ဒီမိုင်တိုင်က ၂၈ တဲ့
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးချပ်
လှစ်ဖွင့်ကြည့်မိရဲ့
ဝါဆိုသမီးလို့ပြောနေစရာမလို
မိုးသားခပ်ကြမ်းကြမ်းထဲမှာ
ကိုယ့်ဝန်းကျင်တောင် ပီပီပြင်ပြင်မထင်
စိတ်မှာလည်း တိမ်တွေမှိုင်းနေဆဲပေါ့….။
အရိပ်ထင်နေတဲ့ အတိတ်ကောင်ကို
ပြန်လှည့်ကြည့်မိတော့
မဲ့သလိုရွဲ့သလိုမျက်နှာပေါက်နဲ့
ကုတ်ဖဲ့လိုက်ချင်ပေမဲ့
အဲဒီကောင်က လေထဲမှာ ပေါ်လိုက်ပျောက်လိုက်
တကောက်ကောက်လိုက်မိတဲ့ ဒီလူသာ ငမိုက်။
ချို့ယွင်းနေသော အချက်များကို ပြင်ဆင်ဖို့က
ရပ်နေတဲ့နေရာကနေ လှည့်ပြန်လို့မရ
ရှေ့ကြိုပြီးတော့လည်း ပြေးပြင်ထားခွင့်မရှိ
ပစ္စုပ္ပန်ဆိုတာ စက္ကန့်ပိုင်းရဲ့ တခဏသာ
ဘ၀ ဆိုတာက အချိန်ဇယားတစ်ခုအောက်မှာ………..။
တဟင်း ဟင်း သက်ပြင်းမောကြီးချလိုက်
တအင်း အင်း ညည်းညူရေရွတ်လိုက်
တဟင့် ဟင့် ငိုကြွေးနာကျင်လိုက်
တဟား ဟား ရယ်မောပျော်ရွင်လိုက်နဲ့
ဘ၀ ဆိုတာ …………….
ဘကုန်းနဲ့ ၀လုံးပေါင်းစပ်ထားသော စကားလုံးတဲ့။
အဲဒီစာနှစ်လုံးက ရိုးရိုးလေးပါပဲ
ဖြစ်ပျက်နေတဲ့ ဇာတာတွေကသာ ဆန်းနေတာ
ကံကောင်းတဲ့အခါ တခဏဆိုပေမဲ့
ကြမ္မာငင်တဲ့အခါ မမျှမတနဲ့ပါ
ဒီလိုပြောတော့ အတ္တသဘောတွေတဲ့
လူပဲလေ………….
အနတ္တဆိုတာ ကြားဖူးနေပေမဲ့
ခက်တာက ပညတ်တွေထဲမှာ
တိုင်ပတ်နေကြတာပဲ မဟုတ်လား?
ဘေးဘီမမြင်နိုင်အောင် တိမ်ဖုံးနေတဲ့ဒီစိတ်
တဖိတ်ဖိတ်နဲ့ လျှံကျနေဆဲ….
ပေါ်လိုက်ပျောက်လိုက် အတိတ်နောက်
တကောက်ကောက်လိုက်နေတဲ့ ဒီငမိုက်
မှိုင်းမိသလိုလိုနဲ့
အလင်းရဲ့ဟိုတဖက်မှာ
မှိန်းမှေးနေဆဲ……..
ဘ၀ဆိုတာကို
ဘ၀င်မကျနိုင်သေးတဲ့သူ။
အတ္တတွေတပွေ့တပိုက်နဲ့
အနတ္တဆိုတာကို မေ့မေ့ပျောက်ပျောက်
ပညတ်တွေရဲ့လှည့်စားမှုအောက်မှာ
ပြားပြားဝပ်နေရတုန်း
ဘယ်မနုဿမှ တားဆီးမရတဲ့
စီးတော်ကြမ္မာယာဉ်က
ဂျုံးဂျက်သံစွဲ
ခုတ်မောင်းထွက်နေပြီပဲ
မိုင်တိုင် ၂၉ ဆီသို့………။
ဒီငမိုက်ကတော့
ပြတင်းဘေးတိုက်ကနေငေး
မှေးလိုက်မှိတ်လိုက်
အတ္တဆိုတာ………
အနတ္တဆိုတာ………..
ပညတ်ဆိုတာ……….တွေနဲ့
ရှုပ်ယှက်ခတ်နေဆဲ………….။
ဒီလိုသာဆို………..
သေချာနေတယ်
ဝဲနေရဦးမယ်
ဒီဂယက်ထဲမှာ………..။ ။
(ရေးပြီးချိန်။ ။ မနက် ၄း၅၃ နာရီ၊ ၂.၇.၂၀၁၂)
၂၈ နှစ်ပြည့်တဲ့ ကျွန်မမွေးနေ့အတွက် ကျွန်မရဲ့လက်ဆောင်။