သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, April 29, 2011

Monday, April 25, 2011

ဘယ်အခါမှ မမေ့နိုင်တော့တဲ့ အချစ်စစ်တို့ဖူးပွင့်ကြွေလွင့်ခြင်း တပြိုက်နက်အစပျိုးခဲ့တဲ့ ဒီတန်ခူးလမှာ သူများတကာလို လွတ်လွတ်လပ်လပ် မပျော်နိုင်တော့တာ ဝေေ၀ကိုယ်တိုင်ကပဲ ကိုယ့်စိတ်ကိုယ်ပဲ ဘောင်ခတ်ထားမိလို့လား?
နွေဦးမှာ လေရူးတယ်လို့ စာဆိုရှင်တွေ တင်စားခဲ့ကြတယ်။ ဒီလိုနွေဦးမှာ လေပြေလေနုတွေ တကယ်ပဲ ရူးသလား ရိုင်းသလားဆိုတာ ဝေေ၀ လည်းအသေအချာအကဲခတ်မတတ်ပါဘူးလေ။ သေချာနေတာတစ်ခုကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ဧပရယ်လလေးထဲမှာ ဝေေ၀ တစ်ယောက် ဟောဒီလို နွေဦးကာလလေးမှာပဲ ပူလောင်စွာ ရူးသွပ်ခြင်းကို စတင်ခံစားခဲ့ရခြင်းပါ။ သွက်သွက်ခါအောင် ရူးခဲ့တာမဟုတ်ပေမဲ့ လူမသိသူမသိ ယဉ်ယဉ်လေးရူးနေရခြင်းရဲ့ဝေဒနာဒဏ်ချက်တွေကို တိုးတိုးတိတ်တိတ် ကျိတ်ပြီးရူးဖူးသူများသာ (သို့) ခံစားတတ်သူတွေသာ နားလည်နိုင်ကြမှာပါ………… ။
တန်ခူးလကို တစ်ခါရောက်လာတိုင်း ဒိုင်ယာရီအဟောင်းလေးကို ပြန်ပြီးဖတ်မိခဲ့တာ အခုဆို ၂ နှစ်မြောက်ခဲ့ပြီပေါ့။ အဖြစ်အပျက်တွေ စကားလုံးတွေအားလုံး အာရုံထဲမှာ စွဲထင်နေသေးပေမဲ့ ရက်စွဲတွေကိုပါ တိတိကျကျမှတ်မိနိုင်လောက်အောင်တော့ ဝေေ၀့ မှတ်ညာဏ်တွေ မှတ်နိုင်အားမကောင်းတော့လို့ပါ။
စိတ်ခံစားမှုရဲ့အထုအထောင်းကို တင်းခံနေရလွန်းလို့ထင်တယ်  မှတ်ညာဏ်တွေ ပိုပိုချွတ်ယွင်းလာတာ ကိုယ့်ကိုယ်ကို အသိဆုံးလေ။ ကြိုးစားအားထုတ်ဖို့ဆိုတာလည်း ထွေပြားလွန်းတဲ့ အာရုံတွေကိုမှ အဝေးနှင်နိုင်တဲ့ အစွမ်းအစမရှိတာကိုး။ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ် “ညီမကြည့်ရတာ အချစ်ကိုကိုးကွယ်ပြီး ရည်မှန်းချက်ကိုတောင် မေ့ထားတာပဲ…..ရည်မှန်းချက်ကြီးတဲ့လူ ဘ၀မှာအောင်မြင်ချင်တဲ့လူဆိုရင် အချစ်ကို ဘ၀ရဲ့ အစိတ်အပိုင်းငယ်တစ်ခုလိုပဲ သဘောထားတတ်ရမယ်” တဲ့ ။ စေတနာကိုနားလည်ပေမဲ့ ဝေေ၀ ကတော့ အဲလိုလူစားမျိုးထဲမှာ ပါဝင်သူတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး။ ဘ၀မှာ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်။ ကြိုးစားအားထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဝေေ၀ ဒါတွေ မစဉ်းစားမိတော့ ၂ နှစ် ဆိုတဲ့ ကာလအတိုင်းအတာတစ်ခု ပြည့်ရောပေါ့။
အချစ်ကို ကိုးကွယ်မိလို့ အချစ်နွံထဲ နစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် “ ချစ်နိုင်သူကြီး၊ အာဂအချစ်သမား” ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေတာလည်းမဟုတ်ပါ။ အစ်ကို့ကို ချစ်မိပြီးမှ ပြန်လည် စွန့်လွှတ်လိုက်ရတဲ့နောက်မှာ အဖက်ဖက်က စိတ်ဓါတ်အင်အားတွေပါ အားလုံးနီးပါး ပြိုလဲပျက်စီးသွားကြတာလား။ ဒါမှမဟုတ် ဝေေ၀ကိုယ်တိုင်ကပဲ ယိုင်နဲ့စွာနဲ့ အားနည်းလွန်းလို့လားဆိုတာ ဝေေ၀ ကိုယ်တိုင် ရေရေရာရာ မဝေခွဲတတ်သေးပါဘူး။
အစ်ကိုနဲ့ ဝေးခဲ့တဲ့နောက် ဘယ်နေရာရောက်ရောက် အမြဲတမ်းအတူ သယ်ယူသွားတတ်တဲ့ အစ်ကိုနဲ့ပတ်သတ်ခဲ့သမျှ အမှတ်တရတွေ စုထားတဲ့ ဒိုင်ယာရီ စာအုပ်လေးကတော့ အရောင်လေးတွေတောင် မွဲစပြုနေပြီပဲ။ မမွဲနိုင် မလွင့်နိုင်သေးတာကတော့ ဝေေ၀ အစ်ကို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါ။ ဒါကို ဒိုင်ယာရီလေး သိလိမ့်မယ်ထင်တယ်။ ဖတ်လွန်းလို့လည်း စာရွက်ကလေးတွေတောင် ပြန့်ပြန့်မဟုတ်တော့ဘူး။ ဒိုင်ယာရီလေးအဟောင်းလေးကို ပြန်ဖွင့်ဖတ်မိပြန်ပြီ။ အထူးသဖြင့် ဧပရယ်လ ၂၄ ရက်နေ့မှာ မှင်နီနဲ့ ရေးခြစ်ထားခဲ့တဲ့ စာတိုလေးကို နွမ်းလျစွာ ပြန်ဖတ်လိုက်မိတယ်။ နှုတ်ခမ်းလှုပ်ရုံ ဖတ်အပြီး မျက်လုံးလေးကို အသာအယာမှိတ်ရင်း စာအုပ်လေးကို ရင်ဘတ်မှာ တယုတယ ပွေ့ဖက်ထားမိတယ်။ အထပ်ထပ်အခါခါ ကြိမ်ဖန်များစွာ ဖတ်ဖူးခဲ့တဲ့ စာကြောင်းလေးဖြစ်သလို အာရုံမှာ အခုထိ စွဲငြိနေသေးတဲ့ ပုံရိပ်လေးတွေပါ ထင်ဟပ်လာရပြန်တယ်။ ရိုးစင်းတဲ့ ဝေေ၀့ အချစ်တွေကသာ အစ်ကို့ရင်ခွင်မှာ ဖူးပွင့်ခွင့်မရခဲ့ပဲ ကြွေလွင့်သွားခဲ့ရပေမဲ့ ရိုးရှင်းတဲ့ အစ်ကို့ရင်ဖွင့်စာတစ်ကြောင်းလေးတစ်ကြောင်းကတော့ ဝေေ၀ရဲ့ ဒိုင်ယာရီစာမျက်နှာလေး မှာရော ဝေေ၀့ရဲ့ နှလုံးသားထဲမှာပါ နက်ရှိုင်းစွာ ထာဝရနေရယူနေတော့မှာပါ။
“ညီမလေး……….အစ်ကို့ကို ညီမရဲ့ ဘ၀လက်တွဲဖော်အဖြစ် လက်ခံပေးပါလား?” ဆိုတဲ့ သာမရိုးကျ ကမ်းလင့်လာတဲ့ ရင်ဖွင့်စကားလေးတစ်ခွန်းထဲပါ။ အဲဒီစကားတွေ ကြားခဲ့ရတဲ့ တစ်ခဏအတွင်းမှာ ဝေေ၀ တကယ်ကို ဒွိဟဖြစ်ရင်း ကိုယ့်စိတ်ကိုယ်လည်း ရှင်းရှင်းမသိခဲ့ဘူး။ ခင်မင်ခဲ့ကြတဲ့ သံယောဇဉ်တွေနဲ့မို့ ဝေေ၀ ခေါင်းကို ချက်ချင်း မခါလိုက်နိုင်သလို ခေါင်းညိတ်ဖို့ဆိုတာလည်း သူ့ဖက်က မပြတ်သားသေးတဲ့ အစ်ကို့ ဇာတ်လမ်းနဲ့မို့လေ။ ဒီလိုဆို ဝေေ၀ ခေါင်းညိတ်ဖို့ မသင့်ပါ။ အစ်ကို့ဇာတ်လမ်းတွေ မပြတ်မသားနဲ့ ဝေေ၀ သတ္တိမရှိတာ ဝေေ၀့ အမှားမဟုတ်ပါဘူး။ ခေါင်းညိတ်ဖို့ မသင့်ဘူးဆိုတော့ ခေါင်းခါဖို့ဆိုတာကရော? ၀န်ခံပါတယ် တကယ်ပါ ဝေေ၀ပြတ်သားစွာ ခေါင်းမခါရက်ခဲ့ပြန်ဘူး။ မိန်းခလေးတို့ရဲ့ လက်သုံးစကားတစ်ခွန်းကိုပဲ သဘာဝကျကျ ပြန်ပြောခဲ့တယ်။ “ဝေေ၀ သေချာစဉ်းစားပါရစေဦး၊ နောက်ပြီး အစ်ကိုနဲ့အစ်မကလည်း သေချာပြတ်ပြီမို့လား။ အစ်ကို့စိတ်ကို သေချာအောင် ပြန်စဉ်းစားစေချင်တယ်။ အစ်ကို စိတ်တွေရှုပ်နေတုန်း ပြောမိတယ်ဆိုရင်လည်း ညီမကနားလည်ပေးပါတယ်” လို့ပြောပြီး အစ်ကို့အနားက ထွက်ခွါလာခဲ့တဲ့ ဝေေ၀့မှာတော့ ခြေလှမ်းခပ်လေးလေးတွေနဲ့ အခုထိပြန်ပြီးတော့ မြင်ယောင်မိတယ်။
ကိုယ့်အခန်းထဲလည်းရောက် သေချာသုံးသပ်စဉ်းစားမိတော့ ရေရာတဲ့အဖြေတစ်ခုကို မရပဲနဲ့ အိပ်ပျက်ခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ အစ်ကိုတစ်ယောက်လို တွယ်တာမိခဲ့တာလား ချစ်သူတစ်ယောက်လို အစ်ကို့ကို ချစ်မိသလားဆိုတဲ့ အတွေးတွေနဲ့ပဲ မနက်လင်းသွားခဲ့ရတာတဲ့ ညတစ်ညပေါ့။
မိုးအလင်းမနက်ခင်းအချိန်လေးမှာပဲ ဝေေ၀ ကိုယ်တိုင် မသေချာမရေရာတဲ့အတွေးတွေကို အစ်ကိုရဲ့ အပြုအမူလေးတစ်ခုက အဆုံးအဖြတ်ပေးသွားခဲ့ပါတယ်။ မနက်ခင်းမှာ နေ့တိုင်းလိုလို ပြုံးပျော်စွာ သီချင်းလေးညည်းရင်း အစ်ကိုရှိရာကို အလာ မြင်လိုက် ကြားလိုက်ရတဲ့ စကားတစ်ချို့ မြင်ကွင်းတစ်ခုက ဝေေ၀့ခန္ဓာကိုယ်တစ်ခုလုံး လစ်ဟာသွားသလို အသက်ရှူတာပဲ ရပ်သွားတာလား သေသေချာချာ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး။ ဝေေ၀ လေ စာအလှတွေနဲ့ မတင်စားတတ်ပေမဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခုက ရင်ဝမှာ ဆို့ဆို့နစ်နစ်ပါပဲ။ သေချာပါတယ် အဲဒီတဒင်္ဂလေးမှာ ဝေေ၀ အစ်ကိုနဲ့အဝေးဆုံးတစ်နေရာ အစ်ကို့ကို မမြင်နိုင်တဲ့ တစ်နေရာကို ရှောင်ပြေးလိုက်ချင်တယ်။ ဘယ်လိုမြင်ကွင်းမျိုးလည်းဆိုတော့ အရင်တုန်းက အထူးအဆန်းမဟုတ်ခဲ့တဲ့ အစ်ကိုက သူ့ချစ်သူနဲ့ ဖုန်းဆက် စကားပြောနေတဲ့ မြင်ကွင်းလေးပါ။ မဲ့ပြုံးတွေနဲ့ အစ်ကို့မျက်နှာမှာ စိတ်ဆိုးမှုနဲ့အတူ ကျေနပ်မှုတွေ ရောယှက်နေခဲ့တယ်လို့ ဝေေ၀ထင်တယ်။ အစ်ကိုနဲ့ လက်တစ်ကမ်းသာသာမှာ ရှိနေတဲ့ဝေေ၀က အစ်ကို့ကို ကြည်ကြည်လင်လင်မမြင်နိုင်လောက်အောင် အာရုံတွေ ဝေး၀ါးကုန်တယ်။လွတ်သွားတဲ့မသိစိတ်ကို ကျန်နေသေးတဲ့ အသိစိတ်တစ်ချို့ နဲ့ ပြန်လည်ထိန်းချုပ်လိုက်ချိန်မှာ အစ်ကို့အနား ထိုင်နေကျ ထိုင်ခုံလေးမှာ ထိုင်ချလိုက်တယ်။ အရင်တုန်းကလည်း အစ်ကို သူ့ချစ်သူနဲ့စကားပြောရင် ဝေေ၀က အနားမှာရှိတယ်ဆိုတာ အထူးအဆန်းမဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့ ဝေေ၀အတွက် အထူးအဆန်းတွေဖြစ်ပြီး တကယ့်အရူးအကန်းတစ်ယောက်လို တုန်တုန်ချိချိ၊ နွေးခနဲ တက်လာတဲ့ ကိုယ်ပူရှိန်တွေက ရှက်စိတ်ကြောင့်ထင်တယ် ရင်ထဲထိ ရှိန်းပြီးပူနေတယ်။ ဝေ့တက်လာတဲ့ မျက်ဝန်းထဲက မျက်ရည်စလေးကို ငွေ့ရည်ဖွဲ့ပြီး မျက်ဝန်းဘောင်ကို ကျော်လွန်ပြီး ပြိုဆင်းလိမ့်ကျမလာခင် မျက်တောင်တွေနဲ့ အသာပုတ်ခတ်ရင်း ဝေေ၀ရှေ့နားက စားပွဲခုံပေါ်မှာရှိတဲ့ ကီးဘုတ်ခလုတ်လေးတွေအကြား ဖုန်မှုန့်တွေ သုတ်သလို ခါသလိုလိုနဲ့ အစ်ကိုမမြင်အောင် မျက်နှာငုံ့ထားရင်းက ဝေေ၀့စိတ်ကိုပြန်အားတင်း ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးဆုံးမ သတိပေးမိတယ်။ ဝေေ၀့စိတ်ထဲမှာ “သူတို့ချစ်သူတွေ စကားပြောနေကျပဲ ၊ ဒီနေ့မှ ဘာထူးလို့လဲ ၊ အစ်ကိုစိတ်ညစ်တုန်းမို့ ပြောမိတာကို ခွင့်လွှတ်ပေးရမယ်လို့” ကိုယ့်ကိုယ်ကို ပြန်ဖြေတွေးပြီး စိတ်ကိုတဖြေးဖြေးလျှော့ချလိုက်မိတယ်။ အစ်ကိုကတော့ ဝေေ၀့ ဘေးနားလေးမှာ မျက်နှာလေး မဲ့ပြုံးလေးနဲ့ ချစ်သူချော့တာကို ခေါင်းတညိတ်ညိတ်နဲ့ နာခံလျှက်ပေါ့။ တစ်ခါတစ်ခါ အစ်ကို့ဆီက ငေါက်တဲ့ မာန်တဲ့ ခပ်ထန်ထန်စကားလုံးတွေ ပြန်ပြောလိုက်တာကြားလိုက်ရပေမဲ့ အစ်ကို့နှုတ်ခမ်းလေးထက်မှာတော့ အပြုံးတွေ ဝေလို့ပါပဲ။
ဝေေ၀့ နှလုံးသားထဲမှာတော့ နွေထက်ပူလောင် ခြောက်သွေ့စွာနဲ့ပဲ ဝေေ၀့ရဲ့အချစ်ဟာလည်း နွေဦးမှာ လေရူးနဲ့အတူမှာ သူလူမသိ ကြွေကျခဲ့ရတဲ့ သစ်ရွယ်ငယ်လေးတစ်ရွက်လိုပါပဲ……….။ ဝေေ၀ ဘာများပြောခွင့်ရှိမှာလဲ……။ စောဒကတက် အပြစ်တင်ဖို့ ဝေေ၀မပြောတတ်သလို ပြောဖို့ သတ္တိခွန်အားတွေလည်း မရှိတော့ပါ……..။ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျစွာနဲ့ စိတ်တွေပါ ချွတ်ခြုံကျကုန်တယ်။ နောက်ဆုံးတော့လည်း ပြုံးနေတဲ့ အစ်ကို့ကို လှမ်းကြည့်လိုက်ရင်း ခင်မင်မှုသံယောဇဉ်ကနေ တစ်ဆင့်ထပ်တိုးမိတဲ့ ကိုယ့်နှလုံးသားကိုပဲ အပြစ်တင်လိုက်မိတယ်။ သ၀န်တိုတာတွေကို မသိခဲ့ဖူးတဲ့ ဝေေ၀ ၀န်သိုခြင်းဆိုတာကို မနှစ်မြို့စွာပဲ စတင်ခံစားခဲ့ရတဲ့ နွေလေရူးတဲ့ ဒီတန်ခူးလပေါ့……………။ နွေလေက ရူးသလား မရူးသလား အသေအချာမသိပေမဲ့ ဝေေ၀ တစ်ယောက်ကတော့ သေချာစွာရူးခဲ့ပါတယ်။
ဒီလိုနဲ့ပဲ…….
ဘယ်အခါမှ မမေ့နိုင်တော့တဲ့ အချစ်စစ်တို့ဖူးပွင့်ကြွေလွင့်ခြင်း တပြိုက်နက်အစပျိုးခဲ့တဲ့ ဒီတန်ခူးလမှာ သူများတကာလို လွတ်လွတ်လပ်လပ် မပျော်နိုင်တော့တာ ဝေေ၀ကိုယ်တိုင်ကပဲ ကိုယ့်စိတ်ကိုယ်ပဲ ဘောင်ခတ်ထားမိလို့လား? အခုအချိန်ထိပါပဲ ဝေေ၀ရဲ့ ချစ်ခြင်းတွေကတော့လေ ကြွေလွင့်သွားတဲ့ သစ်ရွက်ငယ်လေးတစ်ရွက် လို ခြောက်သွေ့ပြီး ဆွေးမြေ့သွားတဲ့အထိပေါ့ ရူးနေဆဲ ရူးနေမြဲ………။

(အထင်ကရကျတဲ့ အမှတ်တရတွေနည်းပါးလွန်းခဲ့ပေမဲ့ ရာသီတိုင်းရဲ့ ရက်စွဲတွေတိုင်းမှာ ကျွန်မအတွက်က အလွမ်းပင်တွေကို စိုက်ပျိုးနေခဲ့မိလို့ အလွမ်းရသတွေပဲ ထပ်ထပ်တိုးလာတယ်။ အစ်ကို...........အေးချမ်းပျော်ရွှင်ပါစေ. နွေလိုအပူမျိုး အစ်ကိုနဲ့ ဝေးပါစေ...။

Template by:
Free Blog Templates