သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, September 19, 2010


ဒီပို့စ်လေးကတော့ ရင်ထဲက ပုစ္ဆာတစ်ပုဒ်ကို ချရေးလိုက်ခြင်းပဲဖြစ်ပါတယ်။ လောကမှာ အဖက်ဖက် ပြီးပြည့်စုံတဲ့ မိသားစုရယ်လို့ မရှိမှန်းသိပါတယ်။ နောက်ပြီး အဖက်ဖက်မပြည့်စုံတဲ့ မိသားစုတွေလည်း အများကြီးရှိကြပါသေးတယ်။ ပုံစံမျိုးစုံပဲပေါ့လေ။ ကိုယ့်ဒုက္ခက အကြီးဆုံးလို့တော့ မပြောလိုပေမဲ့ တခါတလေ ရင်ဖွင့်စရာ မရှိရင် ဒီအိမ်လေးမှာပဲ သွန်ချပစ်လိုက်ချင်တာကြောင့်မို့ လာလည်တဲ့ သူငယ်ချင်းတွေကိုတော့ အားနာမိပါတယ်။ TYZ ရေးထား တင်ထားတဲ့ပို့စ်တွေကို ဖတ်သွားကြပါလို့တော့ အတင်းမတိုက်တွန်းလိုပါ။ အရေးအသားကလည်းမကောင်း အကြောင်းအရာတွေကလည်း ကဘောက်တိကဘောက်ချာတွေမို့ အားနာပြီးရင်း အားနာရပါတယ်။ ဘာပဲဖြစ်ဖြစ် comment လေးတစ်ခုလောက်ဖြစ်ဖြစ် ရရင်တော့ အရမ်းပျော်မိတာအမှန်ပါ။ လာလည်သူအရေအတွက်တွေကို ကြည့်ပြီးတော့လည်း ပီတိတွေဖြစ်နေတတ်ပါတယ်။ shoutbox လေးမှာ နှုတ်ခွန်းဆက်ခဲ့တာလေးတွေ မြင်ရင်လည်း ငါ့ကိုနှုတ်ဆက်သူရှိပါလားဆိုပြီး ၀မ်းသာရပါတယ်။ စာအရေးအသားမတတ်တော့လည်း ခံစားချက်တွေပဲ ရေးဖြစ်ပါတယ်။ ရေးတတ်ချင်တာက ၂ မျိုးထဲ၊ ကဗျာနဲ့ ၀တ္ထုတိုလေ။ ဒါပေမဲ့ မရေးတတ်ပါဘူး။ ဘယ်လိုရေးရမှန်းတောင် မသိပါဘူး။ ဒါကြောင့်မို့ အိမ်လည်ရင်း လိုက်ဖတ်ဖြစ်တာပဲ များပါတယ်။ မောင်နှမတွေရေးထားတွေက တကယ်ကောင်းကြတယ်။ အားလည်းကျမိတယ်အရမ်းပဲ။ စကားရှည်သွားပြန်ပြီနော်။ ကဲ..ကဲ .. TYZ ကိုခင်တဲ့ သူငယ်ချင်းတို့ မောင်နှမတို့ရေ... သံယောဇဉ် (TYZ) မတွက်တတ်တဲ့ ပုစ္ဆာလေးက ဘာလဲဆိုတာ သိချင်ရင် ဒါမှမဟုတ် အားနာစွာနဲ့ အားပေးချင်ကြတယ်ဆိုရင် ဖတ်သွားပေးပေါ့နော်။  

အဖြေရှာမရတဲ့ ပုစ္ဆာ

ဖခင်ရဲ့ ရင်ခွင်ဆိုတာ သားသမီးတွေအတွက် လုံခြုံမှုတွေပေးပြီး နွေးထွေးမှုတွေ ပြည့်နေတဲ့ ရင်ခွင်တစ်ခုဆိုတာ မမှားပါဘူးနော်။
သမီး..အဖေ့ကို အရမ်းချစ်ပါတယ်။ အားလည်းကိုးတယ်။ ယုံလည်းယုံကြည်ပါတယ်အဖေ........။
မိသားစုအတွက်ဆိုတဲ့ ရည်ရွယ်ချက်က သမီးရင်မှာ အမြဲတမ်း စွဲနေတဲ့ ရည်မှန်းချက်တစ်ခုပါ။ အဖေ့ရဲ့ စကားတစ်ခွန်းက သမီးရင်မှာ  ဆူးတစ်ချောင်းလိုပဲ အဖေ " သမီးကအဖေ့ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားနေသလား" တဲ့ အဖေရယ် အဖေ့ဆီက ဒီလိုစကားမျိုးကြားရမယ်လို့ တစ်ခါမှ မစဉ်းစားမိဘူး။ အဖေ့ကို ကူညီနိုင်ဖို့ သမီးပညာတွေ သင်နေရတာပါ။ အဖေမထောက်ပံ့နိုင်လို့ ပညာသင်ဆုရတဲ့ သမီးကို သူများမိဘတွေလို ဂုဏ်ယူနေရမဲ့အစား အဖေ့အတွေးမှာ ဘယ်လိုစဉ်းစားခဲ့သလဲအဖေ။

ဒါပေမဲ့ သမီးသိပါတယ်။ အဖေရဲ့ အတွေးတစ်ချို့မှာ သမီးအတွက် စိုးရိမ်ခြင်းတွေတော့ ပါဝင်နေတာပဲမဟုတ်လား။ သမီးနားလည်ပါတယ်အဖေ။ သမီး ပညာသင်ဆုနဲ့ ကျောင်းတက်ရတာ အဖေ့သိက္ခာတွေကို ထိပါးမိလို့လား။ သမီးတို့လို ဆင်းရဲတဲ့မိသားစုအတွက် အဖေ့မာနတစ်ချို့မစတေးနိုင်ဘူးလားအဖေ။

သမီးအခုလိုကျောင်းတက်နေတာ အဖေ့အတွက် မျက်နှာငယ်စရာ ဖြစ်စေသတဲ့လား။ သေချာစဉ်းစားပါအဖေရယ်။ အဖေ့ကို တစ်နေ့မှာ ကူညီနိုင်ဖို့ အထောက်အပံ့ဖြစ်အောင်
ဒီပညာတွေ သမီးသင်နေရတာပါ။ အဖေ့ကို အန်တုချင်တယ်လို့ ဘာကြောင့်များ တွေးထင်နေရတာလဲ။ သမီး ၁၀ တန်းအောင်ကတည်းက အဖေလုပ်စေချင်တဲ့ ဆရာမအလုပ်ကို မလုပ်ခဲ့လို့ အခုထိ စိတ်ဆိုးနေတုန်းလားအဖေ။ သမီး အဖေ့ကို ဆန့်ကျင်ခဲ့တာ မှန်ပါတယ်။ သမီးလမ်းကို သမီးဘာသာ ထွင်းပြီးလျှောက်ချင်တယ်လေ။ အဖေက အားမပေးခဲ့ပေမဲ့ သမီး ဘာမှမပြောခဲ့ပါဘူး။
တက္ကသိုလ်တက်ခဲ့တဲ့ သမီး အဖေပေးတဲ့ ငွေတစ်ချို့နဲ့ ထမင်းနပ်မှန်အောင်တောင် မစားခဲ့ရပါဘူးအဖေ။ ငတ်တစ်ခါ ပြတ်တစ်လှည့်နဲ့ ခြိုးခြံပြီး ကျောင်းပြီးတဲ့အထိ ကျိတ်မှတ်နေခဲ့တယ်။ ပညာလိုချင်လို့ပါ အဖေ.......။ ကိုယ့်ကိုယ်ကိုလည်း စာရိတ္တတွေ ပျက်မသွားအောင် သမီးကိုယ်သမီး လမ်းကြောင်းမှန်ပေါ်လျှောက်နိုင်အောင် ထိန်းသိမ်းခဲ့ပါတယ်အဖေ။ သမီးကြော့ကြော့မော့မော့နဲ့ နေခဲ့ရတာမဟုတ်ပါဘူး။ တက္ကသိုလ်တက်တာ သမီးအပျော်ရှာချင်လို့ မဟုတ်ခဲ့ပါဘူးအဖေ။

သမီးပညာရေးနဲ့ ပတ်သက်ပြီး အဖေအားမပေးခဲ့ဘူးနော်။ အခုလိုကျောင်းလာတက်တော့လည်း အဖေက သမီးရဲ့ စာရိတ္တတွေတောင် ထိပါးပြီးပြောခဲ့တယ်။ အမေပြောမှ သမီးသိခဲ့ရပေမဲ့ ရင်ထဲမှာ တကယ်မကောင်းဘူး။
သမီးက အဖေ့ရဲ့ သမီးအရင်းပါ။ အဖေချစ်တဲ့ သမီးပဲမဟုတ်လား။ အဖေက သမီးကို စွပ်စွဲမပြောအပ်တဲ့ စကားတွေတဲ့ သမီးကို အဖေအထင်လွဲရက်တယ်အဖေ။ အဖေ့ကို အကြိမ်ကြိမ်ရှင်းပြနေလည်း အဖေက နားမလည်ပေးပါလား။
အဖေနဲ့ စကားပြောရမှာ သမီးကြောက်လာတယ်အဖေ။ အဖေနဲ့ ပြောတိုင်း အဖေ့ခနဲ့တဲ့ စကားလုံးတွေကို သမီးမကြားချင်တော့ဘူး။ မဟုတ်တာကိုပြောရင် ခေါင်းငုံ့ခံမနေတတ်တဲ့ သမီးနဲ့ အဖေကြားမှာ သူစိမ်းတွေထက် ပိုပြီးအေးစက်တဲ့ ဆက်ဆံရေး ဖြစ်လာတယ်။ တခါတလေတွေးမိတယ် အဖေက သားသမီးတွေကို မချစ်တတ်သေးပဲကိုး။
သမီးနဲ့ အဖေ့အကြောင်းသိတဲ့ သူငယ်ချင်းတချို့ကပြောကြတယ်။ "နင့်အဖေကလည်း တစ်မျိုးကြီးနော်" တဲ့။ အဲလိုအပြောခံရရင် သမီးမခံနိုင်ဘူးအဖေ။ သူငယ်ချင်းတွေကို အဖေနဲ့ပတ်သက်ပြီး မဝေဖန်ဖို့ တားမိတယ်။ သူတို့ဝေဖန်တာ သမီးခံနိုင်ရည်မရှိဘူးအဖေ။ 
သမီးချစ်တဲ့အဖေ.... အဖေ့ရဲ့ ပတ်ဝန်းကျင်မှာ အဖေဟာ သူတပါးလေးစားရတဲ့သူ၊  သူတပါးအားကိုးရတဲ့သူပေါ့ ။ တခါတလေပဲဖြစ်ဖြစ် အဖေ့ရင်ခွင်ဟာ သမီးတို့အတွက်လည်း အားကိုးအားထားစရာ ရင်ခွင်တစ်ခုဖြစ်စေချင်တယ်အဖေ။ သားသမီးတွေကို နဲနဲလေးပဲ ငဲ့ကြည့်ပါ သားသမီးတွေရဲ့ ရင်ထဲမှာ အဖေနဲ့ ပတ်သတ်ပြီး အဖြေမရှာနိုင်တဲ့ ပုစ္ဆာတွေအများကြီးဆိုတာ အဖေ သေချာကြည့်ရင် မြင်မှာပါအဖေ။ 



1 Comment:

  1. sosegado said...
    အဖေ နှင့် ခဏခဏ စကားများဘူးတယ်၊ ငြင်းဘူးတယ်၊ အဖေ မကောင်းဘူးလို့ အမေ့ကို ခဏခဏပြောဘူးတယ်၊
    ကြီးလာတော့ တစ်ခါတစ်လေ့ အဖေကို အရွဲ့တိုက် ဆန်ကျင့်ဘက်လုပ်ဘူးတယ်၊
    ဒါပေမဲ့ အဖေဟာ ကျနော်ရဲ့ အလေးစားဆုံးပဲ၊ အဖေကျွေးမွေးခဲ့တာထက် တစ်ပဲ့တောင် ကျနော်ပြန်မပေးနိုင်ဘူး၊
    အဝေးကနေကြည့်လေလေ အဖေ့ကိုနားလည်လေပဲ၊ အဖေ ဘာကြောင့် ဘာလို့ လုပ်ခဲ့ ပြောခဲ့ တာပါလိမ့်။

Post a Comment



Template by:
Free Blog Templates