၂၀၀၈ ခုနှစ်ထဲက နိုဝင်ဘာလလောက်တုန်းကပေါ့ ကျွန်မသူငယ်ချင်းရှိရာအပေါင်မြို့ကို အလည်သွားခဲ့ရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်မအပေါင်က သူငယ်ချင်းဆီမှာ တစ်ပါတ်လောက်နေပြီးမှ ပြန်မယ်လို့ စိတ်ကူးပြီးအလည်သွားခဲ့တာပါ။ ဒါပေမဲ့ တစ်ပါတ် မပြည့်လိုက်ပါဘူး။ ၅ ရက်လောက်နဲ့ လှည့်ပြန်ခဲ့ရပါတယ်။ကျွန်မသူငယ်ချင်း ဧည့်ဝတ်မကျေလို့မဟုတ်ပါဘူး။ သူတို့ တစ်မိသားစုလုံးကောင်းတယ်။ သူ့အမေဆိုလည်း ကျွန်မအရမ်းဝါသနာပါတဲ့ လက်ပန်းထိုးပညာလေးတောင် သင်ပေးလိုက်သေးတယ်။ ကျွန်မတောင် သူတို့အတွက် မုန့်ဖတ်တွေ ၀ိုင်းကူလုပ်ပေးရင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ (သူတို့အိမ်က မုန့်ဖတ်လုပ်တဲ့အိမ်ပါ. စီးပွားဖြစ်လုပ်ငန်းတစ်ခုပါ. တော်တော်ငွေဝင်ပါတယ်)။ အဲလိုနေရင်း ၃ ရက်မြောက်မှာပဲ ကျွန်မကောက်ခနဲ ဖျားပါတယ်။။ တုတ်ကွေးလိုလို အဖျားမျိုးပါ.။ ဒါပေမဲ့ ကျွန်မသူငယ်ချင်းက စတန့်ထွင်ပြီး ဗေဒင်မေးရင်း နင့်ရောဂါအကြောင်းလည်းမေးရအောင် ဆိုပြီး ကျွန်မကိုအတင်းခေါ်သွားပါတယ်။ နောက် ကျွန်မလည်းစပ်စုချင်စိတ်ပေါ်လာလို့ လိုက်သွားပါတယ်။ ကျွန်မစိတ်ဝင်စားတာက သူ့ဆရာကအရင်ကျောင်းဆရာလို့ ဆိုပါတယ်။ ကျွန်မတို့ဒေသမှာဆိုရင် ကျောင်းဆရာတွေ အဲလိုဗေဒင်ဆရာ၊ ပရောဂဆရာ လုပ်တာမျိုးတွေ မကြားဖူးလို့ လိုက်ကြည့်တာပါ။
ဟိုရောက်တော့ ကျွန်မသူငယ်ချင်းနဲ့ သူ့ဆရာ ပရောဂဆရာနဲ့ စကားစမြည်ပြောရင်း ကျွန်မနေမကောင်းတာကို စမ်းသပ်စေချင်တယ်လို့ပြောတယ်။ ကျွန်မလည်း ကိုယ့်သူငယ်ချင်း မျက်နှာပျက်မှာကြောင့်လို့ ပြန်မငြင်းလိုက်မိဘူး။ နောက်တစ်ချက်က သူဟောတာ ဘယ်အထိမှန်လဲ သူဘယ်လိုကုမလဲဆိုတာလည်း သိချင်နေတာကိုး။ အဲလိုနဲ့ သူက နာမည်တွေ၊ မွေးသက်ကရာဇ်တွေ မေးတယ်။ နောက်ဟောပါတယ်။ သူမြင်သမျှတွေကိုပေါ့။ မမှန်တာမှ လုံးဝမမှန်တာတွေ ဟောပါတယ်ရှင်။ အဲဒါတွေကို မပြောတော့ဘူး။ ဇာတ်လမ်းရှည်သွားမှာကြောက်လို့ ။ သူကမှန်လားလို့မေးတိုင်း ကျွန်မဘာမှ ပြန်မပြောပါဘူး။ ပြုံးပဲပြုံးနေလိုက်တယ်။
ရှောင်ရမဲ့အရာတွေက ကျွန်မကို အသုဘအိမ်မသွားရဘူး။ ဘုရားထီးတော်တင်ပွဲ မသွားရဘူး။ မြွေသားမစားရဘူးတဲ့။ အဲဒီ ၃ မျိုးကို သေသေချာချာ ထပ်ခါထပ်ခါမှာပါတယ်။ နောက်ပြီး သူနဲ့ကျွန်မနဲ့က ဓါတ်ပါတာလား။ အဲလိုပြောတာပဲ။ သဘောက ရေစက်တွေ ရှိခဲ့ကြတယ်ဆိုတာပေါ့။ နှစ်တိုင်းတစ်နှစ်ခါ သူ့ဆီလာပါတဲ့။ သူ့ပညာကို အမွေအဖြစ် လက်ဆင့်ကမ်းပေးမယ်လို့လဲပြောပါတယ်။
အဲလိုတွေ အမှာခြွေပြီးတော့ ကျွန်မကို ရောဂါစကုပါတယ်။ ဂါထာတွေ လိုက်ဆိုခိုင်းတယ် အရှည်ကြီးပဲ မမှတ်မိတော့ဘူး။ ဘုရားဂါထာတစ်ချို့ပါတယ်။ တစ်ချို့ဂါထာတွေကိုတော့ တစ်ခါမှ မကြားဖူးဘူး။ နောက်ပြီး ကျွန်မကို အင်းတွေရေးပေးမယ်တဲ့ အန်တရာယ်ကင်းဖို့ဆိုပြီးတော့ နဖူးကနေပြီး ခြေဖျားထိပဲ ရေးနေတာ။ ထိုင်နေရင်း ခြေထောက်ဆင်းထားခိုင်းတာလေ။ နောက်တော့ ကျွန်မကိုကုဖို့ ပန်းရွက်လိုတယ် ဆိုပြီးတော့ ကျွန်မသူငယ်ချင်းကို ပန်းရွက်သွားခူးခိုင်းတယ်။ အဲဒီမှာ ကျွန်မက သတိရှိနေပြီးသားလေ။ ဒါက စာအုပ်တွေ ဖတ်ခဲ့ဖူးလို့ ဒီလိုလူနှင်နည်းတွေကို ရိပ်မိခဲ့တာပါ။ အဲဒါကြောင့် အလိမ်မာ စာမှာရှိလို့ပြောတာပေါ့။ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ် ပညာတွေ ဗဟုသုတတွေအဖြစ် ယူထားတတ်ရင် သူ့နေရာနဲ့သူ အသုံးဝင်တာပဲ။ ကျွန်မက စာမျိုးစုံ ဖတ်လေ့ရှိပါတယ်။ သုတ ရသ အစုံပေါ့။
လေရှည်သွားပြီး။ ခူနပြောနေတာက အစပြန်ကောက်ရရင် ကျွန်မသူငယ်ချင်း ပန်းရွက်ခူးဖို့ဆင်းသွားပါတယ်။ အဲဒီမှာ သူကကျွန်မကို ပက်လက်အိပ်ခိုင်းပါတယ်။ အင်းရေးမလို့တဲ့။ ကျွန်မကလည်း ခုနကရေးပြီးသား မဟုတ်လားလို့မေး တော့ သူပြန်ပြောတယ်။ ခုနက အန်တရာယ်ကင်းတဲ့အင်းတဲ့။ အခုဟာက မျက်နှာပွင့်ဖို့ပြောတယ်။ ကျွန်မ ဘာအင်းမှ မလိုအပ်ဘူး။ ဆရာ့ရဲ့ကျောင်းဆရာဂုဏ်ကို လေးစားလို့သာ ကျွန်မအလိုက်တသိ သည်းခံနေတာ။ နောက်ဆုံးတော့ ဆရာက ဒီအမျိုးအစားထဲက ဆရာမျိုးဆိုတာ ကျွန်မသိလိုက်ပြီ။ မထင်ရဘူး လို့ပြောလိုက်တယ်။
အဲဒီအချိန်မှာ ကျွန်မသူငယ်ချင်း ရောက်လာတယ်။ သူငယ်ချင်းက ဘာမသိ ညာမသိနဲ့ ထိုင်ချလိုက်တော့ မထိုင်နဲ့တော့ ပြန်မယ်လို့ဆိုပြီး သူ့လက်ဆွဲပြီးပြန်လာတယ်။ သူ့အိမ်ပြင်ရောက်တော့ အဖြစ်မှန်ကို သူ့ကိုပြောပြလိုက်ပါတယ်။ နောက်မှ သူမက တအံ့တသြနဲ့ အဲလိုလားတဲ့။ နောက်ဆို လာမမေးရဲတော့ဘူး။ သူ့သူငယ်ချင်းတွေကိုလည်း ပြန်ပြောပြမယ်ဆိုပြီးတော့ သူကိုယ်တိုင်လည်း သူ့ဆရာကြီးကို နောင်ကြဉ်သွားလေရဲ့…။
ကဲ ကဲ အဲလိုပဲပေါ့ရှင်။ ကံကောင်းလို့စာတွေ ဖတ်ထားတာလေ။ သူတို့ရဲ့အထာလို နည်းနည်း နားလည်လို့သာပေါ့။ သူ့နာမည်ကြီးပျက်သွားတာကိုတော့ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ မသိတဲ့သူတွေလည်း ရှိမှာပါ။ အဲဒီဆရာက အသက် ၅၀ ကျော်လောက်ရှိမယ်။ ဇနီး သားသမီး မြေးတွေလည်းရှိတယ်။ သူတို့အိမ်က ၂ ထပ် သစ်သားအိမ်ပါ။ အပေါ်ထပ်မှာ လူနာတွေနဲ့ လက်ခံစကားပြောပါတယ်။။ ချဲဂဏန်းတွေလည်း ပေးတယ်တဲ့။ ဒါပေမဲ့ သူရောဂါကုတဲ့ အချိန်မှာ အိမ်သားတွေ အပေါ်ထပ်ကို တက်ခွင့်မရှိပါဘူး။ သူ့နာမည် အပြည့်ကို မမှတ်မိတော့ပေမဲ့ နာမည်မှာ ကြည် ပါတာတော့မှတ်မိသေးတယ်။
ကြီးပြင်းလာတဲ့ လူ့ဘ၀တိုတိုလေးမှာ တွေ့ခဲ့ရတဲ့ သင်ခန်းစာယူစရာ အဖြစ်လေးတစ်ခုပေါ့။ ပရောဂဆရာအားလုံးက အဲလိုဆရာတွေပါလို့ မဆိုလိုပါဘူး။ အကျင့်မကောင်းတဲ့ လူတွေမှ ဖြစ်မယ်လို့ထင်ပါတယ်။ လူဆိုတာ ပင်ကိုဗီဇဆိုတာလည်း ရှိသေးတယ်လေ။ အပြင်က နာမည်ဘယ်လောက်ကောင်းကောင်း သူ့အတွင်းစိတ်မှာ အောင်းနေတဲ့ စိတ်ဓါတ်ကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီဆရာဆိုရင် သူများလေးစားလောက်တဲ့ ဆရာတစ်ဦးပါပဲ။ ဒါပေမဲ့ သူ့မှာ ဒီလိုစိတ်ဓါတ်ရှိနေတယ်လေ။ တကယ်လို့ အဲလိုစိတ်ဓါတ် မရှိဘူးဆိုရင် ကျွန်မသူငယ်ချင်းကို သူ ပထုတ်စရာမလိုပါဘူး။ သဘောရိုးနဲ့တာဆိုရင် လူမြင်ကွင်းမှာ ကုလို့ ရေးလို့ရပါတယ်။
အဲဒီတုန်းက ကျွန်မရောဂါက တုတ်ကွေးပဲ။ ဘာပရောဂမှ မဟုတ်ဘူးဆိုတာ သိတယ်။ ပရောဂဆိုတာလည်း ကျွန်မအထင်မသေးပါဘူး။ တစ်ချို့တွေကျတော့ မှန်နေတာပဲလေ။ ကုလို့ပျောက်သွားတာတွေ မြင်ဖူးပါတယ်။ ဘာကြောင့်မှန်လဲဆိုတာတော့ ကျွန်မလည်းမသိပါဘူး။ ပညာတိုင်းတာ သူ့နက်နဲမှုနဲ့သူ ရှိကြပါတယ်။ ပရောဂတို့ ဗေဒင်တို့ကို ကျွန်မ လုံးဝ မယုံကြည်တာ မဟုတ်သလို အကြွင်းမဲ့ ယုံကြည်တာမျိုးလည်းမဟုတ်ပါဘူး။
ဒီပို့စ်လေး ဖတ်ပြီး အသိ၊ သတိ တစ်ခုခု ရလိမ့်မယ်လို့ ကျွန်မ လေးလေးနက်နက် မျှော်လင့်ပါတယ်ရှင်။ သူငယ်ချင်းများအားလုံး အတုအယောင်တွေနဲ့ ကင်းပါစေ။ အထူးသဖြင့် ယုံကြည်တတ်တဲ့ မိတ်ဆွေများ ဆရာတုဆရာယောင်တွေရဲ့ရန်မှ ကင်းဝေးပါစေ။ သတိလည်းရှိကြပါစေလို့ ဆန်ဒပြုလျှက်…….။
မှတ်ချက်။ ။မရေးတတ်ပဲနဲ့ ရေးချင်စိတ်တစ်ခုထဲနဲ့ ရေးထားတာမို့ ၀ါကျတွေ စကားလုံးတွေ အထားအသိုမှားရင် ထောက်ပြစေချင်ပါတယ်ရှင်။ နောက်ပြီး စာမရေးတတ်တာကို ထောက်ထားသောအားဖြင့် နားလည်ခွင့်လွှတ်စေချင်ပါသည်။