ညနေစောင်းလေးတစ်ခု.....
အချိန်ကတော့ ညနေ (၄) နာရီပေါ့.. မိုးတိမ်တွေ အလျင်စလို ရွေ့လျားရင်းနဲ့ အုပ်စုဖွဲ့လိုက်ကြတယ်။ ထို့အတူမိုးချုန်းသံတွေပါ ထွက်ပေါ်လာတယ်။ မိုးချုန်းသံတွေကြားတော့ အစ်ကိုနဲ့မောင်လေးကို သတိရသွားတယ်။ ငယ်ငယ်တုန်း မိုးချုန်းသံကြားရင် ကြောက်လို့ သူတို့တွေ အလန့်တကြား အော်တဲ့အသံတွေ ကြားရလေ့ရှိတယ်။ အိပ်နေချိန်မှာဆိုရင် ခေါင်းအုံးနဲ့ နားပိတ်ပြီး အိပ်ကြရတယ်။ အသက် (၃၀) ကျော်ပြီဖြစ်တဲ့ အစ်ကိုက မိုးချုန်းသံကြားရင် ညီမနဲ့ အမေနားလာပြီး စကားပြောသလိုလိုနဲ့ ကြောက်စိတ်ကို ဖြေနေရတုန်းပေါ့။
အိမ်မှာရှိတဲ့ ကျွန်မတို့ ညီအစ်မတွေတော့ မိုးချုန်းသံကိုမကြောက်တတ်ကြပါဘူး။ မောင်နှမတွေထဲမှာ ကျွန်မက မိုးရာသီမှာမွေးလို့လားတော့ မသိဘူး။ မိုးရာသီကိုချစ်တယ်။ မိုးငွေ့ပါတဲ့ လေပြေလေးဆို ကျွန်မအရမ်းမက်မောတာပဲ။
ဒါကြောင့်မို့ မိုးငွေ့ပါတဲ့လေကို ရှူရှိုက်ချင်လို့ ၀ရံတာလေးဆီ ကျွန်မထွက်လာတာပေါ့။ အဲဒီကနေ အဆောက်အဦးမရှိသေးလို့ မြက်ပင်နဲ့ သစ်ပင်ငယ်လေးတွေစိမ်းစိုနေတဲ့ ဘေးခြံလေးဘက်ကို မျက်စိအာဟာရဖြစ်အောင် ကြည့်နေမိတယ်။ အာရုံတွေ ငြိမ်သက်သွားတဲ့အခါ နားထဲမှာ စကားသံတစ်ချို့ကို ပြန်ပြီးကြားယောင်မိနေတယ်။
“ဘယ်တော့မှ စိတ်မဆိုးကြေးနော်၊ ရန်ဖြစ်ခဲ့ရင်လည်း ခဏပဲ စိတ်ဆိုးရမှာ” ကျွန်မ သူ့စကားလေးကို ခပ်ပြုံးပြုံးလေးခေါင်းညိတ် သဘောတူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မတို့ရဲ့ဆက်ဆံရေးလေးဟာ တကယ်ပဲပျော်စရာကောင်းခဲ့တာပါ။
တခါတလေတော့ ရန်ဖြစ်တာတွေရှိတတ်ပါတယ်။ ဥပမာ... ကျွန်မကို အဘွားကြီးလို့ခေါ်တာမျိုး၊ ၀က်မလေးလို့ခေါ်တဲ့အခါတွေမှာပေါ့။ ကျွန်မစိတ်ဆိုးအောင် စနောက်ပြီးရင်တော့ စိတ်ပြေအောင် ချော့တတ်တာလည်း သူ့အားသာချက်ပဲ ထင်ပါတယ်။ (ဒါမှမဟုတ် သူချော့တိုင်း စိတ်ပြေတတ်တဲ့ ကျွန်မရဲ့ သူ့အပေါ် နားလည်နိုင်စွမ်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်နော်)။
ကြောက်စိတ်နဲတဲ့ ကျွန်မကို တခါတလေမှာ သူအရမ်းစိုးရိမ်ရတတ်တယ်။ ညဘက်မှာ တစ်ယောက်ထဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်တတ်တဲ့ အကျင့်ရှိလို့လေ။ (ည (၉)နာရီမကျော်ပါဘူး..)
ကျွန်မက ညအမှောင်မှာတွဲစပ်လင်းလက်နေတဲ့ နီယွန်မီးရောင်နဲ့ လမ်းလျှောက်ရတာကို သဘောကျတယ်။ လပြည့်ညမှာသာတဲ့ လရောင်ထက် ကြယ်လေးတွေ လင်းလက်ခွင့်ရတဲ့ လမိုက်ညမှာ ကြယ်လေးတွေကို ကြည့်ရင်း အတိတ်တွေကို လွမ်းမောရတာ အရသာတစ်ခုလို့ ပြောရင် ကျွန်မရဲ့သူငယ်ချင်း "နီနီ"က "နင့်အကြိုက်ကလည်း ထူးဆန်းလိုက်တာ" လို့ ခဏခဏပြောတတ်တယ်။
အတွေးတွေနဲ့ကျွန်မ… မိုးငွေ့ပါတဲ့လေပြေကို ရှူရှိုက်နေပေမဲ့ အသက်ရှူရတာ နက်ရှိုင်းပြီး အခုထိ အသက်ရှူလို့ မ၀သေးဘူး။ ဒီလိုဖြစ်တတ်ခဲ့တာ ၂၀၀၃ ခုနှစ်ကတည်းကပေါ့။ ဒါပေမဲ့ အခုတလော ကျွန်မအချိန်မှန်အိပ်နေတာပဲ။ အစာတော့ သိပ်စားချင်စိတ်မရှိလို့… ဘာပဲစားစားမမြိန်ဘူးလေ။
ဒီနေ့ အိမ်ကို လာလည်တဲ့ သူငယ်ချင်းတစ်ယောက်က “စာမှာနင်စိတ်မ၀င်စားနိုင်တာ ဘဲဘဲနဲ့ မကြည်လို့လား” တဲ့
ကျွန်မမှာ အမည်ခံစရာ ချစ်သူမရှိပါ။ ရင်ထဲမှာ သိမ်းထားဖို့ သူ့ကိုချစ်တဲ့စိတ်တွေသာ ကျွန်မဆီမှာ ပြည့်နှက်နေတာပါ။ တက္ကသိုလ်မှာ ခင်ခဲ့တဲ့ ကြောင်ချီးမလို့ ကျွန်မကို ချစ်စနိုးခေါ်တတ်တဲ့ "အေးသူ"ကတောင် ကျွန်မကို ဆူပူကြိမ်းမောင်းနေဆဲပဲလေ “အလောင်ခံနေရတဲ့ဘ၀ကို နင်ကျေနပ်နေတာလား ဝေေ၀?”
ကျွန်မပြုံးပြရင်းနဲ့ ခေါင်းညိတ် “အင်း” လို့ ၀န်ခံလိုက်တော့ ကျွန်မကို “နင့်ကို တစ်ခုခု ပြောင်းလဲဖို့တော့ ကြိုးစားစေချင်တယ်” တဲ့လေ။ ကျောင်းတက်ချိန် (၃) နှစ်နီးပါး တစ်ခန်းထဲ အတူနေခဲ့ကြလို့ ကျွန်မရဲ့ ခေါင်းမာပေတေနိုင်မှုကို သူအသိဆုံးပါပဲ။ ဒါကြောင့်မို့ ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ကျွန်မကို စည်းရုံးနေတာ “ဒီနွံထဲမှာ နင့်ဘ၀ကို မနစ်စေချင်လို့ပါ ဝေေ၀ရယ်” လို့ပြော ပြောပြီးတော့ပေါ့။ သူ(မ) သူငယ်ချင်းကောင်းတစ်ယောက်ပီသပါတယ်လေ။
ကျွန်မကတော့ ကျောင်းသူကောင်းတစ်ယောက်လည်း မပီသချင်တော့ပါ။ အောင်ရုံနှင့် ကျွန်မကျေနပ်နေပြီ။ ငါ…. ဒီ့ထက်ပိုကြိုးစားသင့်တယ်လို့ စဉ်းစားလိုက်တိုင်း ဘာကြောင့်ဖြစ်မလာခဲ့သလဲဆိုတာ ကျွန်မကိုယ်တိုင်ပဲ သိနိုင်တဲ့ အားငယ်စိတ်နဲ့ ရူးသွပ်နေတဲ့ ကျွန်မရဲ့ မူမမှန်တော့တဲ့ စိတ်တွေကြောင့်ပေါ့။
အချိန်တွေ အဓိပ္ပါယ်မဲ့စွာကုန်ဆုံးသွားကြတယ်။ အရင်လို တက်ကြွလန်းဆန်းမှုတွေ ကျွန်မမှာ မရှိတော့တာ ကြာလှပါပြီ။ ကျွန်မကို ကြည့်လိုက်တိုင်း စိတ်မချမ်းမသာဖြစ်ရတဲ့ သူငယ်ချင်းတွေကိုလည်း အားနာအပြုံးလေးနဲ့ ကျွန်မ.. မပြုံးချင်တော့ပါ။ ဒီအတိုင်းပဲ နေပါရစေ…။ ဟန်ဆောင်ပြုံးရတာ ကျွန်မ ပင်ပန်းလှပါပြီ။ တစ်စတစ်စ ပိန်လာတဲ့ ကျွန်မကို ကျန်းမာရေးဂရုစိုက်ဖို့ သတိပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်မိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လာမဲ့ မွေးနေ့လေးမှာ သွေးလှူနိုင်ဖို့ ကျွန်မ...ကျန်းမာအောင် နေမှဖြစ်မှာပါ။ နောက်တစ်ခု.. သူက “နေကောင်းလား” လို့ မေးလာရင် “ကောင်းပါတယ်” ဆိုတဲ့အဖြေလေးပဲ ကျွန်မပြန်ဖြေချင်ပါတယ်။ ဘ၀လက်တွဲဖော်မဟုတ်နိုင်တော့ပေမဲ့ ကျွန်မကြောင့် စိုးရိမ်စိတ်လေးတောင် သူ့ကို မဖြစ်စေချင်တော့လို့ပါ။
......................
မိုးချုန်းသံတွေ မကြားရတော့ပါ။ တဖြည်းဖြည်းတိုက်ခတ်နေတဲ့ လေပြေလေးတွေကို ရှူရှိုက်နေပေမဲ့ အခုထိအသက်ရှူမ၀သေးတဲ့ကျွန်မ အတွေးစကိုဖြတ်ပြီး အိပ်ယာခေါင်းရင်းက ဆေးပုလင်းကို လှမ်းယူလိုက်တော့ သူပေးခဲ့တဲ့ မျက်မှန်ဘူးလေးကို အကြည့်ရောက်သွားခဲ့တယ်။
အခုအချိန်မှာရော နောင်အနာဂတ်မှာပါ ကျွန်မအပေါ် သူဘယ်လိုဆက်ဆံပါစေ.... တစ်ချိန်တုန်းက သူ…ကျွန်မကို တကယ်ကြင်နာယုယခဲ့တာပါ။ သူတို့ရဲ့ လက်ထပ်ချိန်ကို အခုထိအချိန်ဆွဲနေခဲ့တာ သူ… ကျွန်မအတွက် ညှာတာစဉ်းစားနေခဲ့တာလို့ ယူဆရင် မှန်ဖို့ ၇၀%လောက် သေချာပါတယ်။ သူဒီလို ညှာတာစဉ်းစားပေးနေပေမဲ့ အခုအချိန်မှာ ဒါတွေက ကျွန်မအတွက် ရလာဒ်ကောင်းတစ်ခု မဖြစ်နိုင်တော့ပါ။ နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပဲလေ……. မျှော်လင့်ချက်တွေ ထားလို့မရတဲ့အခြေအနေတစ်ခုမှာ သူရော ကျွန်မပါ နာကျဉ်နေရဦးမှာပေါ့။
ကျွန်မတို့ဘ၀တွေ နေသားတကျဖြစ်သွားတဲ့ တစ်ချိန်ချိန်ပေါ့… နာကျဉ်မှုတွေ မွန်းကြပ်မှုတွေထဲကနေ ကျွန်မ လွတ်မြောက်ချင်ပါတယ်။ ဒီအချိန်ကိုပဲ မျှော်လင့်ရင်း အချိန်သမားတော်က ရောဂါအတိုင်းအတာနဲ့ တိုင်းဆကုသပေးသွားလိမ့်မယ်လို့ ယုံကြည်မိတယ်။
ဒါပေမဲ့… အခုအချိန်မှာတော့ လွမ်းဆွတ်မှုတွေကို ကျွန်မ တ၀ကြီး ခံစားလိုက်ချင်တယ်…. ချစ်ခြင်းရဲ့ ချိုမြိန်ခြင်းနောက်က ခါးသီးမှုကို ကျွန်မ ကျေကျေနပ်နပ်ခံစားလိုက်တော့မှ အချစ်..ဆိုတဲ့ အဓိပ္ပါယ် ပြည့်စုံလိမ့်မယ် ထင်လို့ပါ………။ ။
ခံစားဖတ်သွားတယ်.......။
ချစ်ခြင်းကြောင့်.....ချိုမြိန်၊ ခါးသီး၊ ပျော်ရွှင်၊ ကြေကွဲကြရပေမယ့်........တစ်စုံတစ်ယောက်ကို တစ်ကယ်ချစ်ခဲ့မိဖူးရင်တော့ ဝေးသွားလည်း.....နေသာမှာပါနော်ဗျ......။
အချိန်ကစကားပြောသွားတယ်ဆိုပေမယ့်.....အကြောင်းတိုက်ဆိုင်တိုင်း....သတိရနေတတ်ကြဦးမှာပဲထင်ပါရဲ့လေ........။
ခင်မင်တဲ့
ဏီလင်းညို