သံယောဇဉ်ရဲ့နေရပ်ဇာတိကတော့ မွန်ပြည်နယ် ရေးမြို့နယ် လေးထဲက ကျေးရွာငယ်တစ်ခုပေါ့….။ အဲဒီရွာငယ်လေးမှာ ချစ်စရာဓလေ့တွေ အများကြီးရှိခဲ့တယ်။ ရှိနေသေးတယ်။
ဆယ့်နှစ်လရာသီအလိုက် ကျင်းပလေ့ရှိတဲ့ ရိုးရာဘာသာဓလေ့အရ ကလေး၊လူရွယ်၊ လူကြီးပါမကျန် အတူတူဆင်နွှဲ ကုသိုလ်ရတဲ့ ပျော်ပွဲတွေထဲမှာ အတာသင်္ကြန်အခါသမယလည်း တစ်ခုအပါ အ၀င်ပေါ့လေ။
သင်္ကြန်ရောက်ပြီဆိုတာနဲ့ မြန်မာဓလေ့အရ အတာနတ်မင်းကို ဆီးကြိုဖို့ စင်သေးသေးလေးတစ်ခုဆောက်ရပါတယ် စင်အနေနဲ့ မလုပ်ဖြစ်ရင်လည်း အိမ်ပြင်မှာရှိတဲ့ အမြင့်တစ်နေရာရာ မှာ အတာအိုးထားဖို့ စီစဉ်ရပါတယ်။ ဥပမာ ခြံစည်းရိုး ကြားမှာလည်း ညှပ်ပြီးထားတတ်ကြပါတယ်။ အတာအိုးလေးမှာ ထိုးဖို့ ပန်းတွေလည်းလိုက်ခူးရပါတယ်။ ရွာမှာဆို ရင်တော့ သပြေလုံးလို့ ကျွန်မတို့ခေါ်တဲ့ ကျောက်သပြေ၊ အုန်းလက်၊ ပိတောက်ပန်း၊ ငုဝါပန်း၊ တန်ခူးလမှာပွင့်တဲ့ ပန်း တစ်မျိုး ပန်းရောင်နဲ့အဖြူစပ်ပန်းလေးရယ်၊ အနန်းပန်းအပြင် တခြားပန်းတွေလည်း အတာအိုးလေးမှာထည့် ထားပါတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ အတာအိုးနဲ့အတူ ပန်းလေးတွေကို ဈေးကနေပဲ ၀ယ်ကြတာများလာပါပြီ။ မှတ်မိသလောက်ဆို ပန်းအပြင် ဖယောင်းတိုင်၊ အပ်ချည်လုံး၊ မီးခြစ်ဆံဘူးလေးလည်းထည့်ရပါတယ်။ သင်္ကြန်ကျ ချိန်မှာ ဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်အချက်ပေးလိုက်တယ်ဆိုရင်ပဲ တစ်ရွာလုံးနီးပါး သင်္ကြန်နတ်မင်း ရဲ့ခြေတော်ကို အတာအိုးကရေလေးနဲ့ ခြေဆေးပြီး ကြိုဆိုကြရပါတယ်။ ညပိုင်းလူတွေအိပ်မောကျချိန်မှာ သင်္ကြန်ကျ ခဲ့ရင်တော့ တစ်ချို့အိမ်မှာ အိပ်မောကျနေလို့ အတာမကြိုလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ :) သင်္ကြန်ကျပြီးချိန်မှ စပြီး ညတိုင်း အတာအိုးထားတဲ့ စင်လေးမှာ သင်္ကြန်နတ်မင်းအား ဖယောင်းတိုင်မီးနဲ့ မီးပူဇော်ရပါတယ်။ အဲလိုနဲ့ သင်္ကြန်တက်ချိန်ရောက်ရင်လည်း အတာနတ်မင်းကို လိုက်မပို့ခင် ခြေဆေးရပါသေးတယ်။ ဒါကတော့ သင်္ကြန်နတ် မင်းနဲ့ ပတ်သက်ပြီး သင်္ကြန်ကြို သင်္ကြန်ပို့တဲ့ဓလေ့လေးပါ။

ရေကစားတာကတော့ ဘယ်နေရာ၊ ဘယ်ဒေသမဆို အရမ်းကြီးကွဲပြားလိမ့်မယ်မထင်ဘူးနော်။ :) ရေခွက်နဲ့ပက်မယ်၊ပုံးနဲ့လောင်းတယ်၊ ရေပြွတ်နဲ့ ပက်မယ်၊ ရေသေနတ်နဲ့ပစ်မယ်။ ဒါပါပဲလေ။ ရွာမှာ မရှိတာကတော့ ပိုက်နဲ့ပက်တာမျိုးမရှိသေးပါဘူး။ ရွာကငယ်လို့လားတော့မသိဘူး။ မဏ္ဍပ်စောင့်ပြီး ပက်ကြတာထက် သစ်ပင်ရိပ် လေးမှာ လူစုပြီး ပက်ကြတာများပါတယ်။ ရွာမှာဆောက်တဲ့ မဏ္ဍပ်ကတော့ အထူးသဖြင့် ညပိုင်းမှာ နိဗ္ဗာန်ဈေး လို့ခေါ်တဲ့ စေတနာနဲ့ ကျွေးမွေးဒါနပြုကြတဲ့ နေရာလေးပါ။ အဲဒီမဏ္ဍပ်လေးမှာ အလည်လာကြတဲ့ ပရိသတ်တွေ စား ရင်းသောက်ရင်း အပျင်းပြေကြည့်ရှုနိုင်ဖို့ အတာမောင်မယ်လေးတွေက အက၊ အဆိုတွေနဲ့ ဖျော်ဖြေပေးကြ ပါသေးတယ်။ နိဗ္ဗာန်ဈေးထဲ ၀င်လိုက်ရင် ဒါနအလှူမြောက်အောင် စားလို့သောက်လို့ရတဲ့ ကိုယ်ကိုယ်တိုင်ကလည်း သဒ္ဓါအားမျှသလောက် ပြန်လည်လှူဒါန်းနိုင်ပါသေးတယ်။ ရလာတဲ့အလှူငွေတွေကိုတော့ ရွာမှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများဆီ ပြန်လည်လှူဒါန်းကြလို့ သူသူငါငါ ကုသိုလ်ပွားနိုင်တဲ့ ဓလေ့လေးပါပဲ။

ဒါနအဖြစ်ကျွေးမွေးတာကတော့ မုန့်ပဲသားရေစာတွေ အမျိုးအမယ်တော်တော်လေးစုံလင်လှပါတယ်။ မုန့်လုံးရေပေါ်၊ မုန့်လက် ဆောင်း၊ ဖလူဒါ၊ အချိုရည် အမျိုးမျိုး၊ ဖျော်ရည်အမျိုးမျိုး နဲ့ သင်္ကြန်ထမင်းနဲ့ သင်္ကြန်ကြော်ကတော့ အဓိကအစားအစာတွေ အနေနဲ့ အများစု ကျွေးမွေးဒါနပြုကြပါတယ်။ နေ့ပိုင်းမှာလည်း ရေကစားလို့ မောပန်းလာရင် ဒါနပြုကျွေးမွေးနေတဲ့ မဏ္ဍပ်တွေအပြင် နေအိမ်တွေမှာလည်း ၀င်ရောက်စား သောက်နိုင်ပါသေးတယ်။ တစ်အိမ်ကို အနည်းဆုံး တစ် ရက် ဒါနပြုကြတဲ့ ဓလေ့ကတော့ အခုထိ ကျန်နေသေး တဲ့ ချစ်စရာဓလေ့လေးပါပဲ။ အဲလို ဒါနပြုတဲ့အိမ်တွေ ဆိုရင် မနက်အစောကြီး ချက်ပြုတ်ပြီးစီးတာနဲ့ ဘုန်းတော် ကြီးကျောင်းကို ချိုင့်ကလေးနဲ့ အရင်ဆုံးဦးချ လှူဒါန်းရပါတယ်။ ဆွေမျိုးတော်စပ်ရာနဲ့ သက်ကြီးရွယ်အို ရှိတဲ့အိမ် တွေကို ချိုင့်ကလေးနဲ့ လိုက်ပို့ပြီးရင် နေအိမ်မှာ လာရောက်စား သောက်ဖို့ကိုတော့ ကလေး၊လူရွယ် လူကြီးအားလုံး ကို အိမ်တိုင်ယာရောက် လက်လှမ်းမှီသလောက် ကိုယ်တိုင်ကိုယ် ကျ လိုက်လံ ဖိတ်ကြားရပါတယ်။ ဒါ့အပြင် ဖြတ် သွားဖြတ်လာ မိတ်ဆွေများကိုလည်း ၀င်ရောက်သုံး ဆောင်နိုင်ရန် နေ့တစ်ဝက်ကျော်တဲ့အထိ ဧည့်ခံ ကျွေးမွေး ရင်း ကုသိုလ်ယူကြပါတယ်။ သင်္ကြန်ထမင်းကတော့ တန်ခူးလအတွက် အဓိက ရိုးရာအစားအစာလေးပါ။
သင်္ကြန်အကြိုနေ့ခင်းပိုင်းမှာ လူငယ်တွေပေါင်းစုပြီး ကြိုတင်ကောက်ခံထားတဲ့ အလှူငွေတွေကို သက်ကြီးရွယ်အိုများ အား ဘုန်တော်ကြီးကျောင်းတွင် စုစည်းလှူဒါန်းခြင်းအပြင် အိမ်တိုင်ယာရောက် ကန်တော့လှူဒါန်းကြပါတယ်။ သက်ကြီးရွယ်အို ရေချိုးခေါင်းလျှော်ကုသိုလ်ယူရာ ဇရပ်လေးမှာလည်း စေတနာအလျှောက် ဒါနမြောက်အောင် မည်သူမဆို ရေအိုးလေးတွေနဲ့ သွားရောက်ပြီး ရေချိုး ခေါင်းလျှော် ခြေသည်းလက်သည်းတွေ ညှပ်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါသေးတယ်။ ယူစရာကုသိုလ်တရားတွေ များပြားလှတဲ့ အခါသမယ လမြတ်တစ်လပါ။
အကြိုနေ့ရဲ့ ညနေစောင်းမှာလည်း ရွာလမ်းတစ်လျှောက်မှာ အပျို၊လူပျို၊ကလေးနဲ့ လူကြီးများပါမကျန် အ၀တ်အစား အသစ်ကလေးတွေနဲ့ ပျားပန်းခတ်အောင် စည်ကားနေပြန်ပါတယ်။ ဘာအတွက်လဲဆိုရင်တော့ အဖိုးအဖွား မိဘ၊တွေ ဥပုသ်မ၀င်ခင် ကန်တော့ကြတဲ့နေ့လေးဖြစ်လို့ပါပဲ။ ကလေးတွေ မုန့်ဖိုးရကြလို့ ပျော်တဲ့နေ့၊ ဖိုးဖွားတွေ ဂါရ၀ပြုခံရလို့ ပိတိဖြာတဲ့နေ့၊ လူကြီးတွေက မိဘတွေကို ကန်တော့ခွင့်ရလို့ ကြည်နူးတဲ့နေ့၊ လူငယ်တွေက အတာဦးကို ကုသိုလ်နဲ့ ကြိုဆိုကြရတဲ့ ၀မ်းသာရတဲ့နေ့လေးပါ။ ထို့အပြင် ဆရာသမားနဲ့ ၀ါကြီးရင့်သူတွေကိုလည်း ကန်တော့ကြပါတယ်။ ဆရာဆရာမနဲ့ တပည့်တွေကြား အကြင်နာတရားတွေ ဂါရ၀တရားတွေ တိုးပွားစေတဲ့ နေ့လေးတစ်နေ့ဆိုလည်းမမှားပါဘူး။

သင်္ကြန်တွင်းမှာ ရေပက်တယ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဥပုသ်စောင့်သူတွေကို ဆွမ်းချိုင့်ပို့တယ်ဆိုတာ ဗုဒ္ဓသာသာမြန်မာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ထူးဆန်းတဲ့ ဓလေ့တစ်ခုမဟုတ် တော့ပါဘူး။ သင်္ကြန်အတက်နေ့မှာ သို့မဟုတ် နှစ်ဆန်း(၁) ရက်နေ့ မှာ သနပ်ခါး (သို့) အိုးမဲတွေလိုက်သုတ်ရင်း ပျော်ပါးတတ်တဲ့ဓလေ့ လေးလည်း အခုထိရှိနေပါသေးတယ်။ အဲဒါအပြင် နှစ်ဆန်း (၁) ရက်နေ့ကအစ လ၀က်လောက်အထိ ဘုန်းတော်ကြီးကျောင်း ကိုယ် စီမှ သဒ္ဓါတရားထက်သန်တဲ့ ဒကာ၊ဒကာမများက တတ်သမျှ အဆိုအက အနုပညာအားတွေနဲ့ ရွာလှည့် ကပြ အလှူငွေ ကောက် ခံပြီး ဒါနမြောက် ပါဝင်လှူဒါန်းခွင့်ရကြပြန်တယ်။ လူပျိုအပျိုလေး တွေက အတာအကလေးနဲ့ နုနုရွရွ လှပနေ ကြသလို၊ အဖိုးအဖွားလေးတွေကလည်း ကချေသည်အ၀တ်လေးနဲ့ မော နေပေမဲ့ သဒ္ဓါဇောတွေနဲ့မို့ ချစ်ချစ်စရာအာဂဖိုးဖွားတွေပါ။ ထိုထိုများလှတဲ့ ချစ်စရာဓလေ့တွေများထဲမှာမှ သံယောဇဉ် အမြဲတမ်း မမေ့နိုင်တဲ့ ဓလေ့လေး တစ်ခုကတော့ အခုအချိန်ဆို ရွာငယ်လေးမှာလည်း ပျောက်ကွယ်လုလုဖြစ် နေပါပြီ။
သံယောဇဉ် ဟိုးးးးးးးကလေးဘ၀ (၈) နှစ်လောက်ကတည်းကစပြီး အတာရေဆော့ကစားရင်း ကုသိုလ်ယူခဲ့ဖူးတဲ့ ဓလေ့လေးပါ။ သင်္ကြန်အကြိုနေ့မှာ ဖိုးဖွား၊ ဆရာသမားတွေ လိုက်ကန်တော့ရင်း အကျနေ့မှာ နံ့သာရေလောင်းဖို့ နံ့သာဗူးလေးတွေ ကြိုဝယ်ထားကြရတယ်။ မနက်လင်းတာနဲ့ သူငယ်ချင်းတွေ တစ်အိမ်မှာ လူစုပြီးတော့ တဘက် ကိုယ်စီ၊ ရေချိုင့်ကိုယ်စီ နံ့သာဗူးကိုယ်စီနဲ့ စထွက်တဲ့ အိမ်ကနေစပြီးတော့ ကလေးငယ်ကအစ အဖိုးအဘွားတွေ အဆုံး ဇွန်းလေးနဲ့ ခပ်ခပ်ပြီး လောင်းကြတယ်။ နံ့သာဗူးတွေကတော့ ပေါင်ဒါဗူးရယ်၊ နောက်ပြီး အရည်နဲ့ ထိုင်းက နေတင်သွင်းတဲ့ ရှိန်းရှိန်းအေးအေးလေးနံ့သာကို အများစု သုံးဖြစ်ခဲ့ပါတယ်၊ ရေထဲမှာ ရေခဲတုံးလေးတွေလည်း စိမ့်စိမ့်လေး အေးစေရုံလေး ထည့်ထားပါတယ်။ ပူတဲ့လမို့ အေးလိုက်တာလို့ ပြောလိုက်တဲ့ ရေပက်ခံသူတွေ ရဲ့အပြောမှာ ပီတိဖြစ်ရတဲ့ အရသာက ရင်ကိုတယ်ပဲ ချမ်းမြေ့ကျေနပ်စေတာ အမှန်ပါပဲ။ ဇွန်းနဲ့ခပ်ပြီးလောင်းတယ်ဆို တာ ရေတွေအများကြီးတစ်ခါထဲ မသယ်နိုင်လို့ရယ်။ အိမ်ပေါ်မှာ ပက်ခွင့်ပေးတာကြောင့် အိမ်ပေါ်ရေစိုမှုနည်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ အထူးသဖြင့် ရေထွက်မဆော့သူများကို အတာသင်္ကြန်မှာ ရေစိုအောင်လို့ အတာရေ လောင်းတဲ့ဓလေ့လေးပါ။ သင်္ကြန်မှာ အပြင်မထွက် အတာရေမစိုရင် လူကြီးသူမတွေက ဖျားနာတယ်ဆိုပြီး တော့လည်း ခြောက်တတ်တယ်။ ယားနာပေါက်တယ်ဆိုပြီးတော့လည်းလှန့်တတ်ကြပါတယ်။ ဒါကြောင့်မို့ တကူး တကသွားပြီးတစ်အိမ်ပေါ် တစ်အိမ်တက် နံ့သာရေလောင်းတဲ့ သူတွေကို လမ်းပေါ်က ရေပက်သူများက နားလည် မှုရှိစွာ ရေမပက်ကြပါဘူး။ အိမ်ပေါ်တက်ရင် အားနာရမှာမို့ ရေစိုနဲ့ဆို အဆင်မပြေဖြစ်မှာစိုးလို့ပါ။ တကယ်လို့ ပက် ချင်လွန်းသပ ဆိုရင်လည်း စိုယုံလေးအနည်းငယ်သာ ပက်ဖြန်းကြပါတယ်။ အဲလို ရွာလှည့်ပတ်တာ တစ်ရွာလုံးတော့ မနှံ့ပါဘူး။ ညနေနေစောင်းရင် အိမ်ပြန်ကြတယ်။ ညနေစောင်းမှာ ဘုန်းတော်ကြီးကျောင်းသို့ စေတီတွေမှာ ရေနံ့ သာသပ္ပါယ်ဖို့ သွားကြပါတယ်။ ညောင်လည်းထောက်ကြတယ်။ သစ်ကိုင်းလေးတွေနဲ့ တံတားလိုချည်ပြီးတော့လည်း ချိုင့်မြေမှာ မြောင်းတွေမှာ တံတားခင်းလှူဒါန်းကြပါတယ်။ အသက်ရှည် အနာကင်းပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
အိမ်တိုင်ယာရောက် နံ့သာရေလေးနဲ့ အတာရေလောင်းတာ မထူးဆန်းတဲ့ဓလေ့လေးဆိုပေမဲ့ ရိုးရိုးယဉ်ကျေးစွာ ချစ်စရာ အတာရေကစားနည်းလေးတစ်ခုကိုပဲ ငယ်စဉ်ကတည်းက သင်္ကြန်ရေဆို နံ့သာရေပဲ လောင်းခဲ့ဖူးတာလို့ အနှစ်သက်ဆုံး အမြတ်နိုးဆုံးတော့ အတာရေလောင်းဓလေ့လေးတစ်ခုလို့ ရင်ထဲမှာ စွဲမှတ်ထားတဲ့ ရိုးရာဓလေ့မို့ ဇာတိရပ်ရွာနဲ့ပထမဆုံး ဝေးနေရတဲ့ ဟောဒီအတာသင်္ကြန်လေးမှာ ရိုးရာကိုတမ်းတ မေ့မရနိုင်ပဲ အမှတ်တရအနေနဲ့ သတိရတာလေးတွေကို စာတစ်ပုဒ်အနေနဲ့ ချရေးလိုက်မိတာပါ။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနောက် တကောက်ကောက် မျောပါနေကြတဲ့ ခေတ်ကာလ လူငယ် လေးတွေလည်း ခေတ်နောက်လိုက်ပါရင်း ရိုးရာဓလေ့ကိုလည်းမမေ့ပျောက် မပယ်ဖျက်တဲ့ အရာရာနှိုင်းဆ ချင့်ချိန်တတ်တဲ့ အနာဂတ်လူငယ်လေးတွေ ကြယ်ပွင့်လေးတွေထက် လင်းလက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှစ်သစ် ကူးတဲ့ ဒီအတာသင်္ကြန်မှာ ပြုံးပျော်ကြည်နူးစွာဖြင့် ကုသိုလ်တရားတွေလည်း တိုးပွားကြပါစေ………. ။
တောင်ပေါ်သားနဲ့ သင်္ကြန်အကြောင်းလေးပြောဖြစ်ရင်း ရွာကိုသတိရမိလို့ ဒီ post လေးရေးဖြစ်ရခြင်းဖြစ်တဲ့အတွက် မောင်လေး တောင်ပေါ်သားကို ကျေးဇူးအရမ်းတင်ပါတယ်လို့.........။ မေ့တော့မလို့ ဓါတ်ပုံတွေက ကိုယ်ပိုင်မရှိလို့ ဂူဂဲလ်မှာ ရှာလာခဲ့တာပါ။ ဓါတ်ပုံတင်ထားပေးတဲ့ ဆိုဒ်တွေကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ဒီစာလေးတစ်ပုဒ်နဲ့ပဲ မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။
အေးချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်… ချစ်မိတ်ဆွေသူငယ်ချင်းများအားလုံးကို
အစဉ်လေးစားခင်မင်လျှက် (TYZ)