သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, March 5, 2010

တစ်ပတ်တစ်ခါ မမြင်ရ
နေလို့မရတဲ့ ကိုယ့်ဘ၀ပါ။

အနားမှ ဘယ်မခွါ
နေချင်တာ ဆန်ဒအမှန်မို့…
ရိုရိုသေ ဆိုချင်သေး
ပေးပါတော့ ခွင့်ပြုချက်လေး…

ချစ်နေတာ ရင်ထဲကပါ
အပြစ်မမြင် ကြင်လှည့်ပါလား။ 



သူငယ်ချင်းချစ်သူစုံတွဲလေးကို စနောက်ရေးဖွဲ့ထားတာပါ။ သူတို့တွေက ကျွန်မတို့ထဲမှာ အချစ်ကံကောင်းတဲ့ စုံတွဲလို့ သတ်မှတ်ခံထားရတဲ့ အတွဲပေါ့။ တစ်မြို့ထဲကျောင်းမှာ အတူတူတက်ကြတော့ ကျောင်းပိတ်ချိန်မှာဆိုရင် တစ်ခြားကျောင်းက ကိုယ်တော်ပေါ့ ကျွန်မသူငယ်ချင်းရှိတဲ့ အရပ်ဆီကို ဇွဲရှိရှိနဲ့ အပါတ်တိုင်းလာတယ်။ မလာပါနဲ့လို့ မတားမချင်း မရပ်ဘူးဗျို့(ကတ်တရာလမ်းကြီးသာ ချောင်းပေါက်တတ်ရင် ကျွန်မတို့ကျောင်းနဲ့ သူ့ကျောင်းတွေကြား ပင်လယ်ကြီး ဖြစ်လောက်ရောပေါ့) သာမန်ဆိုဝေးတဲ့ ခရီးတိုလေးတစ်ခုပါ။ အချစ်စိတ်နဲ့စီးလာတော့ အနီးကလေးလို ဖြစ်နေမှာပေါ့ရှင်။ bus စီးပြီးလာရတာ။ တစ်ခါတစ်လေ မလာပါနဲ့လို့သာ ပြောမိရင် လွမ်းပြလိုက်တာ ကိန်နရီ ကိန်နရာတွေထက်တောင် စာဆိုလောက်တယ်။ အဲဒါကြောင့် အချဉ်ပေါက်လို့ ရွဲ့ရေးလိုက်တာ ဟယ် ဟယ်. အမှန်တကယ် ၀န်ခံရရင် အားကျလို့ပါရှင်. ကိုယ့်မှာက...... ပြောတော့ပါဘူးလေ။ သိပြီးသားပဲ မဟုတ်လား။ အနောက်အပြောင်သက်သက် မဟုတ်ပါဘူးရှင်။ သူကိုယ်တိုင် (ယောကျာ်းလေး) က ကျွန်မကို ခဏခဏပြောပါတယ်။ သူ့ချစ်သူကို သူဘယ်လောက်ချစ်ကြောင်းကဗျာရေးပေးပါတဲ့။ ဒါကြောင့် ဒါလေးနဲ့ ပထမဦးဆုံး ထောပနာ ပြုလိုက်တာ။ ကဗျာဆရာမ မှမဟုတ်တာ ကဗျာရေးခိုင်းနေတော့ ဒါလေးရေးပေးလိုက်တာ အေးရော။ နောက်တစ်ခါ မရေးခိုင်းရဲလောက်တော့ဘူးထင်ပါ့။။ ဘာတွေ ပြောနေမှန်းလည်း မသိတော့ဘူး။ အမှန်က တင်စရာပို့စ် အတွေးမှာ မရှိလို့ ဆားချက်လိုက်တာ။ ဆားချက် တဲ့အဓိပ်ပါယ်တော့ ကောင်းကောင်းမသိပါဘူး။ တကယ်လည်းမချက်တတ်ပါဘူး  ဒါပေမဲ့ လူရှိန်အောင်လို့လေ အဲလိုပြောကြည့်တာ။ စကားစဖြတ်ပါတော့မယ်ရှင့်...... အားလုံးအဆင်သင့်နေရာယူ နားဆင်ကြပါ။။။။ ဖြတ်ပြီနော် ........ စာဖတ်ပရိတ်သတ်များကို လေးစားစွာ နှုတ်ဆက်အပ်ပါသည်ရှင့်......

မှတ်ချက်။ ။ ပုံလေးတင်ဖို့ ကောင်မလေးကို သင့်တော်တဲ့ပုံ ရှာပေးပါဆိုတော့ သူက နေကြာပန်းပုံလေးရှာပေးသတဲ့။ အဓိပ်ပါယ်နဲ့တဲ့။ သိတာပေါ့...ခွင့်ပြုချက်တောင်းတဲ့ ဟိုကိုယ်တော်တော့ စောင့်လေကြာလေဖြစ်တော့မှာထင်ပါ့။ 

ပြုံးပျော်ကြည်နူးနိုင်ပါစေ.....

1 Comment:

  1. လိုင် said...
    ဆားချက်တာကြည့်သွားတယ်

Post a Comment



Template by:
Free Blog Templates