သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, February 12, 2010



သတိရတယ်ဆိုတာတောင် သံယောဇဉ်အမျိုးအစားလိုက်ပြီး ကွဲပြားတတ်တာကို အခုမှပဲ ကောင်းကောင်းနားလည်တော့တယ်။ အရင်ကတော့ အနေဝေးလို့ မိဘနဲ့ ညီအစ်ကိုမောင်နှမကိုလွမ်းရ သူငယ်ချင်းတွေကို လွမ်းရနဲ့ လွမ်းခဲ့ဖူးပါရဲ့။ ဒါပေမဲ့ ပူလောင်မှုတွေ မရှိတဲ့ ငြိမ်းအေးတဲ့ အလွမ်းလို့ ပြောရမလားပဲ။
သြော်…… အခုတော့လည်း သူနဲ့ စကားပြောတိုင်း ဟန်ဆောင်ရတာအမော၊ ကိုယ့်အပြုံးကို တောက်ပအောင် သတိထားပြုံးနေရတာလေ၊ သူကလည်း ကိုယ့်စိတ်ကို အရမ်းဖတ်တတ်တဲ့သူကိုး၊ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာ ဘယ်လောက်ထိ လောင်ကျွမ်းပူလောင်နေပါစေ သူ့ကိုတော့ အပူတွေ မကူးစေချင်တာ အမှန်ပါပဲ။ အဲဒီ စေတနာစိတ်လေးက ကိုယ့်အတွက် ဟန်ဆောင်မှုတွေ ပီပြင်အောင် အကောင်းဆုံးသော တွန်းအားတစ်ခုပဲလေ။
အချိန်တွေက သူ့အတွက် ကြာသွားခဲ့ပြီလား? ကိုယ့်အတွက်ကတော့ အရာရာတိုင်းဟာ မနေ့တစ်နေ့ကလိုပါပဲ။ ဘယ်သူ့ဆီကမှ ကော်ပီကူးယူလာတဲ့ စကားလုံးမဟုတ်ပါဘူး။ ကိုယ်ပိုင် ခံစားချက်နဲ့ လေးလေးနက်နက်ပြောတာပါ။ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို ဆိုပေမဲ့ ဝေးနေကြရတာ ကိုယ့်အတွက် နှစ်ပေါင်းတွေမရေမတွက်နိုင်အောင် ကြာလှပါတယ်။
တစ်ခါတစ်ခါ ရောက်လာတတ်တဲ့ သူ့ရဲ့ တစ်ကြောင်းတည်းသော (အစ်ကို့ ညီမလေး ပျော်ရွှင်ပါစေ) ဆိုတဲ့ off line message လေးက ကိုယ့်အတွက် ခံစားမှုတွေ အမျိုးမျိုး ဖန်တီးပေးနိုင်တုန်းပါပဲ။ သူ့ဘက်ကတော့ ဘာမှမဟုတ်တော့တဲ့ တာဝန်ကျေ စကားလုံးတွေပဲ ထင်ပါတယ်။
ဘာပြောရမလဲ။ အရမ်လွမ်းတယ် ဆိုတဲ့စကားက ကိုယ့်ရဲ့ ခံစားချက်အတိမ်အနက်ကို ကောင်းကောင်း သရုပ်မဖော်နိုင်တာတော့ အမှန်ပါ။ ဒီ့ထက်ပိုပြီးတော့လည်း ပြောမပြတတ်ဘူး။ ဒါကြောင့်မို့ စာရေးဆရာတွေ ကဗျာဆရာတွေ သီချင်းရေးဆရာတွေကို ကိုယ်အရမ်းပဲ သဘောကျမိတယ်။ ကိုယ် အဲလိုဖြစ်ခဲ့ရင် …..။ မဖြစ်နိုင်တော့လည်း ဘယ်တတ်နိုင်မလဲနော်။ ဒါကြောင့်မို့ ကိုယ်ပိုင်တဲ့ ကိုယ့်ခံစားချက်တွေ ဖွင့်အန်လို့ရတဲ့ လေပေါ်က ဘလော့အိမ်လေးမှာပဲ ကာရံမရှိတဲ့ စကားလုံးတွေကို စာကြောင်းခွဲပြီး လျှောက်ရေးရင်း ကဗျာလို့ ခေါင်းစဉ်တတ်လိုက်တော့ ကိုယ်ရေးတဲ့ ကိုယ်ပိုင်ကဗျာတွေ ဖြစ်လာတာပဲ။
ကိုယ်ကတော့လေ သူ့ကို အရမ်းသတိရတိုင်း ကဗျာတွေတာ ရေးဖြစ်ရင် (ရေးတတ်ခဲ့ရင်) ကိုယ့်အိမ်လေးမှာ ကဗျာတွေနဲ့ ပြည့်သိပ်နေမှာပဲ..။ သူငယ်ချင်းတွေက ကိုယ့်ကို ခံစားချက်အရမ်းကြီးတဲ့သူတဲ့။ အတိတ်မှာနေချင်တဲ့သူလို့ အမျိုးမျိုး ဝေဖန်ကြတယ်၊ စေတနာနဲ့ အပစ်တင်ကြတယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်ကိုယ်တိုင် ဒီလိုမဖြစ်ချင်ပါဘူး။ ဖြစ်အောင်လည်း ဖန်တီးခဲ့တာမဟုတ်ဘူးလေ။
လွမ်းရင် မျက်ရည်ကျရတာလည်း ကိုယ့်အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုတောင်ဖြစ်ခဲ့ပြီ။ အရင်တုန်းကတော့ ကိုယ့်ကိုယ်ကို အငိုလွယ်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ကြွေးကြော်နိုင်ခဲ့တဲ့သူလေ။ အခုတော့လည်း
…………။
မိန်းမတွေက စွန့်လွှတ်ရရင် ငိုသတဲ့ --- မှန်ပါတယ် ကိုယ့်အတွက်ပေါ့။ ယောက်ျားလေးတွေက အရမ်းချစ်ရင် ငိုသတဲ့ ဒီစကားပုံလေးက သူ့အတွက် မှန်ရဲ့လား။ ကိုယ့်ကို အရမ်းချစ်တယ်လို့ ပြောတတ်လွန်းလို့ပါ။ ကိုယ်ကတော့ သူ့စကားကို မျက်စိမှိတ်ရုံလေး ယုံလိုက်တာမဟုတ်ဘူးနော်။ ဘ၀တစ်ခုလုံး အမှောင်တိုက်ထဲ သွတ်သွင်းပြီး သူ့ကို တစ်သက်လုံး ယုံနေတော့မှာပါ။
ကဗျာတွေရေးတိုင်း ငိုခဲ့ရတယ်။ သီချင်းတွေနားထောင်ရင်းလည်း ငိုတတ်ခဲ့ပြီ။ ဇာတ်ကားတွေကြည့်ရင်းလဲ မျက်ရည်ဝဲတတ်နေပြီ။ ကိုယ်အရမ်း ပျော့ညံ့သွားပြီပဲ။ မင်းဒီတစ်သက်တော့ ကိုယ့်ရဲ့ ဝေဒနာတွေကို လေးလေးနက်နက် ခံစားနားလည်ပေးတတ်မှာမဟုတ်တော့ပါဘူး။ ကိုယ်လောဘမကြီးပါဘူးလေ ကိုယ့်ဘ၀မှာ မင်းကသာ ကိုယ့်စိတ်ခံစားချက်ကို နားအလည်တတ်ဆုံးသူပဲလေ။
ဒီလိုနဲ့ပဲ လွမ်းရင်း ငိုရင်းနဲ့ စွန့်လွှတ်လိုက်ရတဲ့ မင်းကို အေးအေးချမ်းချမ်းနဲ့ အနာဂတ်လှလှလေး ပိုင်ဆိုင်နိုင်ဖို့ ကိုယ်အဝေးကနေပဲ အားပေးအပြုံးတွေနဲ့ ကိုယ့်ဟန်ဆောင်ပျော်ရွှင်မှုတွေနဲ့ မင်းစိတ်အေးအောင် ဆက်ပြီးတော့ မင်းအတွက် နားလည်ရပ်တည်ပေးနေဦးမှာပါ။

1 Comment:

  1. Anonymous said...
    this is my first time reach yr blog and i read this post.
    It makes me feel sad coz yr post rally sames as my past (but he didn't leave any msg or reason when he left me).
    I thought that I could manage to forget him eventually. But in real, doesn't work. I still remember him. Still think about him........
    I hope i can forget about him one day...

Post a Comment



Template by:
Free Blog Templates