေနဲ့မို့ အလှဆုံးတဲ့………..။
လဆန်းလဆုပ်ကို နှစ်သက်သူတွေ ကျပြန်တော့
လခြမ်းကွေးဘေးနားမှာ အားချင်းပြိုင်နေတဲ့ ကြယ်နှစ်စင်းနဲ့
လဟာ မာန်အပြည့်နဲ့ လှနေသတဲ့…။
ဒါတွေအားလုံး သူတို့ခံစားမှုအပေါ်မှာပဲ မူတည်နေခဲ့တာပါ
အမှန်က ညက သူ့ဘာသာလည်းလှနေတာပဲလေ……။

ကြယ်ပွင့်တွေ မလင်းလည်း ညက သူ့ဘာသာ သူလှနေတယ်။
လမသာပေမဲ့လည်း ညက လှမြဲလှနေမှာပဲ။
ဘာလို့လည်းဆိုတော့…….
နေ့ပြီးရင် ညဆိုတာ
သဘာဝတရားအတိုင်း အမြဲရှိနေတာ။
နေ့မှာ တောက်ပသွက်လက်တဲ့ နေ့အလှရှိသလို၊
ညမှာလည်း အေးဆေးငြိမ်သက်တဲ့ အလှနဲ့ အိနြေ္ဒရနေတယ်။
ဒါတွေကိုတော့ ညကို ချစ်တတ်တဲ့သူတွေ သေချာသိမှာပေါ့။

ညဟာ နေ့မှာကျက်စား နွမ်းမောလာသူတွေကို
ညတေးသံတွေနဲ့ အိပ်မောကျအောင်လည်း
ချော့မြှူသိပ်ရင်း အိပ်စက်စေတတ်တယ်။
ညဟာ ချစ်သူတွေကြား
သတိရမှုတွေလည်း
တခါတလေမှာ ဆောင်ကျဉ်းပေးတတ်တယ်။
ညဟာ တစ်ကိုယ်တည်းသမားတွေအတွက်
အလွမ်းတွေကူတွေး
မျှဝေရင်း အဖော်ပြုပေးတတ်သေးတယ်။

ညအလှက……
စာဖွဲ့သူတွေအတွက် ရသတွေကို သူပေးနိုင်တယ်
သီချင်းညည်းသူတွေအတွက် သံစဉ်တွေ သူဖန်တီးပေးနိုင်တယ်
ကဗျာစပ်သူတွေအတွက် စာသားအလှတွေ သူဖန်ဆင်းပေးနိုင်တယ်။

ဒါပေမဲ့လည်း….
ရာသီဥတုဆိုတာကြောင့်
ညဟာ တခါတရံမှာ အချီးအမွမ်းခံရတတ်သလို
တခါတလေမှာ အပြစ်တင်ခံရတတ်တယ်။
ပူအိုက်လှောင်တဲ့ နွေညတွေ
မိုးသည်းထန်တဲ့ မိုးညတွေ
ဆောင်းလေအေးတဲ့ ဆောင်းညတွေ
ဒါတွေအားလုံး ညကြောင့်
ပိုပြီးအကျည်းတန်ခဲ့တာမဟုတ်သလို
ညကြောင့် ပိုလှပခဲ့တာလည်းမဟုတ်ဘူး။
ပြောင်းလဲတတ်တာက ရာသီဥတုသဘာဝပါ
ညက မာယာတွေသုံးပြီး
ပြောင်းလဲ သရုပ်ဆောင်ခဲ့တာမျိုးလည်းမရှိပါဘူး။

တချို့တွေက ………
ညအမှောင်ဟာ
ဒုစရိုက်တွေကို အားပေးနေတယ်လို့
အပြစ်တင်ကြတယ်။
တကယ်ဆို ညဟာ
သူ့ဘာသာတိတ်ဆိတ်စွာ နေချင်ခဲ့တာပါ။
လူတွေပြုလို့ ဖြစ်ရတဲ့ ဒုစရိုက်မှုတွေမှာ
ညဟာ သူကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာမဟုတ်ဘူး။

တချို့ကလည်းပြောကြသေးတယ်
ညအမှောင်ဟာ
အန္တရာယ်ကို ဖိတ်ခေါ်နေသတဲ့။
တကယ်ဆို အဲဒီအန္တရာယ်ဆိုတာတွေကသာ
ရိုးသားစွာငြိမ်သက်နေတဲ့ညကို ခုတုံးလုပ်ပြီး
လောကကိုပြုစားနေခဲ့ကြတာပါ။
ညဟာ သူ့ဘာသာနေရင်း ယိုးမယ်ဖွဲ့ခံရတယ်……..။

ဒါကြောင့်မို့လည်းလေ…..
ရိုးသားတဲ့ညကို မြတ်နိုးမိတယ်။
အိနြေ္ဒနဲ့တည်ငြိမ်နေတဲ့ညကို လေးစားမိတယ်။
အေးချမ်းမှုတွေ ပေးတဲ့ ည ကို အမြဲပဲကျေးဇူးတင်မိတယ်။

မကွယ်ဝှက်တမ်း ၀န်ခံရမယ်ဆိုရင်…..
အပြစ်ကင်းတဲ့ ညမင်းကို
ရိုးစင်းစွာနဲ့ (ကျွန်မ) ချစ်ပါတယ်။

ညရဲ့တည်ငြိမ်အေးချမ်းတဲ့အလှကို ခံစားတတ်ကြပါစေ………….။
(ညအမှောင်ကိုယ်စား ခံစားမိသလိုရေးဖွဲ့ထားပါသည်။ :D) (၃ရက် မတ်လ ၂၀၁၂) မနက်၂း၂၁

Saturday, March 10, 2012



ပြုံးပျော်နိုင်ကြပါစေနော်...

Thursday, March 8, 2012

Never Give Up,,,

Published by ခေါင်ခေါင် under on Sunday, August 03, 2008
မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
မိုးမခပင်အောက်က နွေဦးပွဲတော်အတွက်
မြင်းရိုင်းကို ဒုန်းစိုင်းလိုက်ပါတော့
ဟင်းလင်းပြင်ထဲက အနားစွန်းကိုပဲ
ယုံကြည်ချက်အပြည့်နဲ့ ဖက်တွယ်ထားပါ
ဒီလိုမှီခိုနေရင်းနဲ့..
တစ်နေ့မှာတော့ လွတ်မြောက်ကောင်းပါရဲ့
ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ဓါးသွားတွေပြည့်နှက်နေရင်တောင်
ဒီလွင်ပြင်ကို မင်းဖြတ်ရမယ်....

မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
နှင်းဆီတွေရဲ့တိုက်ပွဲအတွက်
ယုံကြည်ချင်းဓါးကို ထုတ်လိုက်ပါတော့
ကောက်ရိုးတစ်မျှင်ပဲ ဖြစ်ဖြစ်
မလွတ်တမ်း ဆုပ်ကိုင်ထားပါ
ဒီလိုကူးခပ်နေရင်းနဲ့ ..
တစ်နေ့မှာလမ်းတွေ့ကောင်းပါရဲ့
ဘာတွေပဲဖြစ်ဖြစ်
မီးထဲမှာ လောင်ကျွမ်းတိုင်း....
" ဖီးနစ်" ငှက်ကို သတိရလိုက်ပါ......


ကဗျာရိပ်မြုံမှာ ပထမဆုံးအနေနဲ့ ကျွန်မကြိုက်တဲ့ ခေါင်ခေါင်ရဲ့ကဗျာနဲ့ ပထဆုံး ကဗျာချစ်သူတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ ခေါင်ခေါင်ရဲ့ blog စာမျက်နှာက ဒီမှာ ပါ။

သူငယ်ချင်းအားလုံးကို ကျွန်မ အသိပေးချင်တာလေးပါ။ ကျွန်မရဲ့ labels မှာ ကဗျာရိပ်မြုံဆိုပြီးတော့ နောက်ထပ် ကဏ္ဍတစ်ခုထပ်တိုးဖို့ပါပဲ....။ ဒီကဏ္ဍလေးမှာ ကျွန်မနှစ်သက်တဲ့ကဗျာအမျိုးမျိုးတွေကို ပြန်လည်မျှဝေရင်း စုစည်းထားချင်တဲ့ ရည်ရွယ်ချက်နဲ့ ထပ်တိုးလိုက်တာပါ။ဘာလို့လဲဆိုတော့ ကဗျာတွေကို ဘလော့တွေလည်ရင်း လိုက်ဖတ်ဖြစ်ပေမဲ့ ကြာရင် ကိုယ်လည်ခဲ့တဲ့ တချို့ဆိုဒ်တွေဆို မေ့သွားတတ်တာမျိုး၊ နောက်ဆိုဒ်ပိုင်ရှင်တွေက သူတို့ဆိုဒ်ကို ပြန်ဖျက်လိုက်တာမျိုးဆို ကျွန်မကြိုက်တဲ့ကဗျာတွေ နောက်ထပ်ဖတ်ခွင့်မရတော့ဘူးလေ.... နောက်ပြီး အလွယ်နည်းနဲ့ ကိုယ့်ရဲ့ကွန်ပျူတာ microsoft မှာ ကူးထားလို့ရတယ်ဆိုပေမဲ့လည်း ကျွန်မလို ကဗျာချစ်သူတွေလည်း TYZ ဆီကို အလည်ရောက်ခဲ့ရင် ဖတ်ခွင့်ရအောင်ဆိုတဲ့အတွေးလည်း ၀င်လာလို့ပါ။ ကဗျာတိုင်းကို ကဗျာရေးသူနာမည်နဲ့တကွ ပြန်လည်ပြီးဖော်ပြပေးပါ့မယ်။ ကဗျာချစ်သူတစ်ယောက်မို့ တပါးသူရေးတဲ့ကဗျာတွေကို မလေးစားသလိုမျိုးလည်းကျမှာစိုးလို့ ဒီလိုပို့စ်လေးအဖြစ် သီးသန့် အသိပေးရင်း ကျွန်မစာမျက်နှာမှာ ဖော်ပြဖြစ်မဲ့ ကဗျာဆရာတွေကိုလည်း ခွင့်တောင်းချင်တာပါ။ ဒီလိုနည်းနဲ့သက်သက် ခွင့်တောင်းပြီးတော့လည်း တင်မှာမဟုတ်ပါဘူး။ ဆိုဒ်ပိုင်ရှင်ကို comment ကတဆင့်ဖြစ်ဖြစ်၊ cbox ကတဆင့်ဖြစ်ဖြစ်  TYZ လိပ်စာနဲ့အတူ အသိပေးပြီး ပြန်လည်မျှဝေပါ့မယ်။ တကယ်လို့ ဆိုဒ်ပိုင်ရှင် သို့မဟုတ် ကဗျာရေးသူတွေက သဘောတူခဲ့ရင် သို့မဟုတ် ဘာမှပြန်လည်မတုန့်ပြန်ဘူးဆိုရင် သူတို့ရဲ့ကဗျာကို ဖော်ပြဖို့ သဘောတူမယ်လို့ ယူဆပါတယ်။ သဘောမတူခဲ့ဘူးဆိုရင်တော့ အချိန်မရွေး TYZ ဆီမှာ လာပြီးတော့ အကြောင်းကြားပေးပါရှင်  သက်ဆိုင်တဲ့ ကဗျာတွေကို ပြန်လည်ဖျက်သိမ်းပေးပါ့မယ်။ တကယ်လို့ ကဗျာဟောင်းတွေဖြစ်နေခဲ့ရင် ကဗျာရေးသူမသိတဲ့ ကဗျာမျိုးတွေဖြစ်ခဲ့ရင်တောင် ကူးယူခဲ့တဲ့ဆိုဒ်ကို ကဗျာနဲ့အတူ ဖော်ပြပေးသွားမှာပါ။ လိုအပ်ခဲ့ရင် TYZ ရဲ့ background နဲ့ အရောင်ပြဿနာတွေရှိခဲ့ရင် ကဗျာရဲ့ စာသားတွေရဲ့အရောင် ပြောင်းခြင်းနဲ့ စာလုံးအရွယ်အစားပြောင်းလဲခြင်းတွေကိုလည်း တပါးတည်း ခွင့်ပြုစေချင်ပါတယ်။ ပြန်လည်မျှဝေခွင့်ပေးတဲ့ ကဗျာရှင်အားလုံးကို ကြိုတင်ပြီး လေးနက်စွာ ကျေးဇူးတင်ပါရစေ..........။

ကဗျာချစ်တတ်တဲ့ 
TYZ

Wednesday, March 7, 2012


ဆောင်းအကုန် နွေကူးလို့
ရွက်ဝါတွေ မြေမှာလူးတော့မည်
ဒီသီချင်းစာသားအလှနဲ့
လတပေါင်းကို ဖွဲ့ဆိုကြတာရှိဖူးတယ်
ကျွန်မကတော့ ဒီလိုလတပေါင်းဆို
ငယ်ဘ၀က ဖူးမြော်ခဲ့တဲ့
ကေလာသစေတီရဲ့ ပွဲတော်ကို
အောက်မေ့မိလို့ ပြန်လည်စိတ်ကူးရင်း
ကြည်နူးရတတ်တယ်။
ဒါကြောင့်မို့
ဆောင်းအကုန် နွေကိုကူး
ဘုရားဖူးခွင့်ရလို့ ကြည်နူးရတဲ့
လမြတ်တပေါင်းလို့ တင်စားချင်ပါတယ်။ ။
တပေါင်းလပြည့်ရောက်ရင် ငယ်ငယ်တုန်းက အရမ်းပျော်ဖူးတယ် ဘာလို့လည်းဆိုတော့ တခြားရွာမှာရှိတဲ့ ဘုရားပွဲတော်ကို သွားခွင့်ရလို့လေ…. ငယ်ငယ်တုန်းက ခရီးတွေမှ သွားခွင့်သိပ်မရှိတာ… ဈေးရောင်းကျောင်းတက်ရင်း အချိန်တွေကုန်နေတော့ ဒီတပေါင်းလ ဘုရားပွဲတော်ကိုရောက် တစ်မိသားစုလုံး ဈေးမရောင်းတော့ပဲ ဘုရားသွားခွင့်ရလို့လည်း ဒီလပြည့်နေ့ကို ကျွန်မငယ်ငယ်က တစ်နှစ်တစ်ခါ မျှော်နေခဲ့ဖူးတာပေါ့………. ဘုရားပွဲတော်ကတော့ ကျွန်မတို့ရွာနဲ့ မိုင်အနည်းငယ်ဝေးတဲ့ လမိုင်းရွာက ဘုရားပွဲတော်ပါပဲ။ ဘုရားသမိုင်းအရ လမိုင်းက ကေလာသစေတီတော်နဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်တို့ဟာ စေတီညီအစ်ကိုလို့လည်း ပြောစမှတ်ပြုကြတယ်။ ရွှေတိဂုံစေတီရဲ့ဘုရားပွဲတော်ဟာလည်း တပေါင်းလပြည့်နေ့ပါပဲ…။
ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် တပေါင်းလပြည့်နေ့ရဲ့မနက် ၂ နာရီလောက်ဆို အမေနဲ့အစ်မက အိပ်ရာထပြီး ထမင်းထုပ်တွေ ချက်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်နေကြတုန်း ကျန်တဲ့ မောင်နှမ ၃ ယောက်ကတော့ အိပ်ယာထဲမှာ အိပ်လို့ကောင်းတုန်း…. ၃ နာရီခွဲလောက်ဆို ကျွန်မတို့ ပြင်ဆင်ဖို့ထရတယ်… မနက်စောစောအိပ်ရာထရတာ ကျွန်မတော်တော်မုန်းပါတယ်။ ဒါပေမဲ့ …တစ်နှစ်တခါသွားရတဲ့ခရီးမို့ အားတင်းပြီး ထရတယ်လေ။။။
မျက်နှာတွေသစ် အ၀တ်အစားလှတွေလဲရင်းလည်း ကျွန်မပျော်ခဲ့ဖူးတယ်။ အဲဒီလို ပွဲတော်ရက်တွေကျမှ အမေ၀ယ်ပေးထားတဲ့ ဂါဝန်အသစ်လေးတွေကို ၀တ်ခွင့်ရလို့ အရမ်းကို ကြည်နူးခဲ့ရတာပေါ့… မှတ်မှတ်ရရ အမေ၀ယ်ပေးဖူးတဲ့ အပြာရောင်ဂါဝန်လေး ၁ ထည်ကို ကျွန်မတော်တော်လေး နှစ်ခြိုက်ခဲ့တယ်။ နောက်တစ်ထည်ကတော့ အစ်မဆီက တစ်ဆင့်ပြန်ရတဲ့ အနီရောင်လေးကိုလည်း အရမ်းကြိုက်ခဲ့တာပေါ့…။ ကျွန်မ ပထမဆုံး ဘုရားသွားခွင့်ရတဲ့နှစ်တုန်းက အဲဒီဂါဝန်နီလေးနဲ့ ကျွန်မဟာ အရမ်းကို ပျော်ရွှင်သွက်လက်နေခဲ့တယ်။ ။
ကျွန်မအဲတုန်းက ဒုတိယတန်းကိုတက်နေရပြီ………။ ကျောင်းထဲမှာ ဆရာမအချစ်တော် တစ်ယောက်မဟုတ်သလို ဆရာမအမြင်ကတ်လောက်အောင်လည်း စာညံ့သူတစ်ယောက်မဖြစ်ခဲ့ဖူးဘူး။ ကျွန်မတို့အိမ်ကနေ ဘုရားကို ခြေလျင်လျှောက်သွားကြတာပါ…. ပြင်ဆင်ပြီးလို့ရှိရင် ၄ နာရီလောက်မှာ လူစုကြတယ်။ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေနဲ့ အတူတူသွားကြတာ……. တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ လရိပ်အောက်မှာ လမ်းလျှောက်ရင်း လူကြီးတွေပြောတဲ့စကားတွေ ပုံပြင်လေးတွေနားထောင်ရင်း လမ်းလျှောက်ရတာ မောရပန်းရမှန်းတောင် မသိပါဘူး…. နောက်ပြီးတော့ ရွာအထွက်လမ်းမှာ ရှိတဲ့ ဆရာမအိမ်ကို လရောင်နဲ့ ငေးခွင့်ရတာကို ကျွန်မအရမ်းသဘောကျဖူးတယ်။ ။ မနက်မနက်ဆို ဆရာမကတော့ ထုံးစံအတိုင်း သူ့ညီမနဲ့အတူ ဟင်းရွက်တွေကို ဈေးမှာရောင်းဖို့ ပြင်ဆင်နေကြမှာပေါ့..
ဆရာမနေတဲ့ ရပ်ကွက်ကို အလွယ်နည်းနဲ့ ဘူတာရုံလမ်းရပ်ကွက်လို့ခေါ်တယ် ဟိုးတုန်းက ကျွန်မတို့ခရီးသွားမယ်ဆိုရင် အဲဒီလမ်းကနေဖြတ် ဘူတာကိုသွား ရထားစီးပြီး ကိုယ်သွားချင်တဲ့ရွာကို သွားကြတာပေါ့။ ဒါကအမြန်ဆုံးနည်းပေါ့လေ… အဲအချိန်တုန်းက ဆိုင်ကယ်တွေ ကျွန်မတို့ရွာမှာ မရှိသေးဘူး။ စက်ဘီးတွေနဲ့လည်းသွားကြတယ်။ နွားလှည်းနဲ့လည်းသွားကြတဲ့သူတွေရှိတယ်။ ဘုရားပွဲတော်သွားဖို့က နွားလှည်းလည်းမရှိတော့ ခြေလျင်နဲ့သွားတာပေါ့… မောပေမဲ့ ပျော်စရာတကယ်ကောင်းပါတယ်။
ရထားလမ်းကနေလျှောက်သွားရတာ ရထားလမ်းမှာခင်းထားတဲ့ခဲလုံးတွေဆို ခြေထောက်သေးသေးလေးနဲ့ လမ်းလျှောက်ရ ပိုခက်တာပေါ့ ခလုတ်တိုက်လဲရင်လည်း လျှောက်တာပဲ သူများထက်ရှေ့ရောက်အောင် ခဏခဏပြေးတတ်လို့ လူကြီးတွေစိတ်ပူရသေးတယ်။ တစ်ခုတော့ရှိတယ် တံတားကူးရင်တော့ ရှိသမျှသတ္တိတွေ အပျော်တွေ ပျောက်ကုန်တယ်။ တံတားကိုကြောက်တာထက် တံတားအောက်ကရေကို အရမ်းကြောက်လို့ပါ.. အဲအချိန်ဆို သူများတွေ ကျွန်မကိုလှောင်ရယ်ကြတာပေါ့။ လေးဘက်ကလေးထောက်ပြီး တံတားကိုကူးတာကိုး… ဘယ်တတ်နိုင်မလဲ ကြောက်တာကို မကြောက်ချင်ဟန်ဆောင်လို့မှမရတာ။ တံတားတစ်ခုလွန်ရင် ဒုက္ခတစ်ခု ကျော်နိုင်သလိုပဲ… လွတ်လပ်ပေါ့ပါးသွားတယ်။ မနက်လေးနာရီ အိမ်ကထွက် မနက် ၈ နာရီခွဲလောက်ဆို လမိုင်းကိုရောက်ပြီလေ။ လမိုင်းရောက်တာနဲ့ ဘုရားဆီကို တန်းသွားတာ… ဘုရားမှာခဏနား လိုက်လည်ပတ် ဘုရားဖူးပြီးရင် ထမင်းဘူးတွေစားကြ…… ဈေးတန်းလှည့် အသိမိတ်ဆွေတွေအိမ်လိုက်လည်နဲ့… အချိန်က တနေကုန်ရော ညနေပိုင်းဆို လမ်းလျှောက်ပြန်ချင်တဲ့သူလျှောက်ပြန် ရထားနဲ့ပြန်ချင်တဲ့သူပြန်နဲ့ပေါ့။ ရထားနဲ့ပြန်တဲ့လူတွေကျတော့ အကြာကြီးလည်ခွင့်မရှိဘူး။။။။ ကျွန်မတို့ဆို လမ်းလျှောက်ပြန်တယ်……..။ တချို့ကြတော့ တစ်ညအိပ် ဘုရားပွဲမှာလာကတဲ့ ဇာတ်သဘင်ပွဲတွေကြည့်ကြတာလည်းရှိတယ်။ ကျွန်မတို့ တမိသားစုလုံး ဇာတ်ပွဲမကြိုက်တော့ ညအိပ်စရာလည်းမလိုဘူးလေ…. လမ်းလျှောက်ပြန်ရင်တော့ မိုးချုပ်ခါနီးမှပဲ အိမ်ပြန်ရောက်ကြတယ်။ ရောက်ရောက်ချင်းခဏနား ရေမိုးချိုးပြီး မနက်ကအပိုချက်ထားတဲ့ထမင်းစားရင်း ပွဲတော်အကြောင်းပြန်ပြောကြ… မအိပ်ခင် ပွဲတော်က ၀ယ်လာတာလေးတွေပြန်ကြည့်ကြနဲ့ တပေါင်းပွဲတော်ကို ဒီလိုနဲ့ ၅ နှစ်လောက်ဆက်တိုက် သွားခဲ့ဖူးတယ်။။။
ဒါကြောင့်မို့ ဒီအချိန်ရောက်တိုင်း ဂါဝန်အပြာလေးတွေ အနီလေးတွေကိုပြန်သတိရမိတယ်။ လေးဘက်ကလေးထောက်ပြီး တုန်တုန်ရင်ရင်နဲ့ တံတားဖြတ်ကူးခဲ့ဖူးတာလေးကို ပြန်တွေးရင်းပြုံးမိသေးတယ်။။ အမှတ်တရတွေထဲက မေ့ပျောက်မရတဲ့ အမှတ်တရလေးတစ်ခုပေါ့။ ။
တပေါင်းပွဲတော်မှာ ပျော်ပါးရင်း ကုသိုလ်ပွားနိုင်ကြပါစေ……..

အဖြူရောင်ပိတ်ကားငါရဲ့ဘ၀ထဲကို
ပန်းချီဆရာမင်းရောက်လာခဲ့တယ်နော်

မင်းရောက်လာပြီးမကြာပါဘူး
ငါရဲ့အဖြူရောင်ပိတ်ကားဘ၀ကို
အချစ်ဆိုတဲ့ဆေးတွေကိုစကားစုတ်တံနဲ့ချယ်သခဲ့တယ်နော်


အဖြူရောင်ငါ့ပိတ်ကားပေါ်မှာမင်းကလှပတဲ့အချစ်ပန်းကလေးတွေကို
ဆွဲမယ်ဆိုတာငါထင်လို့ပျော်ခဲ့တဲ့နေ့တွေမနည်းပါဘူး 
ဒါပေမဲ့ငါ့အထင်နဲ့အမြင်လုးံဝမှားသွားမှန်းနောက်မှသိလိုက်ရတယ်လေ
မင်းကအချစ်ပန်းပွင့်တွေမဆွဲဘဲမင်းလိုချင်ရာတွေဆွဲသွားခဲ့တယ်
မင်းဆွဲခဲ့တဲ့ပန်းချီကိုမင်း မကြိုက်တောတဲ့နောက်
ငါ့ဘ၀ပိတ်ကားကြီးကိုအမှိုက်ပုံထဲပစ်လိုက်တယ်လေ
အဖြူရောင်ပိတ်ကားငါ့ဘ၀ဟာ
မင်းလက်ချက်နဲ့ပဲအရောင်တွေစွန်းခဲ့ရတယ်နော်


မင်းလိုအချစ်ပန်းချီဆရာနဲ့နောက်ဘ၀ဆက်တိုင်းမတွေ့ရပါစေနဲ့လို့ဘဲ
ငါဆုတောင်းမိတော့တယ်
အချစ်ပန်းချီဆရာရယ်။ ။





ရေးသူ- လမင်းငယ်
လမင်းငယ်ရဲ့ကဗျာလေးကို သူ့ခွင့်ပြုချက်နဲ့ တင်ထားတာပါ။ ကဗျာတင်ခွင့်ပေးတဲ့ မောင်လေးကို ကျေးဇူးတင်ပါတယ်။

Template by:
Free Blog Templates