ခါတိုင်းလိုဘဲ
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်
မြို့ပြရဲ့ညနေမှာအလွမ်းတွေပြန်သန်းသွားဖို့
ထွက်ပေါက်မရှိခဲ့ဘူး
ဘာပဲဖြစ်ဖြစ်
မြူတွေပျောက်သွားခဲ့ရင်တော့
ကောင်းကင်ပြာတွေ့ရမယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့သူ
လက်တစ်ခုပ်စာ အိမ်မက်လေးနဲ့
ရွှေရောင်အနာဂတ်ကိုမှ မျှော်လင့်နေတဲ့သူ
အနီရင့်ရင့်နှလုံးသားထဲမှာ
အပြာရောင်နေ့များစွာရှင်သန်နေတဲ့သူ
အဆုံးမဲ့ ချစ်ခြင်းတွေအတွက်
နောင်တလုံးဝမရတဲ့သူ
သစ္စာနယ်မြေကထွက်ပြေးဖို့
ဘယ်တော့မှ မကြံစည်တတ်သူ
အဲဒီ....ငါ့ရဲ့....ရင်ဘတ်ထဲက
မင်းထင်တာထက် အဆများစွာပိုတဲ့
အချစ်တွေကို
မင်းနားလည်အောင်ပြောပြချင်ပေမယ့်
ဒီနေ့လည်း......
အလွမ်းတွေ အပြည့်နဲ့ပြန်လာခဲ့တယ်.....။(ခေါင်ခေါင်)

မိတ်ဆွေများရှင် ဒီကဗျာလေးကို တစ်နေ့ကမှ မမိုးငွေ့ကနေတစ်ဆင့် ကျွန်မဘလော့မှာ သိမ်းထားချင်လို့ ခွင့်ပြုချက်တောင်းပြီး ဒီနေ့မှာတင်လိုက်တာပါ။ ကဗျာရှင် ခေါင်ခေါင် ရဲ့ အရေးအသားက ကျွန်မရဲ့ ခံစားချက်နဲ့ ထပ်တူကျလွန်းတာကြောင့် ဒီကဗျာလေးကိုသိမ်းထားချင်မိတယ်။ ရိုးရှင်းတဲ့ အရေးအသားလေးနဲ့ အဓိပ္ပါယ်တွေက ထိမိလွန်းလှပါတယ်။ ခံစားချက်မတူ သူများတောင် ဒီကဗျာလေးဖတ်ရင် လွမ်းချင်
စရာလေးပါနော်။ ဝေဒနာတူ မိတ်ဆွေများအတွက်တော့ ခံစားချက်ကိုတကယ်လေးနက်စေတဲ့ ကဗျာကောင်း လေးတစ်ပုဒ်ပါ။ ရေးစပ်သူ ခေါင်ခေါင်နဲ့ ဒီကဗျာလေးကို လက်ဆင့်ကမ်းမျှဝေခွင့်ပေးတဲ့ မမိုးငွေ့တို့ကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ ဓါတ်ပုံလေးတော့ နဲနဲပြောင်းထားတယ်။