 |
ဟိုး ဟိုဝေးဝေးက လမင်းကြီးအေးချမ်းနေသလို
နင်လည်းအေးချမ်းသာယာပါစေ……။
လေပြေတွေ ငါ့အပါးမှာ ဝေ့၀ဲကစားနေကြသလို
ငါ့ချစ်ခြင်းတွေက နင့်အနားမှာ
ဝေ့ကစားနေကြဆဲပါ။
ဒီလိုလွမ်းဆွတ်မှုတွေနဲ့…….
ငါနင့်ကို လွမ်းမိပါသော်လည်း………..။
|
တစ်မြေခြားကို
ရောက်ရှိနေတဲ့ကျွန်မဟာ နေ့စဉ်နဲ့အမျှ ဒီခန္ဓာအိမ်တစ်ခုတည်းသာ ကျောင်းနဲ့အခန်း သူငယ်ချင်းကြားတွေမှာလှုပ်ရှားသွားလာနေခဲ့တာပါ….
ကျွန်မရဲ့နာမ်စိတ်တွေကတော့ ကြီးပြင်းခဲ့ရာ ကျေးရွာကလေးမှာ ကျန်နေခဲ့တဲ့ မိသားစုတွေနဲ့
(တချိန်တုန်းက ကျွန်မရဲ့သူသူ) သူအလုပ်လုပ်ဖို့
ထွက်သွားခဲ့တဲ့ “စ”လုံးဆိုပြီးပြောစမှတ်ပြုကြတဲ့ စင်္ကာပူဆိုတဲ့ အရပ်ဒေသနှစ်ခုကြားမှာ
ဗျာများရင်းနဲ့ ခေါက်တုန့်ခေါက်ပြန်…….။
ကျွန်မရဲ့
သူသူ ဆိုတဲ့ အမည်နာမအပြည့်အစုံကတော့ မင်းခသူပါ…..။ သူကတော့ ကျွန်မကို ယွန်းမေ ဆိုတဲ့နာမည်အစား
ချစ်သူတွေ ဖြစ်ခဲ့ကတည်းက မေဆိုပြီးတော့ပဲ အဖျားဆွတ်ခေါ်ခဲ့ပါတယ်။ သူနဲ့ကျွန်မရဲ့ ဆုံဆည်းခြင်းဟာ
ခမ်းနားမှုထယ်ဝါမှုမပါတဲ့ သာမန်ဆုံးဆည်းခြင်းတစ်ခုပါပဲ။ သူ တို့မိသားစုပြောင်းလာချိန်တုန်းက
ကျွန်မ စတုတ္ထတန်းကျောင်းသူတစ်ယောက်ပါ။ ကံတရားရဲ့
ဆုံဆည်းစေခြင်းကြောင့်ထင်တယ် သူသူနဲ့ သူ့မေမေနဲ့ကို ကျွန်မတပြိုင်နက်ထဲ ခင်ခွင့်ရခဲ့ပါတယ်။
သူ့မေမေက စတုတ္ထတန်းအတန်းပိုင်အဖြစ် ကျောင်းပြောင်းလာတဲ့ ဆရာမတစ်ယောက်ဖြစ်ပြီးတော့ သူသူကတော့
ကျွန်မတို့နဲ့အတန်းတူ အရွယ်တူဖြစ်လို့ တစ်တန်းထဲသားဖြစ်လာခဲ့တယ်။
ဆရာမက
စာလည်းမတော် ဆင်းလည်းဆင်းရဲတဲ့ကျွန်မကို ဘာကြောင့်မို့ အခြားကျောင်းသူတွေထက်ချစ်လဲဆိုတာ
ကျွန်မလည်း ဆရာမနဲ့ ခင်စတုန်းက နားမလည်ခဲ့ဘူး။ တကယ်ဆို ငွေကြေးဂုဏ်ရှိန်တွေနဲ့ မောက်မာတတ်တဲ့
ကျောင်းသူတချို့တွေကို ဆရာမမှ သဘောမကျတာလေ…။ ဆရာမတို့နဲ့ ယွန်းမေတို့က ဘ၀တူတွေလို့
ပြောလို့ရတယ်။ နောက်ပြီး ဆင်းရဲပြီး ညာဏ်ရည်အသင့်တင့်ရှိတဲ့ ကျွန်မကို ဆရာမက အမြဲလိုလိုအားပေးစကားပြောတတ်သေးတယ်။
“သမီးလေးယွန်းမေ
သမီးက အတန်းမှာ အဆင့်တွေမချိတ်နိုင်ပေမဲ့ ဈေးရောင်းရင်းကျောင်းတက်ပြီး တစ်နှစ်တစ်တန်းကို
လွယ်လွယ်လေးအောင်နိုင်တာက သမီးရဲ့အရည်ချင်းစစ်တွေပဲ……. စာကြိုးစားနော်… သမီးစာတတ်မှ
ကြီးလာရင် မျက်နှာမငယ်မှာပေါ့… ဆင်းရဲပေမဲ့ ပညာဂုဏ်ကြောင့် သမီးလေး အခုလိုမျိုး မျက်နှာငယ်ရမှာမဟုတ်တော့ဘူး။”
ကျွန်မကို ဆရာမ အမြဲတမ်းပဲ အားပေးအားမြှောက်ပြုပေးခဲ့တယ်။
ယနေ့အချိန်ထိပဲပေါ့………။
ဆရာမက
လိမ္မာပြီး ညာဏ်မှီသလောက် စာကြိုးစားတဲ့ကျွန်မကိုမြင်တိုင်း အားရကျေနပ်ခဲ့ရတယ်။
ဒါပေမဲ့
သူသူက တကယ့်ကို ပေပေတေတေနဲ့ ဂျစ်ကန်လွန်းတယ်…။ ဘယ်လောက်ထိလဲဆိုရင် ဆရာမသင်တဲ့ ဘာသာကို
ဘယ်တော့မှ မလေ့လာဘူး။ လေးတန်းကျောင်းသားလေးဖြစ်တဲ့ သူသူတစ်ယောက် အကြောင်းအရာတော်တော်များများ
မဟုတ်ပေမဲ့ တချို့တချို့တွေကို တွေးခေါ်ခံစားတတ်နေပြီလေ…။ သူလည်းပဲ ဆိုးချင်လို့ ဆိုးခဲ့တဲ့ကလေးလေးတစ်ယောက်မဟုတ်ပါဘူး….။
ဆွေမျိုးတွေကြားမှာ မျက်နှာငယ်အောက်ကျို့နေနေရတဲ့ ဘ၀ကိုမုန်းလို့ မိဘကို ဆန္ဒပြနေခဲ့တဲ့
သဘောပါ။ မိဘအပေါ် ဆိုးသွန်းနေတာဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်တာကိုတော့ သူသူမသိချင်ဟန်ဆောင်နေခဲ့တာပါ။
တကယ်ဆို
သူရဲ့ ဂျစ်ကန်တေပေတဲ့ အပြုအမူလေးကိုပဲ ကျွန်မနှစ်ခြိုက်မိခဲ့လို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပဲလေ။
စိတ်ရင်းကောင်းတဲ့ သူသူတစ်ယောက် ဘယ်လောက်ပဲ ဂျစ်ကန်နေပါစေ အနွံတာခံနိုင်တဲ့ ကျွန်မရဲ့အားပေးမှု
နားလည်မှုတွေကို လျစ်လျူမရှုနိုင်ခဲ့ပါဘူး။ ဆရာမကျောင်းပြောင်းလာပြီး ၄ လကျော်ကျော်ကြာမှပဲ
သူသူနဲ့ ခင်ခွင့်ရခဲ့တယ်။ ကျွန်မနဲ့မခင်မင်ကြခင်ကတည်းက သူသူရဲ့အချိုးတွေနဲ့ ကျွန်မနဲ့ခင်ပြီးတဲ့သူသူဟာ
ဘယ်လိုမှ ဆက်စပ်မတွေးမိတဲ့စရိုက်နဲ့ လူ ၂ ယောက်လိုပဲ
အရမ်းကို ခြားနားသွားခဲ့တယ်။ ကျွန်မထင်သလို သူသူက နေရာတိုင်း တဇွတ်ထိုးဆန်တတ်သူမဟုတ်ဘူး…….
ကျွန်မထင်ခဲ့သလောက် အသဲမာဆိုးသွန်းသူတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး။
မတူတဲ့ အကျင့်စရိုက်တွေနဲ့
ပေါင်းသင်းခင်မင်ခဲ့ကြတဲ့ သူသူနဲ့ ကျွန်မတို့ရဲ့ ခင်မင်မှုကို တစ်တန်းထဲသားတွေက အထူးတဆန်းမြင်ကြပေမဲ့
အပြင်မှာ တဇွတ်ထိုးဆန်တတ်တဲ့ သူသူမှာ အလျော့ပေးကြင်နာတတ်တဲ့စိတ်ထားလေးရှိနေတာကို သူတို့တွေမသိခဲ့ကြလို့ပဲဆိုတာနဲ့ဖြေတွေးပြီး
ကျွန်မ သူတို့အပေါ်နားလည်ပေးနိုင်ပါတယ်။
အံ့သြသင့်ပါတယ်လေ…။
တစ်တန်းမှာ သူငယ်ချင်း ၂ ယောက်ထပ် ပိုမထားတတ်တဲ့ကျွန်မ အဲဒီနှစ်ကစပြီး သူငယ်ချင်း ၃
ယောက်အထိ တိုးလာခဲ့တာပေါ့။ အနေအေးတိတ်ဆိတ်တတ်တဲ့ယွန်းမေ တစ်ယောက် မင်းခသူနဲ့ကျမှ ဘယ်လိုဘယ်လို
ရင်းနှီးဖြစ်သွားပါလိမ့်လို့ အတန်းဖော်သူငယ်ချင်းတွေ အတွက် စဉ်းစားတိုင်းဦးနှောက်ခြောက်စေနိုင်ပေမဲ့
စကားနဲပြီးနားကျည်းမှုတွေနဲ့ အတွင်းစိတ်မှာ သိမ်ငယ်တတ်တဲ့ သူသူ့ကို ကျွန်မနားလည်ခံစားပေးတတ်ခဲ့တယ်လေ…။
(၄)
တန်းကစပြီး ရပ်ကွက်ခြင်းလည်းမတူတဲ့ ကျွန်မတို့ ၂ ယောက် အတူတူကျောင်းမတက်နိုင်ပေမဲ့လည်း
အိမ်ပြန်ချိန်ဆို သူသူက ကျွန်မတို့အိမ်ထိ လိုက်ပို့ရင်း ကျွန်မတို့ မောင်နှမနဲ့အတူဆော့ပြီးမှ
ပြန်လေ့ရှိတယ်။ ဆရာမက ကျွန်မကို ချစ်သလိုပဲ အမေကလည်း သူသူ့ကို တူသားတစ်ယောက်လို ချစ်ပါတယ်။
ကျောင်းပိတ်ရက်မှာ
အတူတူစာကြည့်ကြ။ ဗွီဒီယိုရုံမှာ တရုတ်ကားတင်တိုင်း အတူတူကြည့်ကြ အတူတူဆော့ကြနဲ့ပဲ အချိန်တွေ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာလိုက်တာ……
၉ တန်းတောင် ရောက်လာကြတယ်။ လူပျိုပေါက်စလေး သူသူကတော့ ရှိုးပေးတတ်နေပြီလေ…… လေလေးတချွန်ချွန်နဲ့
အပျိုမလေးတွေကို ရင်ခုန်တတ်နေပြီ… ဘယ်အပျိုက ဘယ်လို လန်းတာ လှတာ ယဉ်တာတွေကို ကျွန်မကို
ပြောပြတတ်နေပြီ။
ကျွန်မကတော့ အလှအပကို သိပ်ပြီးမခုံမင်တတ်ပေမဲ့ ဆံပင်ရှည်နဲ့
တစ်မျိုးလှလာတယ်လို့ သူသူက တခါတလေ ကျွန်မကို မ၀ံ့မရဲ ချီးမွမ်းခန်းဖွင့်တတ်ပါတယ်။ အဲလို
အပြောခံရချိန်ဆို ကျွန်မ ရှက်သလိုခံစားမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက သူပြောသလိုပဲ
လှတဲ့မိန်းခလေးတစ်ယောက်မဟုတ်ပါဘူး။ မဲနက်ရှည်လျားတဲ့
ကျွန်မဆံပင်တွေပဲ လှနေခဲ့တယ်မဟုတ်လား။
ကျွန်မအမြင်ထဲမှာ
သူသူကတော့ သန့်ပြန့်လာတယ်လို့ထင်မိတယ်။ ဆံပင်ကေတိုတိုလေးနဲ့ ကျွန်မတို့ဒေသအခေါ် ဒွေးကေပေါ့လေ။
ဒွေးရဲ့မူသေစတိုင်လေးမို့ထင်တယ် ရွာကလူတွေက တိုတိုတိတိ ဆံပင်ပုံစံကို ဒွေးကေလို့ခေါ်ကြသတဲ့…။
ဆံပင်တိုတိုလေးနဲ့
သူသူဟာ အသားနဲနဲညိုသယောင်ရှိပေမဲ့ အသားမဲတဲ့အထဲမှာမပါပါဘူး။ နှာတံမချွန်ပဲ စင်းစင်းလေးနဲ့
တစ်မျိုးကြည့်လို့ကောင်းနေပြန်သေးတယ်။ သူသူ့မှာ ဘုကြည့်ကြည့်တတ်တဲ့ မျက်ဝန်းတစ်စုံပါတယ်။
ကျွန်မကို အစွဲဆောင်နိုင်ဆုံးအကြည့်လို့ပြောရမယ်။ လျှို့ဝှက်တဲ့ အကြည့်တွေနဲ့ဆုံမိတိုင်း
ကျွန်မရင်တွေ တုန်ရီမောပန်းသွားစေနိုင်တဲ့အထိ ညှို့ယူနိုင်တယ်။ သူကျွန်မနဲ့ ငြင်းတဲ့အခါ
သူရှုံးတိုင်း အရှုံးမပေးချင်တဲ့ စိတ်နဲ့ အနိုင်ရနိုးနိုးနဲ့ ဘုကြည့်ကြည့်တတ်သေးတယ်။
သူများတွေ သူ့ကိုဖြုံစေတဲ့အကြည့်ပေါ့။
ကျောင်းဝတ်စုံလေးနဲ့
သူသူ့စတိုင်လ်လေးကိုလည်း ကျွန်မမျက်စိထဲမှာ ကြည့်လို့အရမ်းကောင်းတာပဲ..။ အရပ်မမြင့်ပေမဲ့လည်း သူ့ခန္ဓာကိုယ်လေးနဲ့သူ
ပနံသင့်နေတာပဲလေ..။ အသားညိုညို အရပ်တိုတိုနဲ့ ကောင်လေးလို့ စနောက်ရင် မထိုးတတ်တဲ့မျက်စောင်းနဲ့
မကျေနပ်ကြောင်းပြတတ်သေးတယ်။
တခါတလေ
စိတ်ထဲက ပြောချင်တာကို ပွင့်ပွင့်လင်းလင်း အတည်ပြောလိုက်မိတာမျိုးလည်းရှိတယ်။
“သူသူ
နင်ကအသားညိုပေမဲ့ ကြည့်လို့ကောင်းပါတယ်၊ ဘုဂလန့်အကျင့်လေးသာ နင်ပြင်လိုက်ရင် အပျိုတွေဝိုင်းနေမလားပဲ”
ကျွန်မအဲလိုပြောတဲ့အချိန်ဆို
သူသူတစ်ယောက် ရှက်ရိပ်စွန်းနေတဲ့ပုံစံလေးနဲ့
မျက်နှာလွှဲပြီးအော်ရယ်တတ်ပါတယ်။ “ နင့်ရယ်သံလေးကလည်း ကြည်ပြီးတော့ အသံသြဇာပြည့်လိုက်တာ…”
လို့ ထပ်ပြီး အထွတ်တပ်လိုက်ရင် ကျွန်မကို…. “ဂေါက်ကြောင်မ” ဆိုပြီး ရှက်သံလေးနဲ့ ချစ်စနိုး
ကင်မွန်းတပ်လေ့ရှိပါတယ်။ သူဘာပဲပြောပြော ကျွန်မအတွက်ကတော့ နာကျည်းချင်စရာ စိတ်ဆိုးစရာလို့
မထင်… သူသူနဲ့အတူပေါ့ပါးစွာ အတူရယ်မိလိုက်တာပါပဲ…။
ကိုးတန်းကနေစပြီး
ဆယ်တန်းအထိ ကျောင်းချိန်ပြီး … အိမ်ပြန် ….။ အိမ်မှုကိစ္စတွေ အမေ့ကို ၀ိုင်းကူပြီးရင်
၊ ကျွန်မ သူသူတို့အမေ ဆရာမတို့အိမ်မှာပဲ ကျူရှင်သဘောလို ညအိပ်ရင်း သူသူနဲ့အတူစာကြည့်ခဲ့ကြရင်း
ခင်မင်မှုသံယောဇဉ်တွေက ကျွန်မတို့ ၂ ဦး သတိမထားမိခင်မှာပဲ အရောင်ပြောင်းမှန်းမသိ ပြောင်းလာခဲ့တယ်။
မနက်ပိုင်းစာအတူကြည့်ရင်း တခါတလေ အိပ်ပျော်တတ်တဲ့ ကျွန်မကို ကိုးတန်းတုန်းကလို စိတ်မထင်ရင်
စာအုပ်နဲ့ဖြစ်ဖြစ် နီးရာတစ်ခုခုနဲ့ဖြစ်ဖြစ် ကျွန်မနိုးရုံ ရိုက်နှိုးတတ်တဲ့သူသူတစ်ယောက်
ဆယ်တန်းနှစ် အစပိုင်းမှာတောင် ကျွန်မကို အရင်လိုရိုက်မနှိုးရက်လို့
ကျွန်မမနက်ပိုင်းစာကျက်ဖို့ ပျက်ကွက်ခဲ့တာ အကြိမ်မနည်းတော့။ ဒီတော့ ကျွန်မကပဲ ဆရာမကိုတိုင်တန်းရတော့တယ်။။
“ဆရာမ
သူသူက
သမီးကို အရင်လို မနှိုးတော့ဘူးသိလား။ သူသူ အကျင့်ပုတ်ကလေ သမီး (ဒီ)
တွေထွက်မှာစိုးလို့ထင်တယ်။ သမီးအိပ်တာကို ဒီအတိုင်းကြည့်နေရက်တယ်”
လို့ တိုင်တဲ့အခါ ဆရာမက အပြုံးနဲ့ပဲ တုန့်ပြန်ပါတယ်။ “ သမီးရယ်… သားလေးက
သမီးကို သနားလို့ပါ၊ ညပိုင်းမှာ စာတွေတအားလုပ်ထားလို့
မနှိုးရက်လို့ နေမှာပါ သားလေးကို ဗွေမယူပါနဲ့ကွယ်” ဆရာမဒီလိုပြောလိုက်ရင်
စိတ်ထဲမှာခဏအတွင်း
ဒေါသတွေအစာကြေ ကျေနပ်သွားရစမြဲပါပဲ။
ကျွန်မက
ဆရာမနဲ့တိုင်တန်းလည်း သူသူကတော့ ဘယ်တော့မှမမှု မဖြုံပါဘူး။ ယွန်းမေဆိုတဲ့ သူ့သူငယ်ချင်းမလေးက
စိတ်ဆိုးခဲတယ်ဆိုတာကို သူသူက အသိဆုံးပဲမဟုတ်လားလေ…….။ သူသူအစသန်လို့ ရိုက်မိခိုက်မိရင်း
နာကျင်သွားတဲ့အခါမျိုးမှာ… ယွန်းမေ အကူအညီတောင်းလို့ လုပ်ခိုင်းတာတစ်ခုခု လုပ်မပေးတဲ့အခါ၊
တစ် ခါလောက်တော့ ကြာကြာ စိတ်ဆိုးလိုက်မှပဲ ဆိုပြီးအားတင်းခဲ့ဖူးပေမဲ့ သူ့အမှားတွေအတွက်
အလွယ်တကူ တောင်းပန်တိုးလျှိုးတတ်တဲ့ သူသူ့ကို ဘယ်တုန်းကမှ ကြာရှည်စိတ်မဆိုးခဲ့ဖူးပါ။
မနက်ပိုင်းစာကျက်ရင် အိပ်ပျော်သွားတတ်တဲ့ ကျွန်မကို
ဒီအတိုင်းကြည့်နေတတ်တဲ့ သူသူ့ကို ဆရာမနဲ့တိုင်တန်းပြီးနောက်ပိုင်း သူသူတစ်ယောက် ကျွန်မကို
အရင်လို အိပ်ခွင့်မပေးတော့ ၊ အရင်နှစ်တုန်းကလို စာအုပ်ကြီးနဲ့ အားပါပါရိုက်နှိုးတာမျိုးမဟုတ်ပဲ
သူ့ရဲ့နည်းဗျူဟာအသစ်ဖြစ်တဲ့ ဘော်ပင်နဲ့ ကျွန်မမျက်လုံးတွေမှာ မျက်မှန်ဆွဲပေးရင်း နိုးလာအောင်
သွယ်ဝိုက်နှိုးတယ်။ ဖြေးဖြေးရေးနေတုန်းမနိုးရင်တော့ အားသုံးပြီးနာအောင် ဆွဲရင် ကျွန်မလန့်နိုးလာတာပဲ….။
ပထမဆုံးအဲလို
ဆွဲပေးတုန်းက
စာအုပ်ရိုက်နှိုးတုန်းကလို ကမူးရှူးထို ထလန့်မသွားပေမဲ့ မျက်နှာပေါ်မှာ
ဘာမှန်းမသိတဲ့အကောင်တစ်ကောင်တွန့်လိမ်သွားနေသလားဆိုပြီး
နိုးလာတဲ့အခိုက် မော်ကြည့်လိုက်တော့ သူသူ့နှာဖျားက ထွက်လေ၀င်လေကိုတောင်
ကြားမိလိုက်သလို……။
အဲဒီနေ့တုန်းက သူရှက်သွားတာကို အိပ်စုံမှုန်မွှားဖြစ်နေတဲ့ကြားက
ကျွန်မမြင်မိလိုက်သေးတယ်။
သူအခုလိုရှက်တာ … အရင်တုန်းက သူ့ကိုချီးမၞွှမ်းတိုင်း ရှက်သွားတတ်တဲ့
ပုံစံမျိုးမဟုတ်
ထူးထူးဆန်းဆန်းနဲ့ အရင်ကနဲ့မတူ သူ့အပြုံးတွေတောင် ခြားနားနေခဲ့တယ်။ ဒါပေမဲ့
ဘာကြောင့်မတူတာလဲဆိုတာတော့
အဲဒီအချိန်တုန်းက စာမေးပွဲတွေပဲ စိတ်ထဲရှိနေတဲ့အတွက်
ကျွန်မသေသေချာချာမတွေးတတ်ခဲ့………။
ဒီလိုနဲ့……..စာမေးတွေဖြေဖို့
ရက်တွေတစ်နေ့ထက်တစ်နေ့နီးနီးလာခဲ့တယ်……..။ ကျွန်မအတွက်ကတော့ ဆယ်တန်းကိုအောင်ဖို့ သေချာနေပြီ…။
ကျွန်မဒီလို စိတ်အေးနေနိုင်တာ စာကောင်းကောင်းကျက်နိုင်တာ ဆရာမကြောင့်ဆိုပြီးကျေးဇူးတင်နေမိတယ်။
ဆရာမကလည်း သူ့သား စာတွေလုပ်ဖြစ်တာ ယွန်းမေကြောင့်ဆိုပြီးတော့ ဆရာမအိမ်မှာ စာကျက်ခွင့်ပေးတဲ့ မေမေ့ကို နောက်ထပ်တစ်ဆင့်
ကျေးဇူးပြန်တင်နေသေးတယ်။
ဆရာမနဲ့မေမေကတော့
တွေ့လိုက်ရင် ဒီသားနဲ့ဒီသမီးအကြောင်းပဲ ကျေနပ်ကြည်နူးစွာ ပြောလေ့ရှိကြတယ်။ ဘာတွေပြောနေကြမှန်းတော့မသိ
ဈေးကူရောင်းနေတဲ့ ကျွန်မကိုကြည့်ရင်း တခါတခါပြုံးပြီးခေါင်းညိတ်နေ လိုက်ကြ ရယ်လိုက်ကြနဲ့
စကားအပေးအယူတည့်ကြသူမို့ထင်တယ် ငြင်းခုန်ကြတာမျိုး စကားနာထိုးကြတာမျိုးတွေ တခါမှ မကြားမိ……။
ကျွန်မနဲ့
သူသူတို့ကတော့ လူကြီးတွေလိုအမြဲမတည့်ကြပါ……..တခါတလေ စာကျက်ရင်း ဘာတွေတွေးမှန်းမသိ တွေးပြီးငြိမ်နေတဲ့
သူသူ့ကို ခဏခဏလှမ်းအော်ရတယ်လေ…….. သူ့ကို စာမေးပွဲကျပြီး
မကျန်ခဲ့စေချင်ဘူး။ သူ့မေမေ ဆရာမကိုလည်းပျော်စေချင်တယ်။ သူ့ကိုလည်း စာအတူတူလုပ်ခဲ့တဲ့သူအချင်းချင်း
ဘယ်လိုပဲဖြစ်ဖြစ် အတူတူအောင်စေချင်တယ်လေ…ဒါကြောင့်မို့ သူစိတ်ဆိုးလည်းခဏပဲဆိုပြီး သူ့အတွေးနဲ့
ငြိမ်နေတဲ့ သူသူ့ကို အနားမှာရှိတဲ့ မှတ်စုစာအုပ်လေးနဲ့ကောက်ပေါက်ရင်း လှန်းဆူလိုက်မိတယ်။
“သူသူ……..
နင်ဘာတွေစိတ်ကူးယဉ်နေတာလဲ……စာကျက်ချိန်မှာ စိတ်မများနဲ့လေဟာ…..ငါတို့ ဒီနှစ်အတူတူအောင်ဖို့အရေးကြီးတယ်။
စာထဲ စိတ်နှစ်ထားစမ်းပါ.. သူသူရဲ့၊” ကျွန်မ
ဒီလိုကြိမ်းလိုက်ရင် သူက ယဲ့ယဲ့လေးပြုံးရင်း “သူများအကြောင်းစိတ်ကူးယဉ်နေတာမဟုတ်ရပါဘူး
ယွန်းမေရယ်…… နင်နဲ့ငါ စာမေးပွဲအောင်ပြီးရင် ဒီလိုကျောင်းအတူတူတက်ရင်း စာအတူတူကျက်နိုင်ပါဦးမလားဆိုပြီး
တွေးမိသွားလို့ပါ၊ ငါ့အတွက်မစိုးရိမ်ပါနဲ့ အောင်မှတ်တော့ရမှာပါ...” ဆိုပြီး ပြန်ပြောတတ်ပါတယ်။
သူသူ့ဘက်က စာမေးပွဲအောင်ပြီးရင် ဆိုတဲ့ ခေါင်းစဉ်အကြောင်း ခဏခဏတွေးလာတော့ ကျွန်မလည်း
စဉ်းစားမိလာတာပေါ့။
သူပြောနေတာလည်း
ဟုတ်တယ်..ကျွန်မတို့ ၂ ယောက် စာမေးပွဲ အောင်ပြီးသွားရင် ဒီလိုမျိုး အတူတူစာကျက်ခွင့်မရှိတော့မှာ
သေချာတယ်။ ဒါပေမဲ့လည်း စာမေးပွဲကိုတော့ အောင်အောင်ဖြေရမှာပဲလေ။ ၂ နှစ်တက်ပြီးဖြေဖို့က
ကိုယ့်အိမ်အကြောင်းကိုယ်အသိဆုံးမို့ ရှုံးခဲ့ရင်ကျောင်းထွက်ရမှာက မလွဲနိုင်တဲ့ ဘ၀ဟောကိန်းတစ်ခုပါပဲ။
ဒါကြောင့်မို့ ကျောင်းပြီးရင်ဆိုတဲ့ အတွေးကို သူတွေးမိတိုင်း
“သူသူရယ်
ငါတို့ ကျောင်းအတူတူမတက်ရလည်းပဲ တရွာထဲပဲ.. တစ်ယောက်ဆီတစ်ယောက် သွားလည်ကြလို့ရသေးတယ်လေဟယ်”
ဒီလိုစကားမျိုးနဲ့ပြန်လည်နှစ်သိမ့်မိပေမဲ့….ရင်ထဲမှာတော့ တစုံတရာကြောင့် လေးလံနေခဲ့သလို……။
အဲဒီ
အတွေးတွေကြောင့်ထင်တယ်… စာမေးပွဲဖြေခါနီးလေလေ…….ကျွန်မနဲ့သူသူ တို့ ၂ ယောက်ကြားမှာ
ရယ်မောမှုတွေ နည်းလာခဲ့လေလေ..။ စိတ်ထဲမှာ ကိုယ်စီ မသိနိုင်တဲ့ ၀မ်းနည်းမှုလား ဆုံးရှုံးမှုလား
လွမ်းဆွတ်မှုတွေလား အဲဒီ ဘာမှ မရေရာတဲ့ ခံစားချက်တွေကို ကိုယ်စီနာမည်မဖော်ပြတတ်ခဲ့ကြပါ…။ဒါပေမဲ့
အချိန်တွေရွေ့လျားနေတာကိုတော့ ဘယ်သူကမှာ တားဆီးချုပ်နှောင်ထားလို့မှ မရတာ……..။
စာမေးပွဲဖြေပြီးတဲ့နေ့မှာပဲ
ပြီးပြီးချင်း ကံကောင်းစွာနဲ့ ကျွန်မတို့ကြိုက်တဲ့ ဂျက်လီရဲ့ Fong Sai
Yuk
ဗွီဒီယိုကားလေးကို နေ့ခင်း ၁ နာရီပွဲမှာ သွားကြည့်ဖြစ်ကြတယ်။
ကျွန်မတို့ ၂ ယောက်လုံးကြိုက်တဲ့ တရုတ်သိုင်းကားကိုလည်း အရင်လိုစိတ်မ၀င်စားနိုင်အောင်
ဖြစ်နေခဲ့တယ်။ ဟာသခန်းတွေတောင် မပြုံးနိုင်ဖြစ်နေတဲ့ ကျွန်မတို့အဖြစ်က ဘာကြောင့်မို့
ဘာတွေခံစားနေရမှန်းလည်း မပြောပြတတ်ကြ….။ ကိုယ်စီဝယ်လာတဲ့ နေကြာစေ့တွေစားရင်း နှုတ်ဆိတ်စွာနဲ့ကြည့်နေခဲ့ကြတယ်။
ဇာတ်ကားတစ်ကားလုံးကို တစ်ကွက်မကျန် ကြည့်ခဲ့ပေမဲ့ တခန်းမှ ကောင်းကောင်းမမှတ်မိတော့…။
၂
နာရီခွဲကျော်ကျော်လောက်မှာဇာတ်ကားကပြီးသွားတယ်…….. နေတောင်မစောင်းသေးဘူး…ဒါကြောင့်မို့
အိမ်ပြန်ပြီး စက်ဘီးနဲ့ ရွာစပ်က ကန်လေးဆီကို နင်းသွားကြတယ်။ (၂) ယောက်စလုံးဖြေနိုင်ကြလို့
အမေရော ဆရာမပါ ဒီနေ့တော့ ဘာမှမခိုင်းပဲ လွတ်လပ်ရေးပေးထားတယ်လေ။
ကန်လယ်ကဘုရားအတူဖူးဖြစ်ပေမဲ့လည်း
၂ ယောက်စလုံးမှာ ပြောစရာစကားတွေ ရှားပါးနေခဲ့ကြတယ်။ ကန်စပ်နားမှာ (၁) နာရီကျော်ကျော်လောက်ထိုင်ဖြစ်ပေမဲ့
ပြောစရာစကားတွေရှာမတွေ့ကြလို့ ပြန်လာခဲ့ရတယ်။ အိမ်ထဲဝင်ခါနီးမှာတော့ သူသူက ……. “ယွန်းမေ ငါမနက်ဖြန်ဆို
အလုပ်ဝင်ရတော့မယ် ငါ့အဖေနဲ့အတူတူလေ……အားတဲ့အခါမှ လာလည်တော့မယ်နော်” ဆိုပြီး နှုတ်ဆက်သွားခဲ့တယ်။
ဟုတ်တာပေါ့
သူသူ…..ငါတို့တွေကလေးဘ၀တုန်းကလို ကစားဖို့အချိန်တွေဘယ်ရှိတော့မလဲ ငါလည်း အမေနဲ့အရင်ကထက်ပိုပြီး
ကူညီပြီးဈေးရောင်းရတော့မှာလေ။ ငါလည်း အရင်လိုနင့်ဆီလည်ဖြစ်တော့မှာ မဟုတ်ဘူး…. ဒါပေမဲ့
တခါတလေပေါ့ဟယ် ငါလည်ဖြစ်မှာပါ နင့်ဆီကို……။ဒီလိုနဲ့ တရွာထဲနေရင်း တစ်ယောက်နဲ့တစ်ယောက်
အလည်ရောက်ဖြစ်ကြပေမဲ့ အလုပ်ကိုယ်စီနဲ့မို့ အလည်ရောက်တိုင်း စကားကြာကြာတောင် ပြောခွင့်မရခဲ့ကြပါဘူး….။
တမင်သက်သက်ဝေးပါစေဆိုပြီး
ကံတရားက
နီးရက်နဲ့ တခါတလေမှ တွေ့ခွင့်ပေးတော့တယ်။ ၂ ယောက်စလုံး အလုပ်ကိုယ်စီနဲ့
လုံးပန်းနေကြရင်း ရွာလေးထဲမှာတောင် ကျွန်မတို့မသိမသာဝေးနေခဲ့ရတယ်။ ဒါဟာ
ဝေးကွာခြင်းရဲ့အစလားသူသူရယ်………ငါတို့တွေမသိခဲ့ကြဘူးနော်……….။
ဆယ်တန်းအောင်စာရင်းထွက်တော့
၂ ယောက်လုံးအောင်တယ်။ဆရာမနဲ့အမေတို့ကတော့ ပျော်လို့မဆုံးပေါ့…ဆယ်တန်းအောင်လို့ ကျွန်မတို့၂
ယောက်လုံး အနီးကပ်တက္ကသိုလ်တက်ချင်ကြပေမဲ့လည်း လက်တွေ့မှာမဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုကို
၂ ယောက်လုံး အကောင်အထည်မဖော်နိုင်ခဲ့ကြဘူးလေ……..။ ငွေအနည်းငယ်သာပို့တတ်တဲ့အဖေ့ရဲ့ငွေနဲ့
ကျွန်မ day တက်ဖို့အတွက် စရိတ်စက မဖူလုံနိုင်……. ။ ဒီတော့ ကျွန်မက မူလတန်းပြဆရာမ ၀င်လုပ်ရင်း
အဝေးသင်တက်ဖြစ်တယ် ….။ အနီးနားကရွာလေးမှာပဲ တာဝန်ကျလို့ ကံကောင်းတယ်ပြောရမယ်..။ စက်ဘီးနဲ့
ကျောင်းဆင်းကျောင်းတက် လုပ်လို့ရတယ်လေ။ ရွာသူ၊ရွာသားတွေကလည်း ဖော်ရွေကြတယ်။ သူသူကတော့
အောင်စာရင်းထွက်ပြီး သိပ်မကြာလိုက်ဘူး စင်္ကာပူသွားဖို့
ရန်ကုန်မှာ လိုအပ်တဲ့သင်တန်းတွေသွားတက်ရတယ်။
ဒီလိုနဲ့ ၂ ယောက်သား မမျှော်လင့်ပဲနဲ့ ပိုပိုဝေးခဲ့ကြတယ်။
သူသူ……….
၆ လလောက်သင်တန်းတက်ပြီး………အဆင်ပြေစွာနဲ့ပဲ စင်္ကာပူကို ထွက်ခွင့်ရခဲ့ပါတယ်။ သင်တန်းတက်ချိန်တလျှောက်
သူသူနဲ့ ကျွန်မ စာအဆက်အသွယ် ပုံမှန်ရှိခဲ့ကြပါတယ်။ သူသူ နိုင်ငံခြားထွက်မဲ့နေ့မှာ ရန်ကုန်အထိ
ဆရာမနဲ့အတူ လိုက်ပို့ခဲ့တုန်းက လေယာဉ်ဆိပ်ထဲကို ကျောခိုင်းထွက်သွားတဲ့ သူသူ့ကျောပြင်ကိုငေးကြည့်နေရင်း
ကျွန်မရင်ထဲမှာ တစ်စုံတစ်ခုလစ်ဟာသွား သလိုခံစားလိုက်ရတယ်……ဒါကို သူသူသိနိုင်ပါ့မလား…။
အဲဒီနောက်ပိုင်း…ကျွန်မကတော့
စာသင်တဲ့ရွာနဲ့ ကျွန်မရွာကြားမှာပဲ အချိန်တွေကုန်နေခဲ့တယ်။ သူသူကတော့ “စ” လုံးကို ရောက်ရောက်ချင်း
ဆရာမဆီကတဆင့် စကားလက်ဆောင်ပါးခဲ့ပါတယ်။ သူအဆင်ပြေတဲ့အကြောင်း သူ့ကို စိတ်မပူကြပါနဲ့တဲ့
နောက်ဆုံး အားလုံးကိုလည်းသတိရပါတယ်တဲ့လေ……။
သူသူ……..နိုင်ငံခြားကို
ထွက်သွားပြီးနောက်ပိုင်း ကျွန်မစိတ်တွေက အရင်လို တက်ကြွလန်းဆန်းမနေတော့ အမြဲတမ်းထိုင်းမှိုင်းလေးလံနေခဲ့တယ်။။
ဒါတွေဘာကြောင့်ပါလိမ့်သူသူရယ်…….။
တစ်လလောက်ကြာတော့
ချစ်စရာ ပို့စကတ်လေးနဲ့အတူ သူသူရဲ့ ရင်ဖွင့်စာလေး ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။
ပို့စကတ်ကို ဖွင့်ဖတ်ကြည့်လိုက်တော့…. “မေ့အတွက်”…တဲ့….။ သူသူ့ရဲ့စာလုံးလေးတွေကိုတောင် ကျွန်မမြတ်နိုးတတ်နေခဲ့ပြီ။
အင်း ကျွန်မဘက်ကပဲ အကဲတွေပိုနေခဲ့တာလားသူသူ….။ ကျွန်မ ရင်ခုန်စွာစိုးထိတ်စွာ သူ့စာကိုပါ
ဖွင့်ဖတ်လိုက်တော့ တိုးတိတ်စွာမျှော်လင့်စောင့်စားခဲ့သော သူသူ့ဘက်က ကျွန်မအပေါ်ထားတဲ့
သဘောထားတစ်ခု….
သူသူ
ကျွန်မကို တရားဝင် ချစ်ရေးဆိုတဲ့စာ………။
စာထဲမှာ
ကျွန်မကို အမြတ်တနိုးနဲ့ မေလို့ ခေါ်ပါရစေတဲ့………။ အမေတို့ခေတ်တုန်းကလို စဉ်းစားပါရစေဦးကွယ်လို့
အချိန်ဆွဲနေရမဲ့ သူတွေလည်းမဟုတ် စဉ်းစားစရာမလိုလောက်အောင် ကိုယ့်နှလုံးသားကို ကိုယ်နားလည်ပြီးသားပဲမဟုတ်လား။
တရားဝင်ချစ်သူဖြစ်ဖို့ ကျွန်မဘက်က ပြန်စာကို သူသူကျေနပ်စေတဲ့အဖြေမျိုး ရေးပေးခဲ့ပေမဲ့
ဘာကြောင့်မှန်းမသိ……. စိတ်ထဲမှာ တခုခုလေးလံနေခဲ့တယ်။ အနေဝေးမှ ဖွင့်ပြောတဲ့ သူသူ့ကို
မချင့်မရဲဖြစ်မိတာ လို့ပဲ စိတ်ထဲ ဖြေတွေးလိုက်မိတယ်။
မေတို့
၂ ယောက်ကြား စာအဆက်အသွယ်လတိုင်းရှိသလို တခါတလေ ဖုန်းထဲက စကားပြောခွင့်ရကြပေမဲ့ ခဏပဲကြည်နူးမိတယ်
သူသူ…… အရင်တုန်းကလိုပျော်ရွှင်မှုမျိုး မေ့မှာမရှိတော့ဘူး…။ ချစ်သူဖြစ်ပြီးနောက်ပိုင်း
စိုးရိမ်စရာတွေ များလာသလို၊ လွမ်းမောရတာလည်း မလွယ်ပါလားသူသူရယ်။
အစစ အရာရာဆွေမျိုးတွေရဲ့အထောက်အပံ့နဲ့ သွားခဲ့သူသူကတော့
အလုပ်ကို အရမ်းကြိုးစားနေလေရဲ့… ကောင်းပါတယ်သူသူ….သူသူ့ဘ၀တိုးတက်နေတာကိုမြင်ရတာတော့
မေ အရမ်းကိုကျေနပ်မိပါတယ်။ ဒါပေမဲ့ သူသူ့ကိုတော့ လွမ်းတယ်ကွယ်……။
သူသူ
နဲ့ကျွန်မ စာရေးတိုင်း အချစ်ထက် အလွမ်းသီကာတွေ ဖွဲ့နွဲ့ကြနဲ့ တခါတလေ အဝေးရောက်မှ ချစ်စကားပြောတဲ့
သူသူ့ကို စိတ်တိုမိသေးတယ်။ သူကတော့ ကျွန်မကို
တခါမှ စိတ်မဆိုးစိတ်မကောက်တတ်သလို အမြဲတမ်း အားပေးစကားပြောပြီး နှစ်သိမ့်တတ်မြဲပါ…။
ချစ်သူသက်တမ်း ၁ နှစ်အတွင်း သူသူ့ဆီက စာပုံမှန်ပို့ခဲ့ပေမဲ့
… ၂ နှစ်ထဲရောက်လာတော့ သူ့စာတွေ အရင်ကလိုပုံမှန်မရောက်တော့ဘူး…….သူ့စာတွေ ၃ လတစ်စောင်နောက်ပြီးပျောက်သွားလိုက်တာ….
၅ လကျော်ကျော်လောက်မှ ရောက်တော့တယ် ဖုန်းလည်းမဆက်တော့ဘူး။ သူအလုပ်ပြောင်းသွားလို့ အရင်လို
စာရေးဖို့ အချိန်သိပ်မရတော့ဘူးတဲ့.. ။ တကယ်ဆို စာတစ်စောင်ရေးဖို့ အချိန်ဘယ်လောက်ထိ
ကုန်မှာမို့လဲနော်…။ဘာပဲဖြစ်ဖြစ်.. ဆင်းရဲတွင်းနက်ခဲ့တဲ့ သူ့ဘ၀ကို နာကျည်းခဲ့လို့ ဆင်းရဲတွင်းကလွတ်အောင်
သူသူအစွမ်းကုန်ကြိုးစားနေတာပါဆိုပြီး ဖြေသိမ့်ကျေနပ်လိုက်ရတာပဲလေ…..။
သူသူ့စာတွေ
ပုံမှန်မရောက်တော့ပေမဲ့ မေ့ဆီက ဘုရားဝတ်ပြုတိုင်း သတိရမိတိုင်း ပုံမှန်ပေးပို့တဲ့မေတ္တာတွေကတော့
သူသူ့ဆီ ရောက်နေကြမှာပါ ….။မေ့မေတ္တာတွေနဲ့ သူသူတစ်ယောက် အဆင်ပြေအေးချမ်းနေပါစေလို့လည်း
ဆုတောင်းမိသေးတယ်။။ ဒါပေမဲ့ သူသူ ရယ်…….. မေ့မေတ္တာရိပ်အောက်မှာ သူသူတစ်ယောက်ဒီလောက်ထိ
ပြောင်းလဲသွားနိုင်လိမ့်မယ်မထင် ခဲ့မိဘူး။
နောက်ဆုံးရောက်လာတဲ့စာတစ်စောင်ကတော့
မေနဲ့သူသူ့ကို လုံးဝ စည်းခြားလိုက်တဲ့စာလေ……။ စာတစ်စောင်နဲ့အတူ ခမ်းနားလှပတဲ့ ဖိတ်စာတစ်စောင်ပါ
အတူတွဲပါလာခဲ့တယ်။ အနံ့ကလေးရလိုက်ရုံနဲ့ ဈေးကြီးပေးထားရတဲ့ ဖိတ်စာမှန်း သိသာနေတယ်။
လောကကြီးက မျက်လှည့်ဆန်တာလား ဘ၀ဆိုက ရက်စက်လွန်းတာလား… မေတို့ချစ်ခဲ့ကြတာတွေ ထားခဲ့တဲ့သံယောဇဉ်တွေက
ဒီလိုရုတ်တရက်ဝေးဖို့ပဲတဲ့လား။ ဘယ်လိုခံစားနားလည်ရပါ့မလဲ ဘယ်သူ့ကိုတိုင်တည် အယူခံခွင့်ရနိုင်မလဲဟင်….။
သူသူရယ်…………မေ့ကို
မချစ်ခဲ့လို့လားကွယ်။။။။။။။ ……..အချစ်စစ်နဲ့ ချမ်းသာမှုကို လဲရက်နိုင်သတဲ့လား………မေ
ဘယ်လိုဖြေဆည်နိုင်ပါ့မလဲ…..။ သူသူတို့မိသားစုကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ ဆပ်လို့မကျေနိုင်တဲ့
ဒီဆွေမျိုးအကြွေးတွေကြားမှာ ဆရာမလည်းမေ့ကိုသနားပေမဲ့ မတတ်နိုင်ခဲ့…….။ သူတို့ စေရာအတိုင်း
သူသူကကော ဘာကြောင့်မို့ သက်မဲ့ရုပ်သေးတစ်ရုပ်လို ကြိုးဆွဲရာ ကခဲ့ရတာလဲ…………။ နောက်ဆုံးတော့လဲ
သူသူ့ရွေးချယ်မှုပါပဲကွယ် သူသူ ချခဲ့တဲ့ဆုံးဖြတ်ချက်တွေပါ……မေ့ဘက်ကတော့ မထားခဲ့ပါနဲ့လို့
တားခွင့်လေးတောင် မရလိုက်ခဲ့တာပဲလေ…သူသူထားခဲ့သလို ကျန်နေခဲ့ရတာက သူသူအရမ်းချစ်တယ်ဆိုတဲ့မေပါပဲကွယ်…။
ဒီလိုနဲ့
လူမှုဘောင်ထဲက စည်းတွေကြားထဲ မေနဲ့သူသူ………….တသက်လုံး
ဝေးကြရတော့မှာပေါ့……ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ အဖြစ်ပါလား…။ သူသူရယ် နင်ကောပျော်နိုင်ပါ့မလား………..မေလေ
သူသူ့ကိုပျော်စေချင်တယ်….. တဲအိုပျက်မှာ နေရပေမဲ့ မေတို့ ၂ ယောက်အတူတူဆိုရင် ပျော်နိုင်ကြမှာပါ…….
မေ့ရင်ထဲကအချစ်တွေကို သူသူနားလည်နိုင်သလို သူသူ့ရင်ထဲက မြိုသိပ်ထားရတာတွေကိုလည်း မေမကြည့်ရက်လိုက်တာ…….။
ဒါပေမဲ့လည်း သူသူရွေးတဲ့လမ်းကို မေက တားဆီးခွင့်မရနိုင်ခဲ့သလို သူသူရွေးမဲ့လမ်းကို
ကာဆီးမပိတ်ပင်ရက်ပါဘူး။။ ဂုဏ်မက်တဲ့ ယောကျာ်းလို့ မေ သူသူ့ကို မစွပ်စွဲရက်ပါဘူးကွယ်။
သတ္တိမရှိတဲ့လူဆိုပြီးတော့လည်း အပြစ်မတင်ရက်ပါဘူး။စင်္ကာပူမှာ PR (Permanent
Residents) ရထားတဲ့ ရန်ကုန်သူလေးနဲ့အတူ
ကျွန်မတို့ ချစ်ခြင်းကို စတေးပြီးတော့ သူသူမက်မောတဲ့ စင်္ကာပူနိုင်ငံသားဘ၀မှာ သာယာပျော်ရွှင်နိုင်စေဖို့
မေ ဆုတောင်းပေးနေဦးမှာပါ…။
မေ့အတွက်
ဖြေသိမ့်စရာကတော့ … ကံမကြုံတော့လို့ ဖူးစာဆုံခွင့်မရတာလို့ပဲ ရင်နာနာနဲ့ မှတ်ယူလိုက်ရတာပေါ့
သူသူရယ်။။။။။။
စကားပြောခွင့်
ရခဲ့မယ်ဆိုရင် မေတစ်ခုတော့ စကားလက်ဆောင်အဖြစ် မှာခဲ့ချင်တယ်………. “သူသူ………ဘယ်လိုပဲဖြစ်နေနေ
…ဘ၀မှာ နေပျော်အောင် ကြိုးစားပြီးနေပါ သာယာတဲ့ အနာဂတ်ကို ဖန်တီးပါ..” ။
မေကတော့
သူသူ့ကို ချစ်တဲ့အချစ်နဲ့ပဲ ဘ၀ကိုဆက်ပြီး ဖြတ်သန်းတော့မယ်……….။
တကယ်တော့ သူသူ ဆိုတဲ့ နာမ်စားကို ကျန်ခဲ့တဲ့အတိတ်မှာသာ
ကျွန်မသုံးနှုန်းခွင့်ရခဲ့တာပါ။ ဒီအချိန်မှာ ကျွန်မတို့ကြားမှာ နာမ်စားတွေ သုံးနှုန်းခေါ်ဆိုကြဖို့
တံတိုင်းတစ်ခုက စည်းတားကာရံထားခဲ့ပြီးပြီလေ။ မေလို့ ကျွန်မကို သူခေါ်ခွင့်မရှိတော့သလို
ကျွန်မကလည်း အမြတ်တနိုးတရင်းတနှီးခေါ်ခဲ့ဖူးတဲ့ သူသူဆိုတဲ့ သူ့နာမည်လေးကို တမ်းတစွာ
မခေါ်သင့်တော့မှန်းသိပါတယ်။
ဒီလိုနဲ့
သူ အိမ်ထောင်ကျပြီး…၂ နှစ်လောက်အကြာမှာ သမီးမိန်းခလေးတစ်ယောက်ရတယ်ဆိုတာ ဆရာမဆီက သိခွင့်ရခဲ့တယ်။
သူ့သမီးလေးကို ခင်ယွန်းသက်ဝေလို့ နာမည်ပေးထားတယ်တဲ့…။ ကလေးနာမည်ကြားတော့ ကျွန်မ နာကျင်စွာပြုံးမိသေးတယ်။
ကျွန်မအပြုံးကို ဆရာမနားလည်ကောင်းနားလည်ပါလိမ့်မယ်။
ကျွန်မလည်း
သာမန်မူလတန်းဆရာမဘ၀နဲ့ မရောင့်ရဲနိုင်ခဲ့လို့ပညာတိုးအောင်လုပ်ရဦးမယ်ဆိုတဲ့ အတွေးနဲ့
အဝေးသင်တက်ရင်းခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ပဲ နိုင်ငံခြားပညာတော်သင်ဆုရဖို့
ဝင်ဖြေဖြစ်ခဲ့တယ်။
ကံကောင်းလွန်းစွာနဲ့
အောင်မြင်ခဲ့လို့ ဘန်ကောက်မှာ ကျောင်းတက်ခွင့်ရခဲ့ပေမဲ့လည်း ရွာမှာ ကျန်ခဲ့တဲ့မိသားစုလေးနဲ့
သူ့ဆီကိုပဲ စိတ်တွေက ရောက်ရောက်နေတတ်တယ်။
ဒါကြောင့်မို့လည်း
သူငယ်ချင်းတွေက ကင်မွန်းတပ် ခေါ်နေကြတဲ့ အလွမ်းသမလေးဆိုတဲ့ နာမည်လေးက ကျွန်မနဲ့ လိုက်ဖက်လွန်းနေတယ်။
အတွေးတွေနဲ့ငေးမောနေတတ်တဲ့ကျွန်မဟာ မကြာခဏဆိုသလို လူမှုဘောင်စည်းတွေခြားနေခဲ့ပေမဲ့
တားဆီးပိတ်ပင်နိုင်စွမ်းမဲ့နေသေးတဲ့ သူ့ကို
မေ့မရနိုင်ပဲ ကျွန်မအတွေးထဲမှာ သူပျော်ရွှင်နေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေးတွေနဲ့အတူ
သတိရတတ်မြဲ… သတိရနေတတ်ဆဲပါပဲ…………။ ဒါတွေကို သူသိပါစေလို့ ကျွန်မ ဆုမတောင်းချင်တော့ပါ…
ဒါကြောင့်မို့လည်း မေဆိုတဲ့ မိန်းခလေးကလေ မပြည့်နိုင်တဲ့ဆုတွေကိုလည်း မတောင်းမိတော့တာ
ကြာခဲ့ပြီပေါ့………ဦးမင်းခသူ….။
လွမ်းမိပါသော်လည်း……..
ဟိုး ဟိုဝေးဝေးက လမင်းကြီးအေးချမ်းနေသလို
နင်လည်းအေးချမ်းသာယာပါစေ……။
လေပြေတွေ ငါ့အပါးမှာ ဝေ့၀ဲနေသလို
ငါ့ချစ်ခြင်းတွေက နင့်အနားမှာ
ဝေ့ကစားနေကြဆဲပါ။
ဒီလိုလွမ်းဆွတ်မှုတွေနဲ့…….
ငါနင့်ကို လွမ်းမိပါသော်လည်း………..။
ငါ့ဘ၀ငါ့အချစ်နဲ့ ငါဆက်ရှင်သန်မယ်
နင်လည်း နင့်ဘ၀ နင့်အနာဂတ်နဲ့
နင့်ခရီးဆက်ပါ။ ။ (ယွန်းမေ)
(ဒီသီချင်းလေးနားထောင်ပြီးတဲ့နောက်
ရလာတဲ့ခံစားချက်တွေကို စိတ်ကူးတချို့နဲ့ပေါင်းစပ်ပြီး ဒီစာလေးကို
အစမ်းရေးထားခဲ့တာ လ နဲနဲတောင်ကြာခဲ့ပါပြီ။ အချစ်ဝတ္ထုတိုလေးတစ်ပုဒ်ကို ပထမဆုံး မတတ်တခေါက်နဲ့ ရေးကြည့်ထားတာလေးကိုပဲ ကျွန်မ ဘန်ကောက်ရောက် ၃ နှစ် ၁ လ တင်းတင်းပြည့်တဲ့နေ့ အမှတ်တရအနေနဲ့ ဒီစာမျက်နှာမှာ တင်လိုက်ပါတယ်)