သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, June 30, 2010


တွေးရင်းငေးရင်း
မှေးရင်းတွေးရင်း
မိုးလင်းသွားတယ်။

တွေးရင်းငေးရင်း
ဆွေးရင်းတွေးရင်း
တစ်နေကုန်သွားတယ်။


နေ့တိုင်းမနက်မှာ
ဒီအတွေးနဲ့စပြီး
မိုးချုပ်ညထိ
ဒီအတွေးနဲ့အိပ်စက်တယ်။

ဒီအတွေးနဲ့ ငါဟာ ပုံမှန်လည်ပတ်
ဒီအတွေးနဲ့ မနက်ဖြန်တွေကိုရှေ့ဆက်
သူငယ်ချင်းတွေနဲ့ အဆက်ပြတ်
ပတ်ဝန်းကျင်နဲ့ ငါ…မဆက်စပ်တော့။

ဒါပေမဲ့……
ငါ့မျှော်လင့်ချက် လက်ကျန်လေးက
ဒီတသက်တော့ ဒီအတွေးနဲ့
အရိုးမဆွေးနိုင်လောက်ပါဘူး..
နုတုန်းချိန်မှာ ရူးတတ်တာ
သဘာဝပဲထားလိုက်ပါတော့။

အဲဒီတော့….
တစ်ချိန်ချိန်ပေါ့
ငါ့အလွမ်းလေး လျော့လျော့ပြီး
ခပ်ဖျော့ဖျော့ပဲ ကျန်တဲ့အချိန်
င့ါရင်ခွင်အိမ်လေးဆီ

နောက်တစ်ကြော့...
မင်း…ပြန်ဝင်မလာနဲ့တော့
ပြန်မလာခဲ့နဲ့တော့ 

မလာနဲ့တော့………

ထပ်မလာနဲ့တော့.......။


ဓါတ်ပုံကို ဂူဂဲလ်ကနေ ယူလာပါတယ်။


Saturday, June 26, 2010

မွန်စာပေ၊ မွန်လူမျိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် လုပ်လာခဲ့သူ
မွန်အမျိုးသား ပညာရှင် ဒေါက်တာနိုင်ပန်းလှဟာ ဇွန်လ ၁၈ ရက်နေ့မှာ
ကွယ်လွန်သွားပါတယ်။ အသက် ၇ဝ ကျော်မှ PH.D, LLB ပါရဂူဘွဲ့တွေ ရခဲ့သူ
ဆရာနိုင်ပန်းလှဟာ မကွယ်လွန်ခင် အချိန်အထိ သုတေသန စာတမ်းတွေ ရေးသား
ပြုစုနေခဲ့တာ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားတာဟာ
မွန်လူမျိုးတွေအတွက် သာမက မြန်မာနိုင်ငံက သုတေသန လုပ်ငန်းတွေ အတွက်လည်း
အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်တယ်လို့ ပညာရှာနေသူတွေက ပြောပါတယ်။ ဒီအကြောင်း
အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က
တင်ပြပေးထားပါတယ်။


မွန်အမျိုးသား စာပေနဲ့ သုတေသန ပညာရှင် တဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ်
ပါမောက္ခ ဒေါက်တာနိုင်ပန်းလှဟာ ရန်ကုန်မြို့ နေအိမ်မှာ
ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တဦးကို ဆက်သွယ်မေးခဲ့ရာမှာ အခုလို
ပြောဆိုခဲ့ပါတယ်။


“၁၈ ရက်နေ့ ၅ နာရီ မနက်ပိုင်းနော်။ သူ့ရဲ့နေအိမ်မှာပဲ။ လူကြီးရောဂါပါပဲ။ တနင်္ဂနွေနေ့ ၁ နာရီလောက်မှာ သဂြုင်္ိဟ်ပါတယ်။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှရဲ့ အရိုးပြာတွေကို သူ့ချက်မြှုပ်ဇာတိဖြစ်တဲ့
ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဂူသွင်း မြှုပ်နှံသွားမယ်လို့
မိသားစုတွေက ပြောပါတယ်။ သူ့ရဲ့ သက်တမ်းတလျှောက်မှာ သုတေသန လုပ်ငန်းတွေကို
အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူ ဖြစ်သလို သူရေးသားခဲ့တဲ့ စာပေတွေဟာ
သမိုင်းမှတ်တိုင်အဖြစ် စာပေယဉ်ကျေးမှု သုတေသန သမားတွေအတွက်
အဖိုးမဖြတ်နိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ
ရေးသားခဲ့တဲ့ သုတေသနစာပေတွေ အပေါ်မှာ အစဉ်တစိုက် လေ့လာခဲ့သူ၊
ဒေါက်တာနိုင်ပန်းလှနဲ့ ရင်းနှီးသူဖြစ်တဲ့ မွန်စာပေ သုတေသီ
နိုင်အောက်ပိုင်ကို မေးမြန်းခဲ့ရာမှာ အခုလိုပြောပါတယ်။


“ဒေါက်တာနိုင်ပန်းလှရဲ့ စာတွေထဲမှာ ဆိုလို့ရှိရင် ရာဇဓိရာဇ်
အရေးတော်ပုံကျမ်း အကောင်းဆုံးစာအုပ်လို့ ပြောရမှာပေါ့။ သူ့သက်တမ်းတလျှောက်
ပြုလုပ်ခဲ့တဲ့ သုတေသနတွေပေါ့လေ။ မွန် ရှေးဟောင်းကျောက်စာ သမိုင်း
အထောက်အထား ဒါတွေဟာ တော်တော်တန်ဖိုးရှိတယ်။ ဒီ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့
မွန်စာသင်ကြားမှုပေါ့နော်၊ အဲဒါ အချက်အလက်ကျကျ၊ နောက်ပြီးတော့ တခုက
ဝါရီရူဖြတ်ထုံး ဓမ္မသတ်ကျမ်းပေါ့နော်၊ မွန်ဓမ္မသတ်ကျမ်း ၁၁ စောင်တွဲပေါ့၊
အဲဒါတခုရယ်၊ သူ့ရဲ့ ဆောင်းပါးတွေထဲမှာ သူထုတ်ခဲ့တဲ့ ဒေါက်တာနိုင်ပန်းလှ၏
သုတေသန စာတမ်းများ ဆိုလို့ရှိရင် စာပေပညာရှင်တွေ၊ စာပေဝါသနာရှင်တွေ အနေနဲ့
တော်တော် အထောက်အကူဖြစ်တဲ့ စာအုပ်ပဲ။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားတာဟာ မွန်လူမျိုးတွေသာမက
မြန်မာနိုင်ငံ သုတေသီလုပ်ငန်းအတွက် ဆုံးရှုံးမှုတရပ်လို့ မွန်သုတေသီ
နိုင်အောက်ပိုင်က ပြောပါတယ်။


“နိုင်ပန်းလှလို ဆရာမျိုး တော်တော်ရှာရခက်တယ်လို့ ကျနော် ယူဆတယ်။
နောက်ပြီး သူနဲ့အလားတူ ဆက်ကြိုးစားသွားနိုင်ဖို့က တော်တော်လေးကို
အချိန်ယူရတယ်။ အခုလို တန်ဖိုးရှိတဲ့ အသိဉာဏ်ရှိတဲ့ ပညာရှင်တယောက်
ကွယ်လွန်သွားတော့ မွန်ပြည်သူလူထု တရပ်လုံးကတော့ ဝမ်းနည်းမှာပေါ့။
ကျနော့်အနေနဲ့ကလည်း တော်တော်ဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်
ဒီစာတွေ၊ ဒီ ရှေးဟောင်းမွန်တွေရဲ့ အမွေအနှစ်တွေ ဖော်ထုတ်ဖို့
အများကြီးရှိတဲ့ အထဲမှာ ဘယ်သူတွေ ဖော်ထုတ်နိုင်မလဲ ဆိုတာက။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်
ကော့ဘိန်းရွာမှာ ၁၉၂၃ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းအထိသာ
သင်ကြားခဲ့ပြီး ဓာတုဗေဒမင်းကြီး ဦးချစ်သောင်းရဲ့ ဓာတုဗေဒဌာနမှာ
စာရေးအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ပါမောက္ခ ဒေါက်တာလုစ်နဲ့ တွဲဖက်ပြီး
ရှေးဟောင်းသုတေသန လုပ်ငန်းတွေမှာ တာဝန်ယူခဲ့ပါတယ်။ နှစ် ၄ဝ ကျော်
ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသက် ၇ဝ ကျော်
၁၉၉၁ ခုနှစ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့မှာရှိတဲ့ တက္ကသိုလ်ကနေ
ယဉ်ကျေးမှု၊ မနုဿဗေဒ အထူးပြုနဲ့ B.Sc ဘွဲ့ကို ရခဲ့သလို PH.D ဘွဲ့ကိုလည်း
ဂုဏ်ထူးနဲ့ ရရှိခဲ့ပါတယ်။


၁၉၉၂ ခုနှစ်မှာ ဝါရီရူ ဓမ္မသတ်ကျမ်း ၁၁ စောင်တွဲကို ကျမ်းပြုခဲ့လို့ ဥပဒေ
ပါရဂူဘွဲ့ကို ချီးမြှင့်ခြင်း ခံရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဂျပန်နိုင်ငံ
အိုကာနာဝီကျွန်းမှာရှိတဲ့ မေရူတက္ကသိုလ်မှာ အမြဲတမ်း ပါမောက္ခအဖြစ်
အရှေ့တောင်အာရှ ယဉ်ကျေးမှုနဲ့ သမိုင်းဘာသာရပ်တွေကို ပို့ချပေးခဲ့ပါတယ်။
ဒါ့အပြင် မွန်ကျောင်းသား လူငယ်များ မွန်စာပေ တတ်မြောက်ရေးအတွက်
နိုင်ပန်းလှ ထာဝရရန်ပုံငွေတခု တည်ထောင်ထားပြီး မွန်စာပေ
ဘာသာပြန်ပြိုင်ပွဲတွေ၊ ပညာရေး ထူးချွန်တဲ့ မွန်ကျောင်းသားတွေကို
ထောက်ပံ့ခဲ့ပါတယ်။ ကွယ်လွန်တဲ့ အချိန်အထိ သုတေသန စာပေတွေ ရေးသားနေဆဲလို့
ဆွေမျိုးသားချင်း တဦးက ပြောပါတယ်။

မွန်လူမျိုးအတွက်သာမက မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာနိုင်ပန်းလှရဲ့ ကွယ်လွန်ခြင်းအတွက် သံယောဇဉ်လည်း ရင်ထဲမှာ နှမြောတသသနဲ့ ၀မ်းနည်းရပါတယ်။သတ္တ၀ါတိုင်း သေခြင်းတရားကိုတော့ ရှောင်ပုန်းလို့ မလွတ်နိုင်ပါဘူးလေ။  ဒီသတင်းကို တင်လိုက်ရတာကတော့ ဒီအကြောင်း မကြား၊ မသိသေးတော့ လာရောက်လည်ပတ်သူ မောင်နှမ၊ သူငယ်ချင်းများအား သိစေလို၍ မျှဝေပေးလိုက်ပါတယ်။ ဒီသတင်းကိုတော့  Mon Music ကနေ ကူးလာတာပါ။

Friday, June 18, 2010

ရထားပေါ်မှာ ခရီးသွားရင်း တွေ့ဆုံပါများလို့ ခရီးသွားအစ်မတစ်ယောက်ကို တိတ်တခိုး ချစ်နေမိတဲ့ မီးရထားဝန်ထမ်းကောင်လေးတစ်ယောက်ရဲ့ ကိုယ်စားရေးဖွဲ့ခဲ့တဲ့ ကဗျာတိုလေးပါ။ ၂၀၀၁ ခုနှစ်ကတည်းက ရေးခဲ့တာပါ။ ဒီတစ်ခါ ရွာပြန်သွားတော့ အဟောင်းလေးတွေ ကောက်လာတာလေ.. ကဗျာခေါင်းစဉ် မပေးတတ်လို့ ဒီအတိုင်းလေးပဲ ဖတ်ပါနော်။ သူငယ်ချင်းတွေကိုတော့ အားနာပါတယ်။ ဘာပဲဖြစ်ဖြစ်ရောက်တုန်းရောက်ခိုက်တော့ အားပေးသွားဦးပေါ့....


ခရီးသွားရင်းဆုံ
ယုံကြည်လို့သာ
ရင်မှာမြတ်နိုး
တိတ်တခိုးစွဲ
မခွဲချင်သော်လည်း 
အသည်းပန်းပျို
ချိုးပြီးမခြွေချင်ပါ........... 



Template by:
Free Blog Templates