သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Tuesday, March 16, 2010


ပူလိုက်တာဗျာ….. ဘန်ကောက်နေကြီးက ဒီလောက်ပြင်းနေတာကို သိရက်နဲ့ ဘာကြောင့်များ ကျွန်တော့်ကို မညှာတာပဲ နှိပ်စက်ထားခဲ့သလဲ မသိပါဘူး။ သူတို့က ချစ်တယ် သဘောကျတယ် ဆိုပြီးတော့ ကျွန်တော့်ကိုခေါ်လာကြတယ်။ အရင်တုန်းကဆို အခုလိုနေရမယ်မှန်းမသိလို့ ကျွန်တော်အရမ်းပျော်ခဲ့မိတယ်။ ရင်လည်းခုန်ခဲ့ရတယ်။
ဒါပေမဲ့ ရင်ခုန်သံတွေပျက်ပြီး ကျွန်တော့်ဘ၀ကို မျှော်လင့်ချက်မဲ့အောင် လုပ်ရက်လေခြင်းလို့ ပြန်တွေး ၀မ်းနည်းရင်း ကျွန်တော် ကျိတ်ပြီး ငိုခဲ့ရ ညည်းညူခဲ့ရတဲ့ နေရက်တွေ မရေတွက်နိုင်လောက်အောင်ပါပဲဗျာ။ ကျွန်တော့်ကို ဘာကြောင့်များ ကိုယ်ချင်းမစာကြသလဲဆိုတာတော့ မစဉ်းစားတတ်အောင်ပါပဲ။
သူတို့တွေပိုင်တဲ့ အိပ်ခန်းထဲမှာ ရှုပ်ပွပေရေအောင်တွေ ကျွန်တော် ဘာမှမလုပ်ခဲ့ရပါဘူး။ သူတို့တွေမုန်းလောက်အောင်လည်း ကျွန်တော်က အဆော့မသန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်ကျေးဇူးရှင် သခင်မလေးကိုတော့ ကျွန်တော်ဘယ်လောက်ချစ်ကြောင်းသိအောင် တစ်ခါတစ်လေ သူ့ခြေထောက်တွေကို ကျွန်တော့်လျှာနဲ့ ယက်ပြီး ချစ်ခင်ကြောင်းပြတတ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ သဘာဝပဲ မဟုတ်လားဗျာ။ သခင်မလေးရဲ့ခြေထောက်ကို ဖွဖွကိုက်တာမျိုး လက်နဲ့ ကျီစယ်ဖက်တွယ် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါတွေက အပြစ်မဟုတ်လောက်ဘူးထင်ပါတယ်။
ဒါပေမဲ့…  ကျွန်တော့်ကို အလျားလေးပေ နဲ့ အနံ တစ်ပေ ကျော်လောက်ပဲကျယ်တဲ့ ၀ရံတာအကန့်လေးမှာပဲ နေခွင့်ပြုတော့တယ်။ မနက်ကနေ နေ၀င်သွားတာတောင် သခင်မလေးရဲ့မျက်နှာကို မမြင်ရတာကြာလှပြီပေါ့။ တစ်နေကုန်တဲ့အထိ ကျွန်တော့်ကို အဲဒီမှာပဲ လှောင်ထားကြပါတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတာပဲဗျာ။ စိတ်ညစ်စိတ်ရှုပ်တာလည်း အရမ်းပါပဲ။ လေးထပ်တိုက်ရဲ့ အပေါ်ဆုံးဝရံတာလေးမှာပဲ နေ့တိုင်းနေပူဒဏ်ခံရင်း နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်းနေရတယ်။ ကျွန်တော့်အနားမှာ ရှိတာဆိုလို့ ကုလားထိုင်တစ်လုံးရယ်၊ သံနဲ့ဆောက်ထားတဲ့ ကျွန်တော့်အိမ်လေးရယ်၊ အခန်းပိုင်ရှင်ကိုကို လှန်းထားခဲ့တဲ့ ၀ရန်တာတံတိုင်ပေါ်က အ၀တ်လေးတွေရယ်ပေါ့ဗျာ။ အဆိုးထဲက အကောင်းတစ်ခုက အဲဒီကိုကိုက နေ့တိုင်းအ၀တ်လျှော်ပြီး လှန်းခဲ့တာလေးက ကျွန်တော့်အတွက် ကြီးမားတဲ့ ကံကောင်းခြင်းလို့ ပြောရမှာပေါ့။ အဲဒီအ၀တ်တွေရဲ့အရိပ်အောက်မှာ နားခိုရင်း ကျွန်တော်နေပူဒဏ်ကို ခုခံနေရတာလေ။
တစ်ခါတစ်ခါ ကျွန်တော့်ဘ၀အကြောင်းကိုတွေးမိတယ်။ အိမ်မွေးခွေးကလေးဖြစ်ရတာ သခင်တွေရဲ့ ယုယမှုအောက်မှာ ကြည်နူးရမလားပေါ့။ အခုတော့ဗျာ တိုက်အောက်မှာ ပေါ့ပေါ့ပါးပါးဆော့ကစားနေကြတဲ့ အလေအလွင့်ခွေးတွေထက်တောင် ကျွန်တော့်အဖြစ်က ဆိုးလိုက်တာ အညောင်းအညာပြေ လမ်းလျှောက်ချင် ခုန်ချင်ဆော့ချင် ပေမဲ့လည်း အဲဒီ 4 ပေအလျားလေးက ကျွန်တော့် တစ်ခုန်စာလောက်တောင်မှ မရှိတာ..
နေအေးတဲ့ ညနေစောင်းချိန်ဆို ကျွန်တော်ထိုင်ပြီး အောက်ကို ကြည့်နေရင်း စဉ်းစားမိတယ် သိလား။ ဒီတိုက်ပေါ်ကနေ ခုန်ချလို့ရရင် ကောင်းမှာပဲဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော် မခုန်ရဲဘူး တိုက် ၄ ထပ်တိုက် အမြင့်ကြီးလေ။ ကျွန်တော် အရမ်းစိတ်ရှုပ် စိတ်ဓါတ်ကျတာမှန်ပေမဲ့ သေတွင်းနဲ့နီးတဲ့ စွန့်စားမှုကိုတော့ ကျွန်တော် မလုပ်ရဲပါဘူး။
 ကျွန်တော်နေတဲ့တိုက်ရှေ့မှာ ခြံလွတ်တစ်ခြံရှိသေးတယ်။ ငှက်ကလေးတွေ ပျော်တဲ့ ခြံလေးပေါ့။ မန်ကျည်းပင်ကြီးတစ်ပင်နဲ့ မြက်ပင်တွေရှိတယ်။ အဲဒီခြံလေးမှာ ကစားရရင်တောင် ကျွန်တော် အရမ်းပျော်မှာပဲ။ ငှက်လေးတွေကိုလည်း လိုက်ဖမ်းရင်း ဆော့ကစားလို့ရတယ်လေ။
အိမ်မွေးခွေးတွေ တော်တော်များများ သူတို့သခင်တွေနဲ့ ညနေစောင်းမှာ လမ်းလျှောက်ထွက်တာကို မြင်တိုင်း ကျွန်တော် အတိုင်းအဆမဲ့ ၀မ်းနည်းရတယ်။ ကျွန်တော် ဒီလိုအဖြစ်ဆိုး ဘ၀ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာလဲဗျာ။ ခံစားရလွန်းလို့ ကျွန်တော်စိတ်တွေပင်ပန်းလှပ်ပြီ အာရုံတွေလည်း ထိုင်းမှိုင်းကုန်ပါပြီ
ဒါပေမဲ့လည်း ကျွန်တော်မှ ဘာမှမတတ်နိုင်ပဲလေ။ သူများတွေရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ရပေမဲ့ ကံအကျိုးပေးမွဲလို့ ကြင်နာတတ်သလိုလိုနဲ့ ရက်စက်တတ်တဲ့ အရှင်သခင်မျိုးနဲ့ တွေ့ရတာပေါ့။ အမှန်တော့ ကျွန်တော့်ရုပ်လည်း မဆိုးပါဘူး။ အညိုရောင်ပေါ်မှာ မဖြူနဲ့ အနက်ရောင်အကွက်ကလေးရှိတဲ့ ဆံမွေးကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် ကုတ်နေတဲ့ နားရွက်လေးနဲ့ မျက်လုံးဝိုင်းပြီး သနားစဖွယ်မျက်နှာပေါက်နဲ့ပါ။ လူတွေပြောနေကြသလိုပေါ့ဗျာ ချစ်တဲ့ ကြင်နာတတ်တဲ့အကြည့်နဲ့ကြည့်ရင် လူတိုင်း (အဲ မှားလို့) တိရိ စ္ဆာန်တိုင်းက ချစ်စဖွယ်လေးတွေပါ။ ရွံမုန်းတဲ့အကြည့်နဲ့သာ ကြည့်ကြမယ်ဆိုရင် အဆိုးတွေချည်းပဲမြင်ကြမှာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆန်းတာတစ်ခုကတော့ ချစ်လို့ဆိုပြီး တကူးတက ၀ယ်မွေးထားတဲ့ ကျွန်တော့်ကို ဘယ်အငြှိုးကြောင့်များ မကြင်နာဘဲ ရက်စက်ထားနိုင်သလဲဆိုတာ ကျွန်တော့်ရင်ထဲမှာ နေ့တိုင်းစဉ်းစားရင်း အဖြေရှာမရနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ဗျာ
ဒီပုစ္ဆာရဲ့အဖြေကို ရှာလို့မရနိုင်မှန်းသိရက်နဲ့ တစ်နေ့တာရဲ့ နေပူဒဏ်ကို ၀ရံတာပေါ်မှာ ကြံ့ကြံ့ခံရင်း ကျွန်တော့်ရဲ့မနက်ဖြန်ပေါင်းများစွာတွေကို ဆက်ပြီးဖြတ်သန်းနေရင်း သတ္တ၀ါတွေအားလုံး ကျွန်တော့်လို လှောင်ပိတ်ခံနေရတဲ့ ဘ၀မှ ကင်းဝေးပါစေ၊ ချစ်တာတစ်ခုထဲ သိပြီး မကြင်နာတတ်တဲ့သူတွေနဲ့လည်း ဝေးကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ဗျာ….
ဒီပို့စ်လေးကတော့ ကျွန်မနေတဲ့တိုက်ရဲ့ရှေ့က သနားစရာကောင်းတဲ့ ခွေးကလေးတစ်ကောင်အကြောင်းကို ကိုယ်ချင်းစာစိတ်ဖြင့်ရေးလိုက်တာပါ။ နေ့တိုင်း သူ့ကို မြင်နေရတာ ကျွန်မလည်း သနားပေမဲ့ ဘယ်လိုအကူအညီမှ မပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ တစ်တိုက်နဲ့တစ်တိုက် အဆက်အဆံတွေ ခင်မင်မှုတွေမရှိကြလို့ တစ်ခြံကျော်သာသာဝေးပေမဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိကြပါဘူး။
မှတ်ချက်။ ။ အခုတလော ကွန်ပျူတာက အင်တာနက်လက်မခံလို့ အခက်အခဲတွေနဲ့ ဗျာများနေပါတယ်။ ဒီပို့စ်ကိုတောင် သူငယ်ချင်းကျောင်းသွားခိုက် သူ့ကွန်ပျူတာ ခဏငှားသုံးပြီး တင်ရတာလေ။ လာလည်သူများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင်။ 
ခင်မင်စွာဖြင့် 
သံယောဇဉ်



3 Comments:

  1. သော်ဇင်စိုး said...
    ခွေးလေးအပေါ် ကိုယ်ချင်းစာစိတ်လေးကို လေးစားမိပါတယ်ခင်ဗျား ဒီလိုကြင်နာစိတ်လေးတွေကို မြင်ရတာ ပျော်ဖို့လည်းကောင်းပါတယ် အမြဲအားပေးနေပါ့မယ် ....
    သော်ဇင်စိုး said...
    This comment has been removed by a blog administrator.
    ဝေယံ said...
    တကယ်တော့ ဘယ်တိရိစ္ဆာန်ပဲဖြစ်ဖြစ် လှောင်အိမ်ထဲမှာပျော်ကြမှာမဟုတ်ဘူးနော်။
    အပြင်မှာ ပဲနေချင်ကြမှာ။
    ခွေးလေး သနားစရာကောင်းတယ်ဗျ။
    သူရှုဒေါင့်ကနေအခုမှဝင်ကြည့်ပေးဖူးတယ်။

Post a Comment



Template by:
Free Blog Templates